ဧရာဝတီတိုင်း ပုသိမ်ထောင် ဆူပူမှု၌ ပါခဲ့ပြီး ထိခိုက်ဒဏ်ရာရသဖြင့် ဆေးကုသခဲ့ရသော နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှု၊ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား နာကျင်စေမှုများဖြင့် ထောင်ဒဏ်များထပ် တိုးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPN Myanmar) နှင့် ဒေသခံများထံက သိရသည်။
ပြည်သူပိုင်ပစ္စည်းပျက်စီးစေမှု ပုဒ်မ ၆ (၁) အရ ၂၆ ဦး၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၃၂ အရ ၃၇ ဦးကို ထောင် ၃ နှစ်စီ ချခဲ့ပြီး ကိုထွန်းအေးမြင့်၊ ကိုပျံလွှား၊ ကိုတင်ကိုထက်၊ ကိုဘိုဘိုထွန်း၊ ကိုသက်ဝေအောင်၊ ကိုနဂါး၊ ကိုအကြီးကောင်၊ ကိုဇော်မိုးထိုက်၊ ကိုထွဋ်နောင်ဦး၊ ကိုစိုးထက်အောင်၊ ကိုထက်ထက်တို့အပါ ၄၇ ဦးမှာ ထောင်ဒဏ် ၃ နှစ်စီနှင့် ကိုမင်းထွဋ် သွင်၊ ကိုစည်သူအောင်၊ ဦးဝင်းနိုင်၊ ကိုဝင်းထွန်းနိုင်၊ ကိုမင်းခန့်စည်သူ၊ ပြည့်ပြည့်အပါ ၁၆ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၂ အရ ထောင်ဒဏ် ၃ နှစ် အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ အရ ထောင်ဒဏ် ၃ နှစ် စုစုပေါင်းပေါင်း ၆ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ကိုသိုက်ထွန်းဦးက “ထောင်ချခံရတဲ့သူတွေက ထောင်ဆူမှု ဖြစ်စဉ်မှာ ရဲနဲ့ ဝန်ထမ်းတွေရဲ့ အကြမ်းဖက်နှိပ်စက်မှု ခံခဲ့ရတဲ့ နစ်နာသူတွေပဲ ဖြစ်တယ်၊ ဒီလို နစ်နာသူတွေကိုပဲ ထောင်အာဏာပိုင် တွေက တရားလိုလုပ်ပြီး တရားစွဲ ထောင်ချခြင်းမျိုးသာ ဖြစ်တယ်၊ ထောင်တွင်းတရားရုံးနဲ့ပဲ အမိန့်ချခဲ့တာ ဖြစ်လို့ မြင်သာ တဲ့ အမှုတွေ မဟုတ်တဲ့အတွက် သက်သေ၊ ရှေ့နေတွေလည်း ပါဝင်ခွင့် မရခဲ့ဘူး”ဟု ပြောသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၃၂ အရ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းအား တားဆီး ရန်(သို့) ဟန့်တားရန်အကြံဖြင့် မိမိအလိုအလျောက် နာကျင်စေမှုကို ပြုမူလျှင် ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ အရ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များအား တာဝန်ဝတ္တရား ဆောင်ရွက်မှုကို တားဆီးရန်(သို့) ဟန့်တားရန်အကြံဖြင့် မိမိ အလိုအလျောက် အပြင်းအထန် နာကျင်စေမှုကို ပြုမူလျှင် ၁၀ နှစ်အထိ ထောင်ဒဏ်အမျိုးမျိုး ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၆ (၁) အရ ပြည်သူပိုင်ပစ္စည်း တရပ်ရပ်အား အခွင့်အာဏာမရှိဘဲ လက်ဝယ်ရှိလျှင်ဖြစ်စေ၊ ပြည်သူပိုင်ပစ္စည်း တရပ်ရပ်နှင့်စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှု ကျူးလွန်လျှင်ဖြစ်စေ၊ ထိုသူကို ထောင်ဒဏ် ၇ နှစ် ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
အဆိုပါ အမှုများကို ပြီးခဲ့သည့် ဇွန်လက တရားစွဲဆိုခဲ့ပြီး သြဂုတ် ဒုတိယပတ်မှ စက်တင်ဘာ ဒုတိယပတ်အတွင်း အပြီး သတ် အမိန့်ချခဲ့ခြင်းဖြစ်သည်။ အချို့မှာ မူလတရားစွဲခံထားရသည့် အမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
