ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရွာမှ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုနှင့်ပတ်သက်၍ ရက္ခိုင်တပ်တော်(AA)က သံသယရှိသူများ ၃ဦးကို စစ်ဆေးနေရာ ဦးမောင်မောင်အေး ဆိုသူ လွတ်မြောက်သွားသဖြင့် ယနေ့နေ့လည်က ပြန်လည်ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။
ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA / AA )မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီနေ့နေ့လယ် ၁ နာရီလောက်မှာ ကျနော် တို့ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့ အဓိက သံသယတရားခံ ဖြစ်တဲ့ မောင်မောင်အေးကို သူနေထိုင်တဲ့ ကျွန်းပေါ် ပေါက် တောရွာက သူ့အစ်မ နေအိမ်ကနေ ဖမ်းဆီးရမိတာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆရာမဒေါ်နှင်းယုနွယ်မေသည် ကျွန်းပေါ်ပေါက်တောရွာမှ လယ်ကွင်းများ ပုဇွန်ကန်များကို ဖြတ်၍ နာရီဝက်ခန့် လမ်းလျှောက် ရသည့် ပန်းဖော်ပြင်ရွာ ကျောင်း၌ တာဝန်ထမ်းနေသူ ဖြစ်ကာ စက်တင်ဘာ ၁၆ ရက် နံနက် ကျောင်းသွားစဉ် လမ်း တွင် အသတ်ခံရခြင်းဖြစ်သည်။ ထိုအမှုနှင့် ပတ်သက်၍ AA တပ်ဖွဲ့ဝင်များက သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးစဉ် အဓိက တရားခံဟု ယူဆရသူ ထွက်ပြေး လွတ်မြောက်သွားသဖြင့် ပြည်သူများက AA အဖွဲ့အား ဝေဖန်နေခြင်းဖြစ်သည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက တယ်လီဂရမ်မှ အဓိက သံသယတရားခံ ဦးမောင်မောင်အေး ဆိုသူ စက်တင်ဘာ ၁၉ ရက် ညနေ ၉ နာရီခွဲခန့်က ထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးနိုင်ရန် အစွမ်းကုန် ကြိုးစားဆောင် ရွက်နေကြောင်း ဆရာမ အလောင်း တွေ့ရှိခဲ့သူ သက်သေ ရွာသား ၆ ဦးအား ဆက်လက် စစ်ဆေး မေးမြန်းနေကြောင်း ရေးသားထားသည်။
ဒေသခံတဦးက “ AA အုပ်ချုပ်ရေးတပ်သားတွေမှာ အဓိက အားနည်းချက်က စနစ်တကျ လေ့ကျင့်သင်တန်းပေး ပေးထား တာမဟုတ်တော့ မလုပ်တတ် မကိုင်တတ်တာ များတယ် နောက်တချက်က နေရာတခုရရင် အထက်လူကြီးဆိုသူတွေ က လည်း ဘဝင်တက်ပြီးတော့ အောက်ခြေလွတ်သွားတယ် အချုပ်သား စောင့်တဲ့ နေရာမှာလည်း တာဝန်ပေါ့လျော့ပြီး တော့ ဆရာလုပ်သူက ဖုန်းပွတ် တပည့်တွေက အရက်မူး အထက်လူကြီးတွေကလည်း ဒါတွေကို သေချာမကြီးကြပ် ပြည်သူတွေ အားမရလို့ ဝေဖန်ရင်လည်း မကြိုက်ပြန်ဘူး” ဟု ဆိုသည်။
အဆိုပါ သံသယ တရားခံ ဦးမောင်မောင်အေးမှာ အမ်းမြို့နယ်တွင် အိမ်ထောင်ကျနေသူ တဦးဖြစ်ကာ မိသားစုဝင်များက ရွာအတွင်း သြဇာရှိသလို ၎င်း၏ ဇာတိ ကျွန်းပေါ် ပေါက်တောရွာသို့ ပြီးခဲ့သော ၂ လခန့်က ပြန်လာစဉ် ဆရာမ ဒေါ်နှင်းယုနွယ်နှင့်လည်း စကားအချေအတင်များသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အတွင်းက ဒေသခံများက ပြောသည်။

ရသေ့တောင်ဒေသခံတဦးက “သူက နဂိုကလည်း စရိုက်ကြမ်းတယ် အခုဖြစ်စဉ် မဖြစ်မီက ဆရာမ ဒေါ်နှင်းယုနွယ်ကို ချစ်ရေးကြိုက်ရေး ဆိုတယ်ပြောတယ်။ ရွှေဘယ်နှစ်ကျပ်နဲ့ တင်တောင်းမယ် ဒီလိုမျိုးတွေပြောလို့ ဆရာမ မိသားစုနဲ့လည်း စကားများခဲ့တာရှိတယ်ဆိုတယ်။ ဒီဖြစ်စဉ်မှာ တချို့ မြင်လိုက်တဲ့ လူလည်း ရှိတယ်လို့ပြောတယ်။ အားလုံးက နောက်ရန်ကို ကြောက်ပြီး ဘယ်သူမှ ဖွင့်မပြောရဲကြဘူး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျွန်းပေါ် ပေါက်တောကျေးရွာသည် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ( ULA / AA ) ထိန်းချုပ်ထားသည့် နယ်မြေတခုဖြစ်ပြီး AA သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အမှုအခင်းများနှင့် ပတ်သက်၍ တရားစီရင်ရေးများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်အတွင်း မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများအပြင် တရားဥပဒေ အဆုံးအဖြတ် ခံယူရမည့် အမှုအခင်းများ အားလုံးကို အီးမေး(လ်)၊ တယ်လီဂရမ်၊ VK စသည့် လိပ်စာများမှတဆင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁ ရက်ကတည်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နယ်မြေစိုးမိုးရေးအနေဖြင့် ရခိုင်ပြည်နယ်၏ ၆၀ ရာခိုင်နှုန်းခန့်ကို AA က ထိန်းချုပ်ထားနိုင်ကြောင်း ၂၀၂၂ခုနှစ်၊ မတ် ၅ ရက်က ပြုလုပ်သော AA သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောထားသည်။
ဆရာမဒေါ်နှင်းယုနွယ်၏ အလောင်းအားလည်း ယင်းနေ့ ညနေပိုင်းတွင်ပင် ချက်ချင်း သဂြိုဟ်လိုက်သည့်အတွက် လုံလောက်သည့် ဆေးစစ်ချက်များ ရယူနိုင်ခြင်း မရှိဘဲ သတ်ဖြတ်မခံရမီ အဓမ္မပြုကျင့်ခံရမှု ရှိမရှိ ဆိုသည်မှာလည်း တိတိ ကျကျ ဖော်ထုတ် စစ်ဆေးနိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာ ULA / AA တာဝန်ရှိသူများ ကလည်း အဓမ္မပြုကျင့်ခံမှု ရှိမရှိဆိုသည့်အပေါ် တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ ပညာရေးအသိုင်းအဝန်းမှ ဆရာမတဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူ တရားခံ အစစ်အား စုံစမ်းထုတ်ဖော်ပြီး ကြီးလေးသောပြစ်ဒဏ် ( သို့မဟုတ် ) သေဒဏ် အပြစ်ပေးရန် ပညာရေး အသိုင်းအဝိုင်းနှင့် ရခိုင်ပြည်သူများက တောင်းဆိုထားသည်။
You may also like these stories:
ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်