စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ မိသားစုဝင် ၅ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံကျေးရွာသားများ ထံမှ သိရသည်။
ကလေးတောင်ပိုင်း၊ ကြန်သာကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ မှန်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ကြန်သာနှင့်မှန်တောရွာကြား၌ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ ရှေ့မတိုးနိုင်သည့်အတွက် အနီးဝန်းကျင်ရှိ ရွာ များအား လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ကြန်သာပျူရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က မှန်တောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန် ကျနော် တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့အတွက် တိုက်ပွဲက ၂ ရက်ဆက်တိုက် ပြင်းထန်ခဲ့တယ်။ သူတို့ ကြန်သာနဲ့မှန်တောရွာကြား အောင်သာယာရွာကနေ ရှားဖိုရွာကို လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်။ ၂၇ ရက် နေ့ မွန်းလွဲပိုင်းမှာ ရှာဖိုရွာထဲကို လက်နက်ကြီးတွေကျလို့ မိသားစုဝင် ၄ ဦး ပွဲချင်းပြီးသေတယ်။ အဲဒီမြင်ကွင်းကို မြင်လိုက် တဲ့ အမေဖြစ်တဲ့သူလည်း နှလုံးဖောက်ပြီးတော့ တခါတည်းကို သေသွားခဲ့တယ်” ဟု ဆိုသည်။
သေဆုံးသွားသည့် မိသားစုဝင် ၅ ဦးမှာ အသက် ၂၀ နှစ်မှ ၄၀ ကျော်အရွယ်တို့ဖြစ်ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး ဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် ဒေသခံများမှာလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကျေးရွာသားများက ပြောသည်။
စက်တင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သော ကြန်သာနှင့်မှန်တောကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ၂ ဦး သေဆုံးခဲ့ကြောင်း Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG) အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများကြောင့် စစ်ကောင်စီသည် ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစပြီး ၂၈ ရက် နေ့လယ်ပိုင်းထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ယနေ့ ညနေပိုင်းမှသာ ဖုန်းလိုင်းဆက်သွယ်မှု ပြန် လည်ရရှိခဲ့ကြောင်း၊ ယင်းကြန်သာကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်များကြား လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ ကလေးမြို့အနောက်ဘက်၊ မွန်ထာရပ်ကွက် အမှတ် (၆)၊ (၇) လမ်းပေါ်ရှိ အရပ် သားနေအိမ်များသို့ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး စစ်ဆင်ရေးပုံစံဖြင့် နေရာယူထားသည့်အတွက် ယင်းရပ်ကွက်ရှိ ပြည်သူများ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံတဦးက ဧရဝတီကို ပြောသည်။
အဆိုပါမြို့ခံက “စစ်ကား ၃ စီးနဲ့ အင်အား ၅၀ ကျော်လောက် မွန်ထာရပ်ကွက်ကို လာတယ်။ စစ်သားတွေချပြီး ကားတော့ ပြန်သွားတယ်။ အဲဒီ စစ်သားတွေ မွန်ထာရပ်ကွက်ထဲက ပြည်သူတွေနေအိမ်ထဲကို ဝင်ပြီးတော့ နေရာယူထားတဲ့အတွက် အိမ်ပိုင်ရှင်တွေတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့။ စစ်သားတွေ အခုထိရှိတုန်းပဲ၊ မပြန်သေးဘူး” ဟု ဆိုသည်။
မည်သည့်အတွက်ကြောင့် ထိုသို့ပြုမူသည်ကိုမူ မသိရှိရသော်လည်း အဆိုပါဖြစ်ရပ်ကြောင့် မြို့ခံများအနေဖြင့် စိုးရိမ်လျက် ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ကလေး) အခြေစိုက်ပြီး ခြေလျင်တပ်ရင်း ခလရ-၈၇ (ကလေး)၊ ခလရ-၈၉ (ကလေး)၊ ခလရ -၂၂၈ (ကလေး) နှင့် ခလရ-၂၆၈ (ဖလမ်း) တို့ကို တိုက်ရိုက်ကွပ်ကဲ ထားသည်။
You may also like these stories:
ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်
ကလေး- ဂန့်ဂေါလမ်းတလျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်