အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းမြန်မာမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၊ လက်နက်နှင့် မူးယစ်ဆေး မှောင်ခိုမှုများ တိုးလာခြင်းကို စိုးရိမ်ပူပန်သောကြောင့် မဏိပူရပြည်နယ်သည် နယ်စပ် ခြံစည်းရိုးကို နောက်ထပ် ကီလိုမီတာ ၇၀ (၄၄ မိုင်) စတင် တိုးချဲ့ရန် စီစဉ်နေသည်။
အိန္ဒိယနှင့် မြန်မာသည် နယ်နိမိတ်ချင်း ကီလိုမီတာ ၁,၆၀၀ (မိုင် ၁,၀၀၀) ထိစပ်နေသည်။ နယ်စပ်ခြံစည်းရိုး တိုးချဲ့မည့် မဏိပူရပြည်နယ်သည် မြန်မာနှင့် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) ထိစပ်နေပြီး ထိုနယ်စပ်၏ ၁၀ ရာခိုင်နှုန်းအောက်ကိုသာ ခြံစည်းရိုးခတ်ထားကာ လက်နက်နှင့် မူးယစ်ဆေး မှောင်ခိုမှုကို တံခါးဖွင့်ထားပေးသည်ဟု အိန္ဒိယ မီဒီယာများက ရေးသည်။
ယခုနှစ် အစောပိုင်းတွင် အိန္ဒိယအာဏာပိုင်များသည် မှောင်ခိုမှု၊ စိမ့်ဝင်မှုနှင့် အခြား နယ်စပ်ရာဇဝတ်မှုများကို ထိန်းချုပ်ရန် မဏိပူရ-မြန်မာနယ်စပ်တွင် သံဆူးကြိုးခြံစည်းရိုးများ တည်ဆောက်ခြင်းကို စတင်သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြသည်။
“အိမ်နီးချင်းနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအခြေချမှုနှင့် မူးယစ်မှောင်ခိုမှုများ တိုးလာသောကြောင့် မိမိတို့ မလုံခြုံသောနယ်စပ်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် အရေးပေါ် လိုအပ်လာသည်” ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န် ဘီရင်ဆင်းက အိန္ဒိယနယ်စပ်လမ်းများအဖွဲ့ (BRO) မှ အရာရှိများနှင့် တွေ့ဆုံစဉ် ပြောကြားသည်ဟု အိန္ဒိယ မီဒီယာများက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖော်ပြသည်။
ထိုအဖွဲ့အစည်းသည် အိန္ဒိယနယ်စပ်ဒေသများနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများမှ လမ်းကွန်ရက်များ တိုးတက်စေရန် ထိန်းသိမ်းသော အဖွဲ့အစည်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် ချင်းပြည်နယ်နှင့် မြောက်ပိုင်း စစ်ကိုင်းတိုင်းမှ အရပ်သား ၆၀,၀၀၀ နီးပါး အိန္ဒိယနိုင်ငံ၊ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာသောကြောင့် ထိုသို့ နယ်စပ်ခြံစည်းရိုး တိုးချဲ့ခြင်း ဖြစ်သည်ဟု ချင်းတိုင်းရင်းသား လူမှုအခြေပြုအဖွဲ့အစည်းများက ပြောသည်။
မဏိပူရပြည်နယ်သို့ ထိုသို့ ထွက်ပြေးလာသူ ၅,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၇၀ ကျော်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုများ သို့မဟုတ် အခြား စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယမှ မြန်မာဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်သော India For Myanmar က ပြောသည်။
ပိတ်မိနေသော အရပ်သားများ
လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် မြန်မာဒုက္ခသည်များက ထိုသို့ နယ်စပ်ခြံစည်းရိုး တိုးချဲ့သည့်ကိစ္စသည် ပြည်သူများ ဘေးလွတ်ရာသို့ ပြေးခြင်းကို တားဆီးသောကြောင့် ရှုတ်ချသည်။
