ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ဘေး ဆိုက်ကပ်ထားသော ရွှေတူးဖော်သည့်မော်တော် (ရွှေဖောင်) အစီးရေ ၅၀ခန့်အား မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများက စက်တင်ဘာ ၁၈ရက်နှင့် ၁၉ ရက်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းစစ်ကောင်စီရေယာဉ်တန်းသည် မန္တလေး ဂေါဝိန်ဆိပ်မှ ကချင်ပြည်နယ် ဗန်းမော်သို့ စက်တင်ဘာ ၁၀ရက်ကတည်း က တက်လာခြင်းဖြစ်ပြီး စစ်သင်္ဘော ၂စီး၊ ကုန်သင်္ဘော ၄ စီးဖြင့် ရိက္ခာနှင့် ခဲယမ်းတင်ဆောင်ကာ မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် မံစီအခြေစိုက် ခမရ ၃၁၉၊ တပ်မ ၃၃ လက်အောက်ရှိ ခမရ ၁၂၁ တို့မှ အင်အား ၁၀၀ ကျော် လုံခြုံရေး လိုက်ပါ လာကြောင်း၊ စက်တင်ဘာ ၁၈ ရက်က ရွှေကူမြို့၌ ရပ်နားပြီး အနီးတဝိုက်ရွာများကို စစ်ကြောင်းထိုးကာ အိမ်နှင့် ရွှေဖောင် များကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့ခံတဦးက “ရိက္ခာနဲ့ ခဲယမ်းတွေကို ဗန်းမော်ဘက်ကို ပို့ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်လာတဲ့သင်္ဘော ၆ စီးက ရွှေကူနယ်အဝင် ရေပျံဆိပ် ရေလယ်ခေါင်မှာ ကျောက်ချ ညအိပ်ပြီး ၁၈ ရက်နေ့ မနက်ပိုင်း ဧရာဝတီမြစ်ကမ်းမှာ ရပ်ထား တဲ့ ရွှေဖောင်တွေကို မီးရှို့ ဖျက်ဆီးသွားကြတာ၊ ရွှေဖောင်အစီး ၄၀ လောက်ထိ မီးလောင် ပျက်စီးခဲ့တယ်၊ ဖမ်းခံရတဲ့သူ တွေလည်း ရှိတယ်၊ သူတို့ကို သင်္ဘောဆန်တက်တဲ့အချိန်မှ ပြန်လွှတ်ပေးခဲ့တာ”ဟု ပြောသည်။
ရွှေကူမြို့ အမှတ် ၁၊ အမှတ် ၂ ၊ ရွာသစ်၊ အောက်ကျင်းရပ်ကွက်တွင် ရပ်နားထားသည့် ရွှေဖောင်များနှင့် စက်လှေ အစီး ၄၀ ခန့် မီးလောင်ခဲ့သလို ရွှေဖောင်ပေါ်ရှိ လောင်စာဆီပေပါများ ပေါက်ကွဲကာ အမှတ် ၂ ရပ်ကွက်မှ အိမ်တလုံး မီးလောင်ခဲ့ ကြောင်း၊ ထို့နောက် ရွှေဖောင်တွင် အလုပ်လုပ်နေသူများနှင့် ရွှေကူမြစ်ကမ်းဘေးရှိ ရေပျံ၊ ရန်ကြီးအောင်၊ အောက်ကျင်း၊ မော်လမြိုင် ရပ်ကွက်များမှ ဒေသခံအချို့ကိုလည်း အမှတ် (၂) ရပ်ကွက် ဝါဆိုဘုန်းကြီးကျောင်းတွင် ချုပ်နှောင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။
အထက်ပါ ဒေသခံက “မနက် ၈ နာရီကျော်လောက်ကတည်းက စပြီး မီးရှို့တာတွေ လုပ်တာ၊ ရွှေဖောင်သမားတွေက သူတို့သင်္ဘောတက်လာမယ်ဆိုတာ ကြိုသိလို့ အရင်လိုပဲ မြစ်ကမ်းဘေးမှာ ကပ်ပေးထားကြတာကို မော်တော် စက်လှေ အသေးရော အကြီးရော အကုန် ရှို့သွားကြတာ၊ မီးလောင်တဲ့မော်တော်တွေက တစီးနဲ့တစီး ကူးပြီး အကုန်လုံးနီးပါး လောင်ကုန်တာ၊ မီးလောင်နေတဲ့အချိန် သေနတ်နဲ့ ပစ်တာမျိုးတွေပါ လုပ်တော့ ဘယ်သူမှ မငြိမ်းရဲဘဲ ကြည့်နေကြရတာ၊ ဆီပေပါတွေပါ မီးလောင်တော့ ပေါက်ကွဲတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက သင်္ဘောပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့ တဖက်ကမ်းမှ အိမ်ခြေ ၅၀၀ ကျော်ရှိသော ရေလဲကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ ကျော်ထိ မီးလောင်ခဲ့သလို ရွှေဖောင် ၁၀ စီးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံ ၄၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေလဲရွာအား မဝင်ရောက်မီ ဆင်တပ်ရွာတွင် ကမ်းတက်ခဲ့ရာ ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် မြို့လှ-PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရေလဲဘက်မှာရှိတဲ့ ရွှေဖောင်တွေကို စစ်တပ်က ရေမော်တော်တွေနဲ့ ဝင်လာကြတာ၊ ရေလဲကို သွားဖို့ ဆင်တပ်ရွာမှ ကမ်းတက်ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ စစ်တပ်ဘက်က ၁၀ ဦး ထက်မနည်း ဒဏ်ရာရသွားတယ်၊ သေဆုံးတာလည်း ရှိနိုင်ပေမယ့် အတည် မပြုနိုင်သေးဘူး၊ မိုင်းခွဲလိုက်တော့ ဒီကောင်တွေ အထိနာသွားတော့ ရေလဲကို ဝင်ပြီး မီးရှို့တာတွေ လုပ်သွားကြတာပဲ”ဟု ပြောသည်။
စစ်ကောင်စီ၏ ကချင်ပြည်နယ် အစိုးရအဖွဲ့က ရွှေကူမြို့၊ ရွှေပေါ်ကျွန်းဘုရားအနီး တရားမဝင် တူးဖော်နေသည့် ရွှေမော်တော်များကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ရှင်းလင်းသွားမည်ဟု စက်တင်ဘာ လဆန်းပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် ရွှေကူမြို့ရှိ ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ရွှေဖောင်များ၊ စက်များ၊ လှေများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ စက်တင်ဘာ ၁၈ ရက်မှစတင်ကာ ရှင်းလင်း ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
ဗန်းမော်နှင့် ရွှေကူမြို့အနီး ရွှေဖောင်များမှာ ဧရာဝတီမြစ်အတွင်းမှ ရွှေတူးဖော်မှုအတွက် စစ်တပ်နှင့် နီးစပ်ရာ သက်ဆိုင်ရာ အုပ်ချုပ်သူများ၊ လက်နက်ကိုင်အဖွဲ့များထံသို့ ငွေပေးဆောင်ကာ တူးဖော်နေကြရသော်လည်း စစ်ကောင်စီကမူ ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင် ရွှေတူးသူများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများအတွက် လုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်သို့ မရောက်မီ ကသာမြို့နယ်အတွင်း ဖြတ်သန်းချိန်တွင်လည်း တုပ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘူးဗျ၊ စစ်သင်္ဘော နှစ်စီးရယ်၊ ကုန်တင်သင်္ဘော ၄ စီးရယ်နဲ့ ဗန်းမော်ဘက်ကို ရိက္ခာနဲ့ ခဲယမ်းတွေ ပို့တာမျိုးပါ၊ အဲဒီသင်္ဘောတန်းကို ကျနော်တို့ အဖွဲ့တွေက ၁၀၇ နဲ့ ပစ်တာမျိုးတွေ ရှိတယ်၊ အဲဒီလို ပစ်ခံရတာကြောင့် အစောင့်ပါလာတဲ့တပ်တွေက ကမ်းထိုးကပ်ပြီးတော့ နီးစပ်ရာရွာတွေကို မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ကြတာ၊ ကျနော်တို့ ကသာနယ် မှာဆိုရင် တုတ်ကြီးရွာကို ဝင်စီးပြီးတော့ မီးရှို့တယ်၊ ပြည်သူ ၇ ဦးကို သတ်သွားတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ပစ်လို့ ရေနီရွာဘုန်းကြီးကျောင်းထိပြီး မီးလောင်သွားတာ ရှိပါတယ်”ဟု ပြောသည်။
သတ်ဖြတ်ခံရသူများမှာ သံပုရာကုန်းကျေးရွာမှ ကိုရဲမောင် (၃၀ နှစ်)၊ ကိုဉာဏ်ထွန်း (ခ) ကိုကိုက်ကိုက် (၃၈ နှစ်)၊ တုတ်ကြီး ကျေးရွာမှ ဦးအောင်လင်း (၄၁ နှစ်)၊ ဦးခင်မောင်ဌေး (၄၃ နှစ်)၊ ကိုချဲ (၂၂ နှစ်)၊ ကိုဘိုဘိုထွန်း (၂၁ နှစ်) နှင့် ကိုအောင်သန်း (၂၃ နှစ်)တို့ဖြစ်ပြီး မီးရှို့ခံရမှုကြောင့် တုတ်ကြီးကျေးရွာမှ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၅လုံး မီးလောင်သွားကြောင်း သိရသည်။
အဆိုပါစစ်သင်္ဘောများသည် စက်တင်ဘာ ၁၉ ရက်ညပိုင်းက ဗန်းမော်မြို့သို့ ဆိုက်ကပ်ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ
ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ
မင်းကင်း၌ ရွာတချို့ စစ်တပ်က မကြာခဏစီးနင်းသဖြင့် ရွာသားများ တိမ်းရှောင်နေရ