ရန်ကုန်မြို့ အနီးတဝိုက် အင်အားအနည်းငယ်ရှိသော ငလျင်များ ၃ ရက်ဆက်လှုပ်ခဲ့သဖြင့် ပြည်သူလူထုကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာ ၂၃ ရက်နေ့တွင် ၂ ကြိမ် ၊ ၂၄ ရက်တွင် ၁ ကြိမ်နှင့် ယနေ့ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ၁ ကြိမ်ဖြင့် စုစုပေါင်း ၄ ကြိမ်တိုင်လှုပ်ခဲ့ပြီး အင်အားအပြင်းဆုံးမှာ ၅ ဒသမ ၁ အဆင့်ရှိသော ငလျင်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ရန်ကုန် နှင့် ပဲခူးတဝိုက် ဗဟိုပြုပြီး ငလျင်များ ဆက်တိုက်လှုပ်ခတ်နေသဖြင့် ကန်ထရိုက်တိုက်များသော ရန်ကုန်မြို့တွင် နေထိုင်နေရသော ပြည်သူလူထုကြား စိုးရိမ်မှုများ မြင့်နေပြီး ငလျင်လှုပ်သည့်နေ့တွင် တိုက်မြင့်ပေါ်မှ ဆင်းပြေးသည့် ပြည်သူတချို့ပင် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့နေ ပြည်သူတဦးက “သက်ကြီးပိုင်းတွေကတော့ စိတ်ပူနေကြတာပေါ့။ ဒီလိုလှုပ်ပြီးရင် နောက်ဆက်တွဲ အကြီး ကြီးများ လှုပ်မလား ဆိုပြီး ရင်တထိတ်ထိတ်နဲ့။ နောက်အမတို့နောက် အိမ် ၁အိမ်က ပင်လယ်ဘက်နဲ့ နီးတဲ့ နေရာမှာ ရှိသေးတော့ ရေအတက်အကျတွေများ ငလျင်နဲ့ ဆိုင်ပြီး ပြောင်းလဲမလားပေါ့။ ဒါမျိုးတွေ ပူပန်နေရတာ” ဟု ဆိုကြသည်။
အာဏာသိမ်းထားသဖြင့် နိုင်ငံရေး မတည်ငြိမ်မှု ကြားထဲတွင် သဘာဝဘေး အန္တရာယ်ကိုပါ ထပ်မံ ကြုံရပါက ခိုးကိုးရာမဲ့ ကာ ကူညီကယ်ဆယ်မှုများ မရနိုင်ဖြစ်မည့်အရေးကြောင့် စိုးရိမ်မှု ပိုရခြင်း ဖြစ်ကြောင်း မြို့ခံ ပြည်သူတချို့က ဆိုသည်။
ရန်ကုန်မြို့ခံ ကိုဝေယံက “ကျနော်တို့ စိုးရိမ်စိတ် ဖြစ်တာကို ဒီလောက်လေးလှုပ်တာကို အကဲပိုတယ် မထင်နဲ့ဗျ။ ၂၀၀၈ နာဂစ်တုန်းက အခြေအနေက စိုးရိမ်ရလောက်တဲ့ သက်သေကောင်းပဲ။ ပြီးတော့ မကြာသေးခင်က ဖြစ်တဲ့ မိုခါမုန်တိုင်း၊ ဒီလိုသဘာဝဘေးတွေ ဖြစ်လာတိုင်းကို ကြည့်လိုက်လေ စစ်အုပ်စု ဘာလုပ်ပေးနိုင်လဲဆိုတာကို” ဟု ဆိုသည်။
ရန်ကုန်တိုင်းနှင့် အနီးတဝိုက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် ပြင်းအား နည်းသော်လည်း ရန်ကုန်မြို့တည်ရှိရာ နုံးမြေ အခြေအနေကြောင့် လှုပ်ခတ်သည့်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရခြင်း ဖြစ်ကြောင်း မြေငလျင်ပညာရှင်က သုံးသပ် သည်။
ရန်ကုန်သည် မြစ်ဝကျွန်းပေါ် ဒေသထဲတွင် ပါဝင်ပြီး အဆိုပါ မြစ်ဝကျွန်းပေါ်အောက်တွင် ငလျင်ပြတ်ရွေ့ကြောများ များစွာ ရှိသော်လည်း မည်သည့်ပြတ်ရွေ့ကြောင့်ဖြစ်ကြောင်းကိုမူ မသိရှိရကြောင်း၊ ယခုအကြိမ် လှုပ်ခတ်မှုသည် ဘယ်ညာ လှုပ်ခတ်မှုဖြစ်ပြီး ပြင်းထန်နိုင်သည့် ငလျင်ကြီးမျိုး မဟုတ်ကြောင်း မြေငလျင် ပညာရှင် ဒေါ်လှလှအောင်က သုံးသပ်သည်။
၎င်းက “ပင်မငလျင်မလာခင်မှာ ငလျင်ငယ်လေးတွေ လာတတ်တယ်။ ပြီးတော့မှ သူတို့ထက် အင်အားကြီးတဲ့ ငလျင် လှုပ်တယ်။ အဲဒါပြီးတော့ နောက်ဆက်တွဲ ငလျင်လှုပ်တယ်။ အခုလှုပ်သွားတာကလည်း ၃ ခုလုံး ပြီးသွားတယ်။ အဲဒါက ဒီဖြစ်စဉ်က ငြိမ်သွားပြီ ဆိုတာကို ပြတာ” ဟု ပြောသည်။
စက်တင်ဘာ ၂၃ ရက်၊ ညနေ ၅ နာရီခွဲတွင် ဒိုက်ဦးမြို့၏ အနောက်ဘက်ကို ဗဟိုပြုပြီး အင်အား ၃ ဿမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ယင်းနေ့ ၈ နာရီကျော်တွင် ပဲခူးမြို့၏ အနောက် တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒဿမ ၁ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အင်အား ၅ ဒဿမ ၁ ပြင်းအားရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ၃ လမ်းတွင်ရှိသည့် ခြောက်ထပ်တိုက်မှာ တိမ်းစောင်းသွားကြောင်း မြို့ခံများထံမှ သိရသည်။
ထို့နောက် စက်တင်ဘာ ၂၄ ရက် ည နေ ၅ နာရီကျော်တွင် တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒဿမ ၀ အဆင့်ရှိ ငလျင်နှင့် ယနေ့ (စက်တင်ဘာ ၂၅) နံနက် ၇ နာရီတွင် မှော်ဘီမြို့၏ မြောက်-အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ၄ ဒဿမ ၀ အဆင့်ရှိသည့် အင်အားနည်း ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် တုန်းကလည်း တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားခဲ့ပြီး ရန်ကုန်မြို့အနှံ့ လှုပ်ရှားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရကာ မြို့နယ်တချို့ရှိ တိုက် ခန်းများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း၊ တိုက်များ စောင်းသွားခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံသည် စစ်ကိုင်း၊ ကျောက်ကြမ်း၊ ကုလားတန်၊ ကဘော် စသည့်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိပြီး ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ကီလိုမီတာ ၃၀ ခန့်သာ ကွာဝေးပြီး ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် ဒေသထဲတွင် ပါဝင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ရေးစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်း၍ UNDP ၏ နည်းပညာ ပံ့ပိုးမှု၊ ဥရောပသမဂ္ဂ၏ ရန်ပုံငွေ ကူညီမှုဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါစီမံချက်တွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုန့်ပြန်ခြင်းဟူ၍ အပိုင်း ၂ ပိုင်း ပါဝင်သည်။
ငလျင်ဒဏ် ကာကွယ်ရေးအနေဖြင့် ငလျင်လှုပ်ပါက အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားကာ အန္တရာယ်ကင်း၍ ခိုင်ခံ့သောနေရာကို အမြန်ဆုံးရှာဖွေရန်၊ အဆောက်အဦးထဲ ရှိနေလျှင်၊ ခိုင်ခံ့သော စားပွဲအောက် (သို့) အကာအကွယ် တစ်ခုခုအောက်သို့ အမြန်ဆုံး ပြေးဝင်ပြီး “ဝပ်၊ ကာ၊ ကိုင်” (ကြမ်းပြင်ပေါ် ဒူးထောက် “ဝပ်” ချ၊ ခေါင်းကို အဓိက လက် သို့မဟုတ် တစ်ခုခုနှင့် “ကာ”၊ ခိုင်ခန့်သော စားပွဲတိုင် သို့မဟုတ် မြဲသော အရာ တခုခုကို “ကိုင်” ထားရန်၊ အဆောက်အဦး၊ အိမ်ထဲရှိ လွင့်စင်ပြိုကျလာနိုင်သော ပြူတင်းပေါက်၊ မှန်တံခါး၊ နံရံ၊ အိမ်ထောင်ပရိဘောဂ ပစ္စည်းများနှင့် ဝေးရာတွင် နေရန် စသည်တို့ကို အကြံပြုထားသည်။
You may also like these stories:
ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို
ငလျင်ကြီး လှုပ်မှာကို အချက်ပြနေတာလားလို့ ထင်တယ်
လွန်ခဲ့သည့် ၈၉နှစ်က ပဲခူးငလျင်ကြီး
ငလျင်နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာ ၅ ချက်
“ငလျင် အချိန်မရွေး လာနိုင်တယ်”