တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ကျေးရွာများသို့ စက်တင်ဘာ ၁၅ရက်မှစ၍ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက္ကူးရွာဘုန်းကြီးကျောင်းရှိ စစ်ရှောင်ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းထားကြောင်း ဒေသခံများထံမှ သိရ သည်။
ပုလောဒေသခံတဦးက “၁၅ ရက်နေ့မှာ တိုက်ပွဲစဖြစ်တော့ ဒေသခံတွေက လက္ကူးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေ တဲ့အချိန် စစ်ကောင်စီတပ်ကလည်း ဘုန်းကြီးကျောင်းမှာ တပ်စွဲဖို့လာလုပ်တော့ စစ်ရှောင်တွေကို တွေ့သွားပြီး လူသား ဒိုင်းလုပ်ပြီး ဖမ်းလိုက်တာ။ ပုလောရဲစခန်းမှာဖမ်းတာလား။ ပုလောအခြေစိုက် ၂၈၅ ထဲမှာ ဖမ်းတာလားဆိုတာ သေချာ မသိဘူး။ဖမ်းသွားတဲ့ထဲမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေများမယ်။ ပုလောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်တွေကို ဖမ်းသွားတာပါ” ဟု ပြောသည်။
ဖမ်းထားသည့် လူ၁၀၀ ကျော်အား တဦးလျှင် ကျပ် ၅ သိန်းဖြင့် ပြန်ရွေးရန် အကြောင်းကြားသော်လည်း လက်ရှိအချိန်ထိ ပြန်လွတ်လာသူ မရှိသေးကြောင်း၊ ပုလောမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် တပ်များမှာ ပုလောမြို့နယ် အခြေစိုက် ခလရ ၂၈၅တပ်နှင့် မြိတ်မြို့နယ် ခလရ ၁၀၃ တပ်တို့မှ ဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိကာ လက္ကူးရွာရှိ နေအိမ် ၁၂ လုံး ၊ ပြင်းဖြူရွာမှ နေအိမ် ၃ လုံး အားမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းက ပုလော မြို့နယ် မြဒေါင်(မဒေါင်)ကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်တပ်ရင်း (၁) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက “အဓိကကတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်လေ့ဖြစ်ထရှိတယ်။ ပင်လယ်ပိုင်းရွာတွေမှာတော့ တိုက်ပွဲ ဖြစ်လေ့ဖြစ်ထမရှိဘူး။ ပြည်ထောင်စုလမ်းကို မထိန်းချုပ်နိုင် တဲ့အခါမှာ ရေလမ်းကို ထိန်းချုပ်တယ်လို့ပဲထင်တယ်။ တိုက်ပွဲဖြစ်တာကတော့ မြိတ်ခရိုင်တပ်ရင်း (၁) နဲ့ဖြစ်တာပါ” ဟု ပြောသည်။
ပြည်ထောင်စုလမ်းမကို မထိန်းချုပ်နိုင်သော စစ်ကောင်စီတပ်သည် ပင်လယ်အနီးရှိ ရွာများသို့ဝင်၍ တပ်စွဲရန် ကြိုးစားလာ ခြင်းဖြစ်ကြောင်း၊ လက္ကူးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင်တပ်ရင်း (၁) အပါအဝင် ဒေသခံပြည်သူ့ ကာကွယ် ရေး တပ်များအကြား စက်တင်ဘာလ ၁၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး ယနေ့တွင်လည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။
ပုလောမြို့နယ် လက္ကူရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က မြေပြင်မှစစ်ကြောင်းထိုး နေသလို ပင်လယ်ဝရှိ စစ်သင်္ဘာပေါ် မှလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက လက္ကူးရွာဒေသခံ အမျိုးသားတဦး သေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် လက္ကူးရွာရှိ မိသားစု ၄ ဦးတို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လက္ကူးကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၁၂၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်သည် ပင်လယ်ဆိပ်ကမ်းကျေးရွာများဖြစ်သော လက္ကူး၊ မှော်ကြောင်း၊ ပိတပ်၊ မြဒေါင်၊ ကျောက္ကာရွာတို့ကို ကုန်းလမ်းနှင့် ရေလမ်းကပါ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက် ဖမ်းဆီးမှုများကြောင့် ဒေသခံထောင်နှင့်ချီ၍ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။
စက်တင်ဘာလ ၁၅ ရက်မှ ၁၆ရက်နေ့ အထိ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း၏ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
You may also like these stories:
တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ
တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်
တနင်္သာရီတွင် စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်
ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်
တနင်္သာရီအခြေစိုက် ဒုတိုင်းမှူးနှင့် နယ်လုံဝန်ကြီးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး