အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ စစ်တပ်များသည် ၎င်းတို့၏ ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံတွင် အင်္ဂါနေ့က ပြုလုပ်ပြီး အာဆီယံက မြန်မာစစ်ကောင်စီ ခေါင်းဆောင်များကို ပိတ်ပင်ထားစေကာမူ မြန်မာမှ ကိုယ်စားလှယ်တဦး တက်ရောက်သည်။
အာဆီယံနိုင်ငံများသည် နိုင်ငံစုံကာကွယ်ရေး လေ့ကျင့်မှုများတွင် ယခင်က ပါဝင်ဖူးသော်လည်း ယခုတကြိမ်သည် အဖွဲ့ဝင်နိုင်ငံများသာ ပူးတွဲပြုလုပ်သည့် ပထမဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ အာဆီယံသည် မြန်မာမှ ဖရိုဖရဲအခြေအနေများ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုစသည့် ဒေသတွင်းမှ အဓိကပြဿနာများနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်ခြင်း မရှိဆိုသည့် ယူဆချက်များကို တိုက်ပွဲဝင်နေရသည်။
သို့သော် ယခု စစ်ရေးလေ့ကျင့်မှုများသည် တိုက်ခိုက်ရေးလေ့ကျင့်မှုများ မဟုတ်ဘဲ အဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့များသည် လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် ကူညီရေး၊ ကယ်ဆယ်ရေးနှင့် ပူးတွဲရေကြောင်း ကင်းလှည့်ခြင်း စသည့်နယ်ပယ်များတွင် လေ့ကျင့်ခြင်း ဖြစ်သည်။
“ညီညွတ်ခြင်းအားဖြင့် ကျနော်တို့ဟာ ပြည်သူတွေအလိုကျ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မယ်” ဟု အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ မာဂိုနိုယူဒိုက ဘန်တမ်ကျွန်းတွင် သတင်းထောက်များကို ပြောသည်။
မြန်မာအပါအဝင် အဖွဲ့အတွင်းမှ နိုင်ငံအားလုံး၏ တပ်ဖွဲ့များသည် ငါးရက်ကြာ အာဆီယံ သွေးစည်းခိုင်မာရေး စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြောင်း သူပြောသော်လည်း မြန်မာပါဝင်သည့် အတိုင်းအတာကို အသေးစိတ် ပြောကြားခြင်း မရှိပေ။
အကျပ်အတည်း ကျရောက်နေသော မြန်မာနိုင်ငံသည် ဘန်တမ်ကျွန်းတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားတွင် စစ်သံမှူးတဦးကို ကိုယ်စားပြု တက်ရောက်စေသည်။
မြန်မာသည် စစ်ရေးလေ့ကျင့်မှုအတွင်း လေ့လာသူအဖြစ်သာ တက်ရောက်သည်ဟု အမည်မဖော်လိုသော အင်ဒိုနီးရှား စစ်အရာရှိတဦးက ပြောသည်။
မြန်မာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်ကဖြုတ်ချပြီး ဆန့်ကျင်သူများကို သွေးချောင်းစီး နှိမ်နင်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ပြီး လူအသေအပျောက်များသော အကြမ်းဖက်မှုများကြောင့် ဖရိုဖရဲ ဖြစ်နေသည်။
စစ်ကောင်စီခေါင်းဆောင်များကို ထိုအချိန်မှစတင်ပြီး အာဆီယံ အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားကာ ထိုအကျပ်အတည်းကိုဖြေရှင်းပေးရန် အဖွဲ့၏ အားထုတ်မှုများသည်လည်း ယခုအချိန်အထိ အရာမရောက်သေးပေ။
ထိုစစ်ရေးလေ့ကျင့်မှုများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်သြဇာ ထူထောင်လာခြင်းကို တန်ပြန်ရန် ရည်ရွယ်သည်ဆိုသည့်အချက်ကို အင်ဒိုနီးရှားက ငြင်းဆန်သည်။ တောင်တရုတ်ပင်လယ်ကို ဘေဂျင်းက ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု ပြောဆိုထားသည်။
တရုတ်နိုင်ငံသည် ၎င်းတို့ပိုင်သည်ဟုဆိုသည့် ရေလမ်းများသို့ ဝင်ရောက်ခြင်းဖြင့် အင်ဒိုနီးရှားနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများကို ဒေါသထွက်စေသည်။
တရုတ်နိုင်ငံသည် ထိုဒေသတွင် ကျွန်းတုများ တည်ဆောက်နေပြီး စစ်ဘက်အဆောက်အအုံများ၊ လေယာဉ်ပြေးလမ်းများ တည်ဆောက်နေသည်။
ကနဦးတွင် စစ်ရေးလေ့ကျင့်မှု စီစဉ်သူများက အာဆီယံ သွေးစည်းခိုင်မာရေး စစ်ရေးလေ့ကျင့်မှုကို မြောက်ပိုင်း နာတူနာ ပင်လယ်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ထိုကျွန်းသည် အင်ဒိုနီးရှား၏ သီးသန့်စီးပွားရေးဇုန်အတွင်း ကျရောက်သည်ဟု အင်ဒိုနီးရှားက ပြောသည်။
သို့သော် တရုတ်ကလည်း ထိုဒေသသို့ ကင်းလှည့်သင်္ဘောများ အခါအားလျော်စွာ စေလွှတ်ပြီး ထိုဒေသကို ၎င်းတို့၏ သမိုင်းဝင် တောင်းဆိုမှုကို ခိုင်မာအောင် လုပ်နေသည်။
အာဆီယံ စစ်ဘက်အကြီးအကဲများ ဇွန်လတွင် တွေ့ဆုံပြီးနောက် ယခု စစ်ရေးလေ့ကျင့်မှုကို တောင်ပိုင်း နာတူနာပင်လယ်သို့ ရွှေ့ပြောင်းလိုက်ပြီး ရေပိုင်နက်အငြင်းပွားမှုကို ရှောင်ရှားလိုက်သည်။
ဒေသတွင်းမှ တရုတ်၏ ထိပ်တန်းမဟာမိတ် ကမ္ဘောဒီယားက ထိုစစ်ရေးလေ့ကျင့်မှုကို ကနဦး စီစဉ်စဉ်က ပါဝင်မည် မပါဝင်မည်ကို အတည်ပြုရန် ငြင်းဆန်ခဲ့သော်လည်း ယခုအခါ ပါဝင်နေသည်။
ကိုးကား ။ ။ Straits Times သတင်း Indonesia hosts first-ever Asean military drills
You may also like these stories:
မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံကို အကူအညီ ပိုပေးရန် ဘိုင်ဒင်ကတိပြု
ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ
မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း
တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်