“ထောင်ဆူမှုကို ရဲနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေ ပေါင်းပြီး ဖြိုခွဲတဲ့အခါ ဒဏ်ရာရပြီး ထောင်ဆေးရုံမှာ ကုသခဲ့ရတဲ့အထိ ဖြစ်ခဲ့ တဲ့သူတွေပါ၊ ၆၄ ဦးထဲက ၈ ဦးက ဒဏ်ရာပြင်းထန်လို့ အရေးပေါ်အခြေအနေ ဖြစ်ခဲ့ရတယ်၊ သေဆုံးတဲ့တဦးကလည်း အကျဉ်းဦးစီး ဝန်ထမ်းတွေနဲ့ ရဲတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဦးခေါင်းထိခိုက် ပြင်းထန်ဒဏ်ရာနဲ့ သေခဲ့ရတာပါ၊ ဒါတွေ ကို အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ခဲ့ကြတာပါ”ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။
ထောင်တွင်းဆူပူမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ဇန်နဝါရီမှ မေလအထိ ထောင်ဝင်စာ ၃ လ ကျော် ကန့်သတ်ခံခဲ့ရသလို ထောင် လျှော့ရက် ခံစားခွင့်များကိုပါ ပိတ်သိမ်းခံထားရကြောင်း၊ ၆နှစ် အမိန့်ချမှတ်ခံရသည့် ၁၆ ဦးအား ထောင်တွင်း ပြစ်မှုများဖြင့် တိုက်တွင် သီးသန့်ခွဲ၍ ချုပ်နှောင်ထားပြီး အမိန့်ချမှတ်ခံရသူအားလုံး ကျန်းမာရေးများလည်း ကောင်းမွန်ကြောင်း သိရ သည်။
ယခုနှစ်ဆန်း ဇန်နဝါရီကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထောင် ၂၈ နှစ် ချခံထားရသည့် ချောင်းသာမှ ဟိုတယ်လုပ်ငန်းရှင် ကိုမဲကြီး(ခ) ကိုဝင်းမင်းထက်ထံမှ ဖုန်း ၁ လုံး သိမ်းမိရာ ကိုမဲကြီး ပြန်လွတ်ရေး ထောင်ဆူမှုဖြစ် သဖြင့် စစ်ကောင်စီက ရဲအင်အား ၃၀ကျော်ဖြင့် ထောင်တွင်းဝင်၍ သေနတ်နှင့်ပစ်ဖြိုခွင်းခဲ့သည်။
ပုသိမ်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် PPN မှ တရားမျှတမှုဖော်ဆောင်ရေးတာဝန်ခံ ကိုနွေညက “လက်ရှိမှာ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ချင်တဲ့အတွက် ထောင်ဆူပူမှုတွေ မဖြစ်ဖြစ်အောင် ဖန်တီးနေကြ တာမျိုးတွေ ရှိတယ်၊ ထောင်က အိပ်ဆောင်တွေမှာ သစ်သားချောင်း၊ အုတ်နီခဲ၊ အင်္ဂတေခဲကျိုးဆိုတာ မပြောနဲ့၊ ၄ ပေ လောက်မြင့်တဲ့ သစ်ပင်တောင်မရှိတာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ၊ နိုင်ငံရေးအကျဉ်းသားတွေကို တမင်ဖိနှိပ်ချင်လို့ လုပ်ပြီးမှ ဖြစ်စဉ်အမှန်တွေကို အမှောင်ချချင်လို့ကို အခုလိုလုပ်တာ”ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ စက်တင်ဘာ ၂၅ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၂၄,၈၃၆ ဦးအနက် ၇,၃၆၈ ဦး ထောင်ဒဏ်ချခံထားရသလို ၁၉,၂၆၄ ဦးထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၃ ဦး အပါအဝင် ၁၅၀ ဦးထိ သေဒဏ်ချမှတ်ခံထားရကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ ၄,၁၀၈ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
ပုသိမ်ထောင်တွင်း အကြမ်းဖက်ပစ်ခတ်မှု နိုင်/ကျဉ်း ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာပြင်းထန်
သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ
နိုင်ကျဉ်း အနည်းငယ်သာလွှတ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ပိုမို ဖိအားပေးရန် လိုအပ်သည်
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါ ၄ ဦးအတွက် ဆွမ်းကပ်သူများ တိုက်ပိတ်ခံရ