ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA)က ဘူးသီးတောင်မြို့နယ်တွင် ရာဇဝတ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် မွတ်စလင်ကျေးရွာများ အတွင်း တပ်ဖွဲ့ဝင်များက အင်အားအများပြားဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် မြောက်ပ်ိုင်းရှိ ဦးလှဖေကျေးရွာ၊ ဆေးအိုးကျရွာ၊ ရွက်ညိုတောင်ရွာ၊ သိမ်တောင်ရွာ၊ ဖုံညိုလိပ်ရွာ၊ အတွင်းငှက်သေရွာ၊ ဒိုးတန်း၊ ဝါးရကျွန်း၊ ကျွန်းပေါက် စသည့် ကျေးရွာများသို့ ဝင်ရောက်ရှာဖွေနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ရည်ရွယ်ချက်မှာ နယ်မြေတွင်း တရားဥပဒေ စိုးမိုရေးနှင့် ရာဇဝတ်မှုကျူးလွန်နေသည့်အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးဖြစ် ပြီး စက်တင်ဘာလ တတိယအပတ်မှစ၍ ပိတ်ဆို့ရှာဖွေမှု လုပ်ခြင်းဖြစ်ကြောင်း ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဘူးသီးတောင်ဘက်မှာ ဒေသခံပြည်သူတွေကို ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေးအတွက် ကျနော်တို့ အာရက္ခပြည်သူ့အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ဒီလူဆိုးဂိုဏ်းတွေ အခြေစိုက်တဲ့ ကျေးရွာတွေကို ပိတ်ဆို့ ရှာဖွေနေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရှာဖွေဖမ်းဆီးမှုအခြေအနေနှင့် ပတ်သက်၍ သံသယရှိသူ မည်မျှ ဖမ်းဆီးစစ်ဆေးနေသည်၊ မည်သည့် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသူများကို ရှာဖွေဖမ်းဆီးနေသည်ဆိုသည့် အသေးစိတ် အခြေအနေကို လတ်တလော ထုတ်ဖော် ပြောကြားရန် မရှိသေးကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
သို့သော် ဒေသခံများ၏ ပြောဆိုချက်အရ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) သည် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် မွတ်စလင်ရွာသားအား မကြာခဏဆိုသလို ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လူသတ်မှုများကို ကျူးလွန်နေကြောင်း သိရသည်။
အထူးသဖြင့် မွတ်စလင်လုပ်ငန်းရှင်များနှင့် ရက္ခိုင့်တပ်တော် (AA) အား ထောက်ခံသူများကို ပစ်မှတ်ထားကာ ARSA အဖွဲ့ က ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ မွတ်စလင်ရွာသားများက ဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ မွတ်စလင် ရပ်ရွာလူကြီးတဦးက “ပိတ်ဆို့ စစ်ဆေးခံရတဲ့ မွတ်စလင်ကျေးရွာက အားလုံး ၉ ရွာလောက် ရှိတယ်။ AA က ဖမ်းသွားတဲ့ လူအရေအတွက် ဘယ်လောက်ဆိုတာတော့ အသေးစိတ် မသိနိုင်ဘူး။ အခု အခြေအနေက ကျနော်တို့ မွတ်စလင်ရွာတွေမှာ AA သတင်းပေးတွေရှိသလို၊ ARSA သတင်းပေးနဲ့ စစ်တပ်ကို သတင်း ပေးသူတွေလည်း ရှိနေတဲ့အခါကျတော့ တယောက်ကိုတယောက် မယုံကြည်ရဲကြဘူး။ အားလုံးက အကြောက်တရားတွေ ကြီးစိုးနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြေအနေတွင် ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ မွတ်စလင်ရွာများဖြစ်သည့် ဒိုးတန်းရွာမှ ၃ ဦး၊ ဝါးရကျွန်းကျေးရွာမှ ကူးတို့သမား ၂ ဦး၊ ကျွန်းပေါက်ကျေးရွာမှ ၁ ဦးတို့ AA တပ်ဖွဲ့ဝင်များထံ စစ်ဆေးခံနေရကြောင်းလည်း ဒေသခံများက ဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်းက