“နယ်စပ်ကို ပိတ်ထားတာက မြန်မာဒုက္ခသည်တွေကို တားမြစ်ဖို့ သက်သက်ရည်ရွယ်ပြီး များပြားလှတဲ့ အခြား ရာဇဝတ်မှုတွေနဲ့ တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးမယ်လို့ မထင်ဘူး” ဟု India For Myanmar ကို တည်ထောင်သူ ဆလိုင်းဒိုခါက ပြောသည်။
“အိန္ဒိယအနေနဲ့ ဒီတရားမဝင် စီးပွားရေးတွေကို တားဆီးချင်ရင် နယ်စပ်မှာ ပိုမိုထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ အနောက်နိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဒီမိုကရေစီတန်ဖိုးရှိတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသင့်တယ်” ဟု ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ်က မြန်မာ၏ ယခင် အရပ်သား ဦးဆောင်သည့် အစိုးရအောက်တွင် နှစ်နိုင်ငံကုန်သွယ်ရေး အားပေးရန် မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော် သွားလာခွင့် ပြုခဲ့သည်။
သို့သော် မြန်မာသည် နယ်စပ်တွင် လက်နက်နှင့် မူးယစ်ဆေးမှောင်ခိုမှုကို ခွင့်ပြုနေကြောင်း၊ ပြည်တွင်းမှ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသည့် မြန်မာအရပ်သားများ ဝင်ရောက်မှုကြောင့် ထိုပြည်နယ်မှ လူမျိုးစု ပဋိပက္ခကို ပိုမိုဆိုးရွားစေကြောင်း ယခုအခါ မဏိပူရပြည်နယ်အစိုးရက စွပ်စွဲလာသည်။
လူမျိုးစု ပဋိပက္ခ
မဏိပူရပြည်နယ်သည် ဟိန္ဒူအများစုဖြစ်သော ကသည်းများနှင့် ခရစ်ယာန်အများစုဖြစ်သော ကူကီးများအကြား လူမျိုးစု ပဋိပက္ခကို ရင်ဆိုင်နေရပြီး ထိုဒေသတွင် လုံခြုံမှုရှာရန်လာသော မြန်မာဒုက္ခသည်များကြောင့် အခြေအနေ ပိုမိုဆိုးရွားစေသည်ဟု ပြည်နယ်အရာရှိများက ပြောကြသည်။
တချိန်တည်းတွင် မဏိပူရပြည်နယ်မှ အိန္ဒိယအာဏာပိုင်များသည် မြန်မာအခြေစိုက် သူပုန်အုပ်စုများနှင့် ပတ်သက်သည်ဟု သံသယရှိသည့် အကြမ်းဖက်သမားဟု စွပ်စွဲခံရသူတဦးကို ဖမ်းဆီးလိုက်ပြီး သူ့ကို အိန္ဒိယနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုဌာနဖြစ်သော အမျိုးသားစုံစမ်းစစ်ဆေးရေးဌာနသို့ လွှဲပြောင်းပေးသည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည် အိန္ဒိယသတင်းစာ Deccan Herald က စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖော်ပြသည်။
မြန်မာမှ လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများသည် အိန္ဒိယသို့ နယ်စပ်မှ ဝင်ရောက်ကြသော်လည်း အန္တရာယ် သို့မဟုတ် အဖျက်အဆီးမရှိဘဲ မူးယစ်မှောင်ခိုများကိုပင် ကူညီဖမ်းဆီးပေးသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရသူ ဆလိုင်း ကျန်းဂိန်းက ပြောသည်။
မဏိပူရပြည်နယ် တောင်ဘက်နှင့် မီဇိုရမ်ပြည်နယ် အရှေ့ဘက်တွင် တည်ရှိသော မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်မှ ထို ချင်းတိုင်းရင်သား လက်နက်ကိုင်အဖွဲ့သည် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
“နယ်စပ် အဝင်အထွက်ကို ပိတ်လိုက်ရင် အခက်အခဲတချို့ ရှိလိမ့်မယ်” ဟု အထက်ပါ ပြောခွင့်ရသူက ပြောသည်။ “မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှုက နယ်စပ်မှာ အမြဲတမ်း ဖြစ်နေပေမယ့် အခုလို ခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေမှာ ပိုဖြစ်လာတယ်” ဟုလည်း ဆလိုင်းက ပြောသည်။
