နိုင်ငံအတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသူများအနေဖြင့် လာမည့်အောက်တိုဘာ ၂ ရက်မှစ၍ မဖြစ်မနေ မှတ်ပုံတင် ရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေး ဦးစီးဌာနက ဆိုသည်။
ပြီးခဲ့သည် ဇူလိုင်လက အွန်လိုင်းဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သူများ မှတ်ပုံမတင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအတိုင်း အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့၌ လုပ်သည့် လုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူများတွေ့ဆုံစဉ် အွန်လိုင်းလုပ်ကိုင်သူများအနေဖြင့် အောက်တိုဘာ ၂ရက်မှစ၍ ဒီဇင်ဘာအတွင်း မှတ်ပုံတင်ကြရန် ထပ်မံ သတိပေး ပြောကြားသည်။
အွန်လိုင်းမှ မှတ်ပုံတင်ရန် Online Sales Registration System ကို မကြာမီ စတော့မည်ဖြစ်ရာ အောက်တိုဘာလ ၂ ရက် မှစ၍ မှတ်ပုံတင်လျှောက်လွှာ(Online Application Form) ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ လျှောက်လွှာအတွက် ကျပ် ၄၀၀၀ ဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး စမ်းသပ်ကာလအဖြစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပြုမည်ဖြစ်သော်လည်း စမ်းသပ်ကာလကျော်ပါက မှတ်ပုံတင်ကြေး ပေးရမည်ဖြစ်ကြောင်း၊ မည်မျှပေးသွင်းရမည်ကိုမူ ကုန်သွယ်ရေး ဦးစီးဌာနက ဖော်ပြထားခြင်း မရှိသေးပေ။
ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ ရောင်းချနေသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများအားလုံး မှတ်ပုံတင်ရမည်ဖြစ်ကာ မှတ်ပုံတင်လျှောက်ထားရာတွင် ကုမ္ပဏီသို့မဟုတ် စီးပွားရေး အဖွဲ့အစည်း များနှင့် တဦးချင်း စီးပွားရေးလုပ်ငန်းများဟူ၍ လျှောက်ထားနိုင်ကြောင်း၊ လုပ်ငန်းအမျိုးအစားများအနေဖြင့် ပညာရေး၊ ရုပ်သံ၊ ငွေကြေးဆိုင်ရာလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေလုပ်ငန်း၊ ကျန်းမာရေး လုပ်ငန်း၊ လူသုံးကုန်၊ စားသောက် ကုန်၊ ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် အမျိုးစားပေါင်း ၂၀ နှင့် အဝတ်အထည်၊ အလှကုန်ရောင်းချသည့် လုပ်ငန်းများ လည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် မှတ်ပုံတင်လျှောက်ထားသူများသည် မိမိလုပ်ငန်း၏ ဝင်ငွေခွန်၊ စည်ပင်ခွန် ဆောင်ရွက်ထားသည်များကိုလည်း တင်ပြရမည် ဖြစ်ပြီး လုပ်ငန်းအမည်၊ Logo ၊ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာတို့ကိုလည်း ပေးရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်၏ သက်တမ်း မှာ ၂ နှစ် ရရှိမည် ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှ လူသုံးကုန်ပစ္စည်းများ ရောင်းချနေသူတဦးက “အခုက အွန်လိုင်းအထိလိုက်ပြီး အခွန်ဆောင်ခိုင်းတာ၊ သူတို့ ဝင်ငွေရအောင် လိုက်ကြပ်တာနဲ့ အတူတူပဲ။ ကိုဗစ်နဲ့ စစ်အာဏာသိမ်းတာကြောင့် အလုပ်တွေက အဆင်မပြေတော့ အွန်လိုင်းကနေ ဈေးရောင်းတာလေး လုပ်ကြည့်တာ။ ကျမတို့လို တနိုင်တပိုင် လုပ်တဲ့သူတွေအတွက် အဆင်မပြေဘူး။ မှတ်ပုံမတင်ရင် အရေးယူမယ်ဆိုတော့ ဆက်လုပ်ရမလား မလုပ်ရမလား စဉ်းစားနေရပြီ။ ဆက်လုပ်လို့ ရောင်းရရင်လည်း တော်သေး။ အွန်လိုင်းဈေးသည်က သိတဲ့အတိုင်း ဘယ်နေ့ ရောင်းထွက် မထွက်က ပြောမရဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မှတ်ပုံတင် မပြုလုပ်ဘဲ လုပ်ငန်းလုပ်ကိုင်နေသည်ကို တွေ့ပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုစလုံးကို ချမှတ်သွားမည် ဖြစ်ကြောင်း ၊ ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သလို ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင် သည့်အပြင် ဥပဒေအရ တရားရုံးမှ ပြစ်မှုနှင့် သက်ဆိုင်သော ပစ္စည်းများကို ဖျက်ဆီးခြင်း သို့မဟုတ် နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းခြင်း၊ တခြားနည်းလမ်းဖြင့် စီမံခန့်ခွဲခြင်းများ လုပ်ဆောင်နိုင်ကြောင်း ပြဌာန်းထားသည်။
ယင်းဥပဒေပါ ပြစ်မှု ပြစ်ဒဏ်အားလုံးသည် ရဲက အရေးယူပိုင်ခွင့်ရှိကြောင်း ဖော်ပြထား၍ တနိုင်တပိုင် လူမှုကွန်ရက်မှ Online Shop လုပ်ကိုင်နေသူများမှာ စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းနှင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါး လာခြင်းများကြောင့် အွန်လိုင်းမှ ဈေးရောင်းချသည့်လုပ်ငန်းများမှာ တွင်ကျယ်လာခြင်းဖြစ်ပြီး တချို့ အွန်လိုင်းလုပ် ငန်းများမှာ မှန်မှန်ကန်ကန် လုပ်ကိုင်ခြင်းများရှိသလို တချို့မှာလည်း အွန်လိုင်းမှတဆင့် စားသုံးသူများကို လိမ်လည်ခြင်း များလည်းရှိသည်။
ယင်းသို့ စစ်ကောင်စီက အွန်လိုင်းလုပ်ငန်းများကို အရေးကြီးကုန်စည် သတ်မှတ်၍ အခွန်ကောက်ရန် လုပ်ဆောင် လာ ခြင်းမှာ အချိန်မတန်သေးကြောင်း၊ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် စည်းကမ်းစနစ်တကျရှိမှု တို့ အပေါ်တွင် မူတည်ကြောင်း ဥပဒေပညာရှင်များက ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများကို အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်ပြီး စည်းမျည်း စည်းကမ်းများ၊ အမိန့်များကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတိုင်း လိုလိုတွင် အွန်လိုင်းစီးပွားရေးလုပ်ငန်းများအတွက် မှတ်ပုံတင်ရကြောင်း၊ မြန်မာနိုင်ငံ တနိုင်ငံတည်းထူး၍ လုပ်ဆောင်ခြင်း မဟုတ်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြန်လည် တုံ့ပြန်ထားသည်။