အမည်မဖော်လိုသည့် မွတ်စလင်ရွာသားတဦးက “အာဆာအဖွဲ့ဝင်တွေနဲ့ လူသတ်တရားခံ တွေကို AA က ရှာဖွေဖမ်းဆီးနေတာကိုတော့ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးတဲ့နေရာမှာ တကယ့် ရာဇဝတ်သား၊ လူဆိုးတွေ ဖြစ်ဖို့လိုတယ်။ အဲဒီလို ဖမ်းဆီးတဲ့နေရာမှာလည်း နိုင်ငံတကာ စံချိန်စံညွှန်း၊ ဥပဒေတွေနဲ့အညီ လုပ်ဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲ ကျနော်တို့ မွတ်စလင်ကျေးရွာသားတွေ အကြောက်တရားကြီးအောင်၊ သူတို့ကို အကြောက်တရားနဲ့ ထောက်ခံလာအောင်တော့ မလုပ်မိဖို့ လိုတယ်လို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ဒေသဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အကြမ်းဖက်ရာဇဝတ်ဂိုဏ်းများ ၏ လှုပ်ရှားမှု၊ ၎င်းတို့ကို အားပေးထောက်ခံနေသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ULA/ AA တပ်ဖွဲ့ဝင်များက သေချာ စောင့်ကြည့်လျက်ရှိပြီး ဒေသအခြေအနေ၊ လိုအပ်ချက်အပေါ် မူတည်၍ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကာ လူဆိုး ဂိုဏ်းများနှင့် တစုံတရာပတ်သက်ဆက်နွယ်မှုမရှိသည့် အပြစ်မဲ့ရွာသားများအနေဖြင့် စိုးရိမ်မှုမဖြစ်ပွားကြရန်လည်း ဦးခိုင် သုခက ပြောသည်။
ARSA အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူကာ ဒုစရိုက်မှုအမျိုးမျိုးကျူးလွန် လာသည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းတို့အား လုံးဝလက်မခံတော့ဘဲ လိုက်လံရှာဖွေဖမ်းဆီးမှုများ ရှိလာသော ကြောင့် လတ်တလောအခြေအနေတွင် မောင်တောခရိုင်အတွင်းသို့ တနေ့တခြား စိမ့်ဝင်ရောက်ရှိလာခြင်း ဖြစ်ကြောင်း မောင်တောဒေသခံများက ဆိုသည်။
ARSA အဖွဲ့လှုပ်ရှားမှုများအပေါ် နယ်မြေခံ စစ်ကောင်စီတပ်အရာရှိများနှင့် AA အဖွဲ့မှ နယ်မြေတာဝန်ခံများကလည်း သိရှိ ထားကြောင်း၊ ထိုသို့ ARSA အဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားမှုများ ရှိနေသည့်အတွက် မွတ်စလင် စီးပွားရေးသမားများကြား တွင်လည်း ပြန်ပေးဆွဲ ငွေညှစ်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဘူးသီးတောင်မြို့နယ်အတွင်း အမည်မဖော်လိုသည့် မွတ်စလင်တဦးက ပြောသည်။
ထိုသို့ ARSA အဖွဲ့ဝင်ရောက်မှုနှင့်အတူ မွတ်စလင်ရွာသားများ သတ်ဖြတ်ခံရမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလာပြီးနောက် ယခုကဲ့သို့ AA တပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
ARSA သည် ပြီးခဲ့သော၂၀၁၆၊၂၀၁၇ ခုနှစ်က မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်ရဲစခန်းများကို အင်အား အလုံး အရင်းဖြင့် တပြိုင်တည်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်ကာ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော စသည့် ၃ မြို့နယ်၌ ၃ ဖွဲ့ခွဲ လှုပ်ရှားလျက်ရှိပြီး အင်အား ၃၀၀ ဝန်းကျင်ရှိကြောင်း လေ့လာစောင့်ကြည့်သူများ၏ ပြောဆိုချက်အရ သိရသည်။
You may also like these stories:
ဘူးသီးတောင်တွင် မွတ်စလင်ရွာသား ၁ ဦးအား ARSA အဖွဲ့ ဖမ်းဆီးသတ်ဖြတ်
ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ
မောင်တော၌ ရွာသား ၂ ဦးကို ARSA အဖွဲ့ဖမ်းဆီး ကားပါ မီးရှို့
မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်