“ဒါပေမယ့် ကျနော်တို့ ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေက မဏိပူရလို အိန္ဒိယနိုင်ငံဘက်ကို သွားလာရတယ်။ ပြည်သူတွေကို ကျနော်တို့ တတ်နိုင်သမျှ ကာကွယ်ဖို့ လက်နက်နဲ့ မူးယစ်မှောင်ခို တချို့ကို ကူညီဖမ်းပေးတယ်” ဟု ၎င်းကပြောသည်။
မြန်မာဒုက္ခသည်များကို ထိခိုက်
မဏိပူရပြည်နယ် အစိုးရသည် နယ်စပ်ခြံစည်းရိုးကို တိုးချဲ့လိုက်ပါက ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို တိုက်ခိုက်နေသော စစ်ကောင်စီတပ်များကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးလာသည့် မြန်မာဒုက္ခသည်များကို ထိခိုက်စေမည်ဖြစ်သည်ဟု ဆလိုင်း ကျန်းဂိန်းက ပြောသည်။
အိန္ဒိယအာဏာပိုင်များက စစ်ကိုင်းနှင့် ချင်းပြည်နယ်မှ နယ်စပ်ဖြတ်ကျော်ပြီး မဏိပူရသို့ ထွက်ပြေးလာသော မြန်မာအရပ်သားများကို ပြန်မောင်းထုတ်ပြီး နယ်စပ်မှ ခက်ခဲသော အခြေအနေများတွင် ခိုလှုံစေသည်ဟု ဒုက္ခသည်အချို့က ပြောသည်။
ထိုသို့ ထွက်ပြေးလာသူများသည် အရပ်သားများသာဖြစ်ပြီး လက်နက်နှင့် မူးယစ်မှောင်ခိုများ မဟုတ်ကြောင်း လွတ်လပ်သော အာရှအသံ RFA သို့ နေရပ်စွန့်ခွာ မြန်မာနိုင်ငံသားတဦးဖြစ်သူ ဖူခိုင်က ပြောသည်။
“ကျနော်တို့က ကျနော်တို့ ဒုက္ခသည်စခန်းတွေကို အိန္ဒိယဘက်အခြမ်းမှာ မဆောက်တော့ဘဲ မြန်မာဘက်ခြမ်းမှာပဲ တည်ဆောက်မှာမို့ သူတို့ နယ်စပ်ခြံစည်းရိုးခတ်တာ ကျနော်တို့အတွက် ပြဿနာမရှိဘူး” ဟု သူက ပြောသည်။
“အိန္ဒိယ အာဏာပိုင်တွေက ကျနော်တို့ကို မောင်းထုတ်တယ်၊ ဒါမေပယ့် မှောင်ခိုသမားတွေကျတော့ သူတို့နည်းသူတို့ဟန်နဲ့ နယ်စပ်ကို ဖြတ်ကျော်ကြတယ်။ သာမန်ဒုက္ခသည်တွေက သူတို့နဲ့ မပတ်သက်ဘူး” ဟုလည်း ပြောသည်။
နယူးဒေလီမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ယခုအခြေအနေကို လျစ်လျူမရှုသင့်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော မီဇိုရမ်မှ မြန်မာဒုက္ခသည်တဦးက ပြောသည်။
“သူတို့က မြန်မာဒုက္ခသည်တွေရဲ့ လွတ်လပ်စွာ သွားလာခွင်ကို ပိတ်ပင်ရင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဘာလုပ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်၊ နောက်တခုက မီဇိုရမ်ပြည်နယ်အစိုးရက ကျနော်တို့ကို ဘာလုပ်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်ရှိ အိန္ဒိယသံရုံးနှင့် နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ကို မှတ်ချက်ပေးရန် အီးမေးလ်ဖြင့်တောင်းဆိုသော်လည် မတုံ့ပြန်ပေ။
(RFA ပါ India plans to extend fence along Myanmar border ကို ဘာသာပြန်သည်)
You may also like these stories:
မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း
လူမျိုးစု သံယောဇဉ်ကြောင့် ချင်းဒုက္ခသည်များ ဆက်လက်ရှင်သန်နိုင်
စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ
မြန်မာ မတည်ငြိမ်မှုနှင့် မဏိပူရပြည်နယ်မှ လူမျိုးရေးပဋိပက္ခ ဆက်စပ်နေ
ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