စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်သည် ယခုအပတ် အစောပိုင်းတွင် တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ သွားရောက် လည်ပတ်ပြီး လာမည့် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် မြန်မာတွင် အီလက်ထရောနစ် ခွဲခြားစိတ်ဖြာမှုစနစ် စတင်ကျင့်သုံးရေးအတွက် အကူအညီ တောင်းခံသည်။
လာမည့်နှစ် အောက်တိုဘာလတွင် တနိုင်ငံလုံး၌ သန်းခေါင်းစာရင်း ကောက်ယူပြီးနောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင်က ကြေညာပြီးနောက် ထိုသို့ သွားရောက်ခြင်း ဖြစ်သည်။
ဦးမြင့်ကြိုင်သည် တရုတ်အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန ဒုဝန်ကြီး မစ္စတာ ရှုဂေါင်လုနှင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံသည်။ ထိုအစည်းအဝေးတွင် မစ္စတာ ရှုက တရုတ်နိုင်ငံသည် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံကြောင်း ပြောကြားပြီး တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ရှင်းလင်း ပြောကြားသည်။ ၎င်းတို့သည် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဝင်ထွက်မှု စနစ်ကျရေး အစီအမံများကို ဆွေးနွေးကြောင်း စစ်ကောင်စီမီဒီယာက ဖော်ပြသည်။
ဦးမြင့်ကြိုင်သည် ဇီဝအချက်အလက် မှတ်တမ်းတင်သည့် ဘိုင်အိုမက်ထရစ် နည်းပညာအကြောင်း လေ့လာရန် Beijing Hisign နည်းပညာ ကုမ္ပဏီသို့လည်း သွားရောက်ခဲ့သည်။
ထိုကုမ္ပဏီက ၎င်းတို့သည် တရုတ်နိုင်ငံ ဘိုင်အိုမက်ထရစ် လုပ်ငန်းနယ်ပယ်တွင် အကျယ်ပြန့်ဆုံးနှင့် နည်းပညာအရ အတိုးတက်ဆုံး ကုမ္ပဏီဖြစ်ကြောင်း ပြောသည်။ ထိုလုပ်ငန်းသည် တရုတ်နိုင်ငံ၏ ကြီးထွားနေသော ထောက်လှမ်းရေး နိုင်ငံအတွက် အရေးပါသော ထုတ်ကုန်များကို ထုတ်လုပ်နေကြောင်း သုတေသီများက ပြောသည်။ ထိုကိရိယာများတွင် မျက်နှာကို ခွဲခြားသိမြင်ခြင်း၊ လက်ဗွေခွဲခြား သိမြင်ခြင်း၊ လက်ဝါးခွဲခြား သိမြင်ခြင်း၊ လက်ရေးနှင့် မော်တော်ယာဉ်နံပါတ် ခွဲခြားသိမြင်ခြင်း စသည့် ကိရိယာများနှင့် အခြားထုတ်ကုန်များ ပါဝင်သည်။
ဦးမြင့်ကြိုင်သည် အီလက်ထရောနစ် ခွဲခြားသတ်မှတ်သည့်စနစ် အကောင်အထည် ဖော်ရာတွင် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာရန် နယူးဒေလီသို့ ဇူလိုင်လက သွားရောက်ခဲ့သည်။
အီလက်ထရောနစ် ခွဲခြားသိမြင်မှုစနစ်ဖြင့် စစ်ကောင်စီသည် မြန်မာနိုင်ငံသားများကို ပိုမိုနည်းစနစ်ကျနစွာ လေ့လာစောင့်ကြည့်နိုင်ပြီး တော်လှန်ရေးအင်အားစုများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
သူ၏ ဘေဂျင်းခရီးစဉ်အတွင်း ဦးမြင့်ကြိုင်သည် သဘောတူညီမှုတခုခု ရ၊ မရနှင့် မည်သည့် သဘောတူညီမှု ရခဲ့သည်ကို စစ်ကောင်စီမီဒီယာက ဖော်ပြခြင်း မရှိပေ။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး မတိုင်မီက စစ်ကောင်စီဝန်ကြီး လေးဦး၊ ဒုဝန်ကြီး နှစ်ဦး၊ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တဦးတို့သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးကာ အဆင့်မြင့် နျူကလီးယားနည်းပညာများ စစ်ကောင်စီ အသုံးပြုခွင့်ရရေး အကူအညီတောင်းသည်။
စစ်ကောင်စီသည် ယခင် သန်းခေါင်စာရင်း ကောက်ယူစဉ်ကကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီမယူဘဲ ယခု သန်းခေါင်စာရင်းကို ကိုယ့်အားကိုယ်ကိုး ကောက်ယူမည် ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ပြောသည်။
မြန်မာတွင် ၂၀၁၄ ခုနှစ်က နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူစဉ်က ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံများက နည်းပညာနှင့် ဘဏ္ဍာရေးအကူအညီများ ပေးခဲ့သည်။
ယခုအခါ အပယ်ခံ စစ်ကောင်စီသည် ဘေဂျင်းထံမှ အကူအညီတောင်းနေပြီ ဖြစ်သည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရှီကျွန်းသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို နေပြည်တော်တွင် တွေ့ဆုံသည်။ ၎င်းတို့ နှစ်ဦးသည် ပေါက်ဖော် ဆက်ဆံရေး ခိုင်မာရေးနှင့် ဘုံအကျိုးစီးပွား ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးသည်။
ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်များတွင်၊ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပူးပေါင်းဆောင်ရွက်ရေးကို နှစ်ဖက်ဆွေးနွေးကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။
စစ်ကောင်စီသည် လာမည့်နှစ် အောက်တိုဘာလတွင် တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူပြီးမှသာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် မတိုင်မီ ကျင်းပနိုင်ဖွယ် မရှိပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Turns to China for Census and Surveillance Assistance ကို ဘာသာပြန်သည်။)
You may also like these stories:
ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ တရုတ်သံအမတ် သွားတွေ့