ဥပဒေပညာရှင်တဦးက “တိုင်းပြည်မှာ ဥပဒေတွေချည်းပဲ ပြဌာန်းနေတော့ ဘယ်လောက်ရော ဖွံ့ဖြိုးတိုးတက်ပြီးတော့ ခေတ်မီနေတဲ့ တိုင်းပြည် ဖြစ်နေလို့လဲ၊ ပြည်သူတွေကလည်း ချမ်းသာနေကြတဲ့ အနေအထား ရှိနေတဲ့ နိုင်ငံတခုဖြစ်ရဲ့လား၊ လူ့ဘောင်အဖွဲ့အစည်းမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ပတ်သက်တဲ့ စည်းကမ်းနည်းလမ်းတွေရော စနစ်တကျ ရှိပြီလား၊ အဲဒီပေါ်မူတည် ပြီးတော့ ဥပဒေတရပ်ပြဌာန်းဖို့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။ အမေရိကမှာ ဒီဥပဒေတွေရှိလို့ တို့ မြန်မာပြည်မှာလည်း ရှိရမယ် ဆိုပြီးသွားမနှိုင်းနဲ့၊ မြန်မာပြည်က အဝီစိ ဖြစ်နေတာ။ အမေရိကလို နိုင်ငံမျိုးက တာဝတိံသာ ဖြစ်နေတာကို အဲဒီကို လှမ်းလှမ်းကြည့်ပြီး အဲဒီက ဥပဒေကျင့်သုံးလို့ ဘယ်ဖြစ်မလဲ”ဟု ထောက်ပြသည်။
ထို့ကြောင့် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် လူ့အဖွဲ့အစည်း၏ အနေအထားကို သုံးသပ်ရန် လိုအပ်ပြီး အခွန်ကောက် သည့်စနစ်ဆိုသည်မှာ ချမ်းသာသည့်သူများကို အခွန်ကောက်ခြင်းက သက်ရောက်မှု မရှိသော်လည်း ဆင်းရဲနေသည့် ပြည်သူများကို အခွန်ကောက်ခြင်းက ဝန်ထုတ်ဝန်ပိုးဖြစ်ကာ ပြည်သူများဆင်းရဲဒုက္ခ ပိုမိုရောက်စေနိုင်သောကြောင့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်မှာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်
၎င်းက “တိုင်းပြည်မှာ ဖြစ်နေတဲ့အနေအထားက ပြည်သူတွေကို အခွန်ဥပဒေ ပြင်ဆင်လိုက်လို့ အွန်လိုင်းကနေ မှတ်ပုံ တင်ပြီး ဒီက ရတဲ့ဟာတွေ ဆောင်ပါဆိုတော့ အဲ့ဒီလူတွေက ဆောင်နိုင်တဲ့ အနေအထား ရှိဦးမှ၊ ဆောင်နိုင်တဲ့ အနေအထား မရှိဘဲ ဒီလုပ်ငန်းကို မလည်ပတ်နိုင်တော့ဘူး။ မလုပ်နိုင်တော့ဘူး ဆိုရင် ဒီအွန်လိုင်းနဲ့ အဆင်ပြေပြီးတော့ စားနိုင်သောက်နိုင် ရှိတဲ့သူတွေတောင် ဥပဒေနဲ့ ကန့်သတ်လိုက်တော့ တယောက်မှ မလုပ်နိုင်တော့ဘဲနဲ့ ဒီအွန်လိုင်း ရောင်းဝယ်ရေးစနစ်တွေပါ ပျက်စီးသွားနိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ ခုနှစ်အတွင်းက ပြဌာန်းခဲ့ပြီး ကုန်ပစ္စည်းတခုကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပါက ယင်းနှင့် ဆက်စပ်သည့် တင်သွင်း၊ ရောင်းချ၊ လက်ဝယ်ထားမှု၊ သိုလှောင် သယ်ဆောင်၊ ဖြန့်ဖြူး အသုံးပြုခြင်းများကို သက်ဆိုင်ရာ အဖွဲ့က လိုသလို ကြီးကြပ် တားမြစ်နိုင်ကြောင်း အခန်း ၃၊ ပုဒ်မ ၄ တွင်ဖော်ပြထားသည်။
အွန်လိုင်း လုပ်ငန်းများနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေး ကာကွယ်ရန်အတွက် ပြီးခဲ့သည့် NLD အရပ်သားအစိုးရ လက်ထက်ကလည်း လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း တိုင်းပြည်အတွင်းရှိ အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လုပ်ငန်းအသေးများ ကြီးထွားရေးကို ဦးစားပေး လုပ်ဆောင်နေချိန်ဖြစ်သောကြောင့် ယင်းကို ကြပ်မတ်ရန် ဆိုင်းငံ့ထားခဲ့သည်။
You may also like these stories:
တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ
အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း