မြန်မာတွင် အဓိကအားဖြင့် ဥပဒေမဲ့ နယ်စပ်ဒေသများနှင့်ပတ်သက်သည့် အွန်လိုင်းငွေကြေးလိမ်လည်မှုများသည် ယခုအခါ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း ရုံးခန်းများ ဖွင့်လာကြသည်ဟု လွတ်လပ်သောအာရှအသံ (RFA) က ဖေါ်ပြသည်။
ထိုအွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းလုပ်ကိုင်သူများသည် ကျဆင်းနေသော စီးပွားရေးတွင် ရုံးခန်းနေရာ ဈေးပေါခြင်းကိုသာမက ပညာတတ်အလုပ်လုပ်မဲ့ ရန်ကုန်ဒေသခံများ အကန့်အသတ်မရှိ ရနိုင်ခြင်းကိုလည်း အသုံးချကြခြင်းဖြစ်သည်ဟု RFA ကပြုလုပ်သည့် စုံစမ်းမှုက ဖေါ်ပြသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တဘက်ကမ်းမှ တရုတ်လူဆိုးဂိုဏ်းများ ထိန်းချုပ်ထားသည် မြို့ဖြစ်သော ရွှေကုက္ကိုလ်မှ အွန်လိုင်းလိမ်လည်မှုများနှင့်မတူဘဲ ရန်ကုန်အခြေစိုက် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများသည် သမားရိုးကျ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ရှိပြီး အလုပ်သမားများကိုလည်း ညှင်းပမ်းနှိပ်စက်ခြင်းမရှိဟု ထိုသတင်းက ဖေါ်ပြသည်။
အွန်လိုင်းအရောင်းလုပ်ငန်းအတွက် အလုပ်အကိုင်ကြော်ငြာတခုကို တုံ့ပြန်ခဲ့ပြီး မက်ဆေ့အပလီကေးရှင်းမှ မေးခွန်းအနည်းငယ်မေးကာ မိနစ်ပိုင်းအတွင်း အလုပ်ရသွားသော လူငယ်တဦးကို RFA မြန်မာပိုင်းက တွေ့ဆုံမေးမြန်းခဲ့သည်။
ထိုသို့ငှားလိုက်သော လူသစ်များကို ရန်ကုန်မြို့လယ်မှ ခေတ်မီရုံးခန်းအဆောက်အအအုံ MMB တာဝါသို့ စေလွှတ်သည်။ ထိုလူသစ်များသည် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ တရုတ်နှင့်ထိုင်းမှ အခြားသူ ဆယ်ပေါင်းများစွာနှင့်အတူ လုပ်ကိုင်ကြရသည်။
MMB တာဝါသည် လုပ်ငန်းရှင် ဦးကျော်ဝင်း ပိုင်ဆိုင်သည့် မြန်မာမေဖလားဝါးဘဏ် ရုံးချုပ်ဖြစ်ခဲ့ဖူးသည်။ ငွေကြေးခဝါချမှုအတွက် ထိုဘဏ်ကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူပြီးနောက် ၂ နှစ်အကြာတွင် ထိုအချိန်က စစ်အုပ်ချုပ်သူများက ပိတ်ပစ်ခဲ့သည်။
MMB တာဝါ၏ ပဉ္စမထပ်သည် Yangon Airways ၏ ရုံးခန်းဖြစ်ခဲ့ဖူးသော်လည်း ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်ပြီး Win Win International E-commerce အမည်ရှိ ကုမ္ပဏီတခုက ထိုနေရာမှတဆင့် လုပ်ငန်းမှတ်ပုံတင်သည်။MMB တာဝါတွင် အကြီးအကျယ် ပြုပြင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ထိုနေရာမှ အလုပ်အကိုင်များအတွက် ကြော်ငြာများ Facebook, Telegram and Viber တွင် စတင် ပေါ်လာသည်။
၎င်းတို့ကို ဒါဇင်ဝက်ခန့်အထိ များပြားသော လူမှုကွန်ရက်အကောင့်တုများပေးကာ ထိုအကောင့်တုများကို သုံးပြီး အလားအလာရှိသော အချစ်ဇာတ်လမ်းနှင့် ဘဏ္ဍာရေးလိမ်လည်မှု သားကောင်ကို ဆက်သွယ်ရန် စေခိုင်းကြောင်း RFA မြန်မာပိုင်းက တွေ့ဆုံမေးမြန်းခဲ့သည့် ထိုဝန်ထမ်းများက ပြောသည်။
လစာမှာ ကျပ်ငွေ ၄၅၀၀၀၀ (၁၂၉ ဒေါ်လာ) ဖြစ်သောကြောင့် အနိမ့်ဆုံးလုပ်အားခမှာ တနေ့လျှင် ၄၈၀၀ ကျပ်သာ ရှိသော မြန်မာတွင် ဆွဲဆောင်မှုရှိသည့် လစာဖြစ်သည်။ အလုပ်သမားများသည် အဝင်အထွက် လက်မှတ်ထိုးနေသမျှ ၎င်းတို့စိတ်တိုင်းကျ သွားလာနိုင်ကြသည်ဟု ထိုဝန်ထမ်းများပြောသည်။
RFA သည် ရန်ကုန်မှ ရှော့ပင်းမောတခု၊ ကွန်ဒိုမီနီယံအခန်းများပါဝင်သည့် အထပ် ၂၃ ထပ်မြင့် ရုံးခန်းတာဝါတခုဖြစ်သည့် Junction City တွင် အွန်လိုင်းငွေကြေးလိမ်လည်သူများကို လူသစ် စုဆောင်းသူအဖြစ် ၂ လ လုပ်ကိုင်ဖူသည်ဆိုသည့် လူတဦးနှင့်လည်း စကားပြောခဲ့သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာအရ မြန်မာတနိုင်ငံတည်းမှ အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းတွင်ပင် လူပေါင်းအနည်းဆုံး ၁၂၀၀၀၀ ကို အတင်းအကျပ် အလုပ်စေခိုင်းနေကြောင်း သိရသည်။
ကိုးကား။. ။ Bangkok Post မှ More scammers setting up shop in Yangon
You may also like these stories:
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား
မြန်မာ့ မတည်ငြိမ်မှုနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ အဆက်အစပ်
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး