စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ဘေးရွာများဖြစ်သည့် မြင်းဆည်ကျေးရွာအုပ်စုအတွင်းသို့ စက်တင် ဘာ ၁၄ ရက်တွင် စစ်တပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၄ ဦးအား သတ်ဖြတ်ခဲ့သလို ကျေးရွာ ၇ ရွာမှ ဒေသခံ ၁ သောင်းကျော် စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
သတ်ဖြတ်ခံရသူများမှာ မြင်းဆည်ကျေးရွာမှ ကိုတေဇာဦး၊ ကိုကျော်ထွန်းနိုင်၊ ကိုသိန်းဇော်၊ ကိုဇော်မင်းတို့ဖြစ်ပြီး မြင်း ဆည်ကျေးရွာအုပ်စုအတွင်းရှိ သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လက်ပန်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာကျေးရွာ များမှ ဒေသခံ ၁ သောင်းကျော်မှာလည်း မိုးရွာသွန်းနေသည့်ကြား လယ်ကွင်းအင်းရေပြင်များကို ဖြတ်ကာ ထွက်ပြေး ကြရကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “၇ ရွာတန်း တအုပ်စုလုံး ပြေးနေကြရတယ်။ ပြည်သူ ၄ ယောက် လည်း အရှင်ဖမ်းမိပြီးတော့ အသတ်ခံရတာ။ ၇ ရွာတန်း အုပ်စုတခုလုံးကို PDF ရွာတွေဆိုတဲ့ ခေါင်းစဉ်နဲ့ အပြတ်ရှင်းဖို့ အတွက် စစ်ကြောင်းထိုးလာတာမျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြေးပေါက် မရှိအောင် လေးဘက်လေးတန် ပိတ်ဆို့ပြီး အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာကြတာ။ အင်အားအလုံးအရင်း သုံးပြီး ဖြိုခွင်းအပြတ်ရှင်းတာ မျိုးပဲ၊ အဲဒီရွာတွေဘက်မှာ တိုက်ပွဲဖြစ်တာမျိုး လုံး၀ မရှိဘဲနဲ့ စစ်ကြောင်း ထိုးလာကြတာပါ” ဟု ပြောသည်။
လက်ရှိအချိန်တွင် သေဆုံးသူများ၏ အလောင်းများအား မကောက်နိုင်သေးသလို၊ စစ်ကောင်စီတပ်များ ရှိနေသေး သဖြင့် နယ်မြေရှင်းလင်းရေးလည်း မလုပ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “သေဆုံးတဲ့သူတွေက ရွာနားမှာ အခြေအနေ စောင့်ကြည့်ဖို့ ကျန်ရစ်ခဲ့ကြတဲ့သူတွေပါ၊ စစ်ကြောင်းက ရွာထဲက ကြက်တွေကို ချက်စားဖို့ လိုက်ဖမ်းနေတဲ့အချိန်မှာ အားလုံးပေါင်း ၆ ယောက် အဖမ်းခံလိုက်ရ တာ။ ၂ ယောက်က ထွက်ပြေးလွတ်မြောက်လာပြီး အခြေအနေတွေကို ပြောပြလို့ သိရတာ။ ပြည်သူတွေပါလို့ အကြိမ် ကြိမ်အခါခါ ပြောနေလျက်နဲ့ မင်းတို့တရွာလုံး PDF တွေချည်းပဲလို့ စွပ်စွဲပြီး သတ်ပစ်လိုက်ကြတာ” ဟု ပြောသည်။
မြင်းဆည်ကျေးရွာအုပ်စုသည် ကျေးရွာ ၇ ရွာ တဆက်တည်း တည်ရှိသော ဧရာဝတီမြစ်ကမ်းဘေး၌ သီးခြားတည်ရှိ နေသည့် စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာများဖြစ်ပြီး ဝင်လမ်းထွက်လမ်းအနေဖြင့် မြင်းဆည်- ရွာသစ်ကြီးကျေး ရွာချင်းဆက် လမ်းတလမ်းတည်းသာ ရှိကြောင်း သိရသည်။
မြင်းဆည်ကျေးရွာမှ စစ်ဘေးရှောင်တဦးက “ကျနော်တို့ ရွာတွေက ညာဘက်မှာက ဧရာဝတီမြစ်၊ ဘယ်ဘက်မှာကျ တော့ ဧရာဝတီမြစ်ပေါက်ကနေ ရေလျှံပြီး မြစ်ရေဝင်နေတဲ့ ရေလျှံအင်းဖြစ်နေတာမို့ တသီးတခြား ဖြစ်နေတာ။ ပြောရ မယ်ဆိုရင် ကုန်းတွင်းပိတ်လိုမျိုး ဖြစ်နေတဲ့ ရွာတွေပေါ့၊ အခုက မိုးတွင်းဆိုတော့ ပတ်ပတ်လည် ရေတွေ ဝင်နေတာမို့ ထွက်လမ်းက မြင်းဆည်ရွာကနေ ရွာသစ်ကြီးကို သွားလို့ရတဲ့ လမ်းတလမ်းပဲ ရှိတယ်။ သူတို့ စဝင်လာကတည်းက လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီးမှ ဝင်လာကြတာဆိုတော့ ပြေးကြရတာပေါ့” ဟု ပြောသည်။

အဆိုပါ ကျေးရွာများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရွာ ဟု စွပ်စွဲချက်ဖြင့် ပျူစောထီး၂၀၀ ကျော် ပါဝင်သော တပ်မ ၃၃၊ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ပူးပေါင်း အင်အား ၄၀၀ ကျော်နှင့် ရွာသစ်ကြီးဘက်မှ ခြေ လျင်ထွက်ခွာလာသည့် စစ်ကြောင်းတကြောင်း၊ ညောင်ရင်းကျေးရွာဘက်မှနေ၍ ပိတ်ဆို့ကာ ဝင်ရောက်လာသည့် စစ် ကြောင်းတကြောင်း၊ မြင်းမူမြို့နယ် ညောင်ပင်ဝန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် တံတားဦး၊ မောင်းထောင်၊ ထိန်ခုံကျေးရွာများအထိ ဆင်း၍ ပိတ်ဆို့ ဝင်ရောက်လာသည့် စစ်ကြောင်း တကြောင်း၊ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ဘက်ကမ်းမှ ဧရာဝတီမြစ်ကို စက်လှေများဖြင့်ကူးကာ ထိုးလာသည့် စစ်ကြောင်း တကြောင်း စုစုပေါင်း ၄ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ခြင်းဟု သိရသည်။
စစ်ကိုင်းမြို့နယ် အခြေစိုက် People Revolution Force Kyaukse မှ သတင်းပြန်ကြားရေး တာဝန်ခံက “အခုက စစ် ကြောင်း ၄ ကြောင်း တပြိုင်တည်း ထိုးနေတာ။ လေးဘက်လေးတန် ရေကြောင်း၊ ကုန်းကြောင်းနဲ့ ထိုးနေကြတာပါ” ဟု ပြောသည်။
ထိိုသို့ စစ်ကြောင်းများ ဝင်ရောက်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဆင်ထားသည့် မိုင်းကွင်းရောက်ရှိချိန်၌ မိုင်းဆွဲတိုက်ခိုက်မှုကိုသာပြုလုပ်နိုင်ခဲ့ပြီး လူအင်အား၊ လက်နက်အင်အား မမျှသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် အပြန်အလှန် တိုက်ခိုက်နိုင်ခြင်းမျိုး မရှိခဲ့ဟု ၎င်းက ဆိုသည်။
မြင်းဆည်ကျေးရွာမှ စစ်ဘေးရှောင်တဦးကလည်း “စစ်ကြောင်းက ထွက်လို့ရတဲ့ မြင်းဆည်အုပ်စုနဲ့ ရွာသစ်ကြီးလမ်းကို ပိတ်ပြီး ဆင်းလာတာမို့ ပြည်သူတွေက ရှိသမျှပစ္စည်းတွေ အကုန်ထားခဲ့ပြီးတော့ လူတွေချည်းပဲ အလွတ်ပြေးကြရတာ၊ လေးဘက်လေးတန် ပိတ်ဆို့ထားတာမို့ မိုးထဲရေထဲမှာ ရေလမ်းမပေါက်၊ ကုန်းလမ်းမပေါက် ဒူးလောက်ထိမြုပ်တဲ့ လယ်ကွင်းတွေ အင်းရေပြင်တွေ နွံတွေ ဖြတ်ပြီး ဘေးလွတ်ရာကို ပြေးကြရတာပေါ့” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ကျေးရွာများအား ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူအချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများရှိကြောင်း၊ ယနေ့ညနေပိုင်းထိ စစ်ကြောင်းများ ပြန်လည် ထွက်ခွာခြင်းမရှိသေးဘဲ မြင်းဆည်ကျေးရွာ ၇ ရွာတန်းအုပ်စုတွင် ဝင်ရောက်အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။
You may also like these stories:
နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