မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးနေသောကြောင့် စက်တင် ဘာ ၂၀ ရက်မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီ စစ်ကြောင်းနှစ်ခုသည် တကြောင်းနှင့်တကြောင်း မိုင် ၂၀ ခန့်အကွာအဝေးဖြင့် ထိုးနေခြင်းဖြစ်ပြီး ၎င်းတို့၏ ဦးတည်ချက်မှာ ကန်ရွာရဲစခန်းနှင့် တောင်ခင်ရန်းရဲစခန်းတို့အား စစ်အင်အားဖြည့်တင်းရန်နှင့် နယ်မြေစိုးမိုးမှုရရှိရန် ဖြစ်နိုင် ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သုံးသပ်သည်။
ဂန့်ဂေါမြို့ ခြေလျင်တပ်ရင်း ခလရ-၅၀ မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ ပထမစစ်ကြောင်းသည် ယခုအခါ ကန်ရွာ ရဲစခန်းသို့ ရောက်ရှိနေကြောင်း၊ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ပူးပေါင်းထားသော ဒုတိယစစ် ကြောင်းသည် တောင်ခင်ရန်း၊ ရွှေဘိုရွာများသို့ ရောက်ရှိကာ ဒေသခံနေအိမ်များကို မီးရှို့နေကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ လမ်းတလျှောက် ပိတ်ဆို့တိုက်ခိုက်လို့ အခု ကန်ရွာရဲစခန်းထဲကို ဝင်သွားတယ်။ နောက်တကြောင်းကတော့ မြောက်ခင်ရန်းရွာက စစ်ကောင်စီနဲ့ ပျူတွေပေါင်းပြီးတော့ တောင်ခင်ရန်းရွာဘက်ကို စစ်ကြောင်းထိုးလာတာ။ အခု အဲဒီစစ်ကြောင်းက တောင်ခင်ရန်းရွာနဲ့ ရွေဘိုရွာကို ဝင်ပြီးမီးရှို့နေတယ်” ဟု ပြောသည်။
ထို့ပြင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဂန့်ဂေါ-ကလေးကားလမ်းတလျှောက်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လမ်းကြောင်း စိုးမိုးဖြတ်တောက်မှုများ ပြုလုပ်ထားရာ ယင်းဒေသအတွင်း စစ်ကောင်စီခြေကုပ်ယူထားသော ပျူစောထီးရွာ များ၌ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးနှင့် ရွာထွက်စိုက်ပျိုးရေးသီးနှံများရောင်းချရန် အခက်အခဲများ ကြုံတွေ့နေရသည့် အခြေအနေ ရှိနေကြောင်းလည်း သိရသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဆိုပါစစ်ကြောင်းနှစ်ကြောင်း ဖြတ်သန်းရာလမ်းတလျှောက် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက “ဂန့်ဂေါဘက်ကလာတဲ့စစ်ကြောင်းကို ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က ရဟတ်ယာဉ်လာလို့ ကျနော်တို့က နောက်ဆုတ်ပေးလိုက်ရတဲ့အချိန် ကန်ရွာ ရဲစခန်းထဲကို ဝင်သွားတာ။ ဒီနေ့လည်း ကန်ရွာရဲစခန်းအနီးမှာ ရဟတ်ယာဉ် ၁ စင်း လာဝဲနေတယ်လို့ ပြောတယ်။ သူတို့ ရဲစခန်းကနေ ထွက်တော့မယ်နဲ့တူတယ်” ဟု ဆိုသည်။
စက်တင်ဘာ ၂၀ ရက် ညနေပိုင်း၌ တောင်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းအား ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၈ ရက်၊ နံနက် ၄ နာရီဝန်းကျင်ကလည်း ဂန့်ဂေါမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၃ အနီး၊ ကန့်သက်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ ဖာလုံခန့်အကွာရှိ စစ်ကောင်စီနှင့်ပျူစောထီးတို့ အင်အား ၂၀ နီးပါး တပ်စွဲနေထိုင်သည့် စခန်းကုန်းတခုကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၉) တပ်ရင်း၏ ပြန်ကြားရေး တာဝန်ခံက ဧရာဝတီကို ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စက်တင်ဘာ ၂၀ ရက်မှစတင်ပြီး ယင်းစခန်းကုန်းအနီး အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ကန့် သက်ကျေးရွာအား စစ်ကောင်စီတပ်က ပိတ်ဆို့ကာ ကျေးရွာသားများအား အပြင်ထွက်ခွင့် ပိတ်ထားကြောင်းလည်း ဒေသခံ များထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်းမှ အမည်မဖော်လိုသူ ဒေသခံတဦးက “ကန့်သက်ရွာဆိုတာ ကပစ ၂၃ တပ်ရင်း ဧရိယာထဲမှာ ရှိနေတာ။ ရွာသားတွေကို စစ်ကောင်စီတပ်က လက်နက်တွေ တပ်ဆင်ပေးထားတယ်လို့ ပြောတယ်။ ရွာသားတွေလည်း မလုပ်ချင်ဘဲ ကြောက်လို့သာလုပ်နေကြတာ ဖြစ်မယ်။ တကယ်တမ်း စခန်းကုန်းကို PDF တွေ လာတိုက်တော့ ရွာသားတွေ ဘယ်သူမှခံမတိုက်ဘဲ ထွက်ပြေးသွားလို့ အခု အဲဒီရွာကို စစ်ကောင်စီတပ်က Lock down ပုံစံမျိုးချထားပြီးတော့ ရွာပြင် ထွက်ခွင့် ပိတ်ထားတယ်လို့ ပြောတယ်” ဟု ပြောသည်။
လက်ရှိတွင် ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားသုံးပြီး စစ်ကြောင်း ထိုးနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းအား နားစွင့်ပြီး ဂရုစိုက်ရှောင်ရှားကြရန်လည်း ဒေသကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားသည်။
You may also like these stories:
ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး
ဂန့်ဂေါတွင် မြစ်ရေကြီးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ရေဘေးပါရှောင်နေရ
မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