မြန်မာစစ်ကောင်စီခေါင်းဆောင်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်းတို့ လွန်ခဲ့သော အပတ်ကုန်က တွေ့ဆုံခြင်းသည် စစ်ကောင်စီကို ကရင်ပြည်သူများ၏ လက်နက်ကိုင်ပုန်ကန်မှုနှင့် မသက်ဆိုင်ဟု KNU က ထုတ်ပြန်ကြေညာခဲ့သည်။
စနေနေ့တွင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးဆေးဖိုးသည် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ဖြစ်ကြောင်း စစ်ကောင်စီ ပြောသည်။ သူနှင့်အတူ KNU ဗဟိုကော်မတီဝင်ဟောင်း စောရော်ဂျာခင်နှင့် လက်ရှိ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒို ရွှေမောင်းတို့ လိုက်ပါလာသည်။
ဒူးပလာယာခရိုင်သည် KNU ပိုင်နက်အတွင်း မတည်ငြိမ်ဆုံး ဒေသဖြစ်ပြီး KNU နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားသည်။
“ယခု တွေ့ဆုံမှုသည် အာဏာသိမ်းစစ်ကောင်စီမှ ကေအန်ယူအတွင်း ရှုပ်ထွေးမှု ဖြစ်အောင် ပြုလုပ်သည့် လုပ်ရပ်” ဟု အောက်တိုဘာလ ၂ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်ကြေညာသည်။
KNU ပြောခွင့်ရသူ စောတောနီးက ထိုဥက္ကဋ္ဌဟောင်း ဦးဆောင်သည့် အုပ်စုသည် KNU ကို ကိုယ်စားမပြုကြောင်း တနင်္ဂနွေနေ့က ကြေညာသည်။
“အဲဒီတွေ့ဆုံမှုက KNU နဲ့ မဆိုင်ဘူး။ ဒါကြောင့် ဘာမှ သက်ရောက်မှု မရှိနိုင်ဘူး။ သိပ်စိတ်မပူဖို့ ပြည်သူတွေကို ကျနော်တိုက်တွန်းတယ်” ဟု သူပြောသည်။
ကရင်အမျိုးသား မီဒီယာသို့ ပြောကြားရာတွင် KNU က ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းသည် “တာဝန်မရှိသူ” ဖြစ်ကြောင်းပြောကြားပြီး ဒုဥက္ကဋ္ဌ၊ ထိုဒေသမှ တပ်မဟာမှူးနှင့် ခရိုင် အတွင်းရေးမှူးသည် နေ့စဉ် စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းများကို တာဝန်ယူနေကြောင်းလည်း ပြောသည်။
နိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် KNU တွင် လက်နက်ကိုင် အဖွဲ့အစည်း ၂ ခုရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO တို့ဖြစ်သည်။ KNU သည် တနိုင်ငံလုံးပစ်ခတ်တိုက်လိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့သည် ထိုစာချုပ်နှင့်မပတ်သက်တော့ကြောင်း သြဂုတ်လက ကြေညာခဲ့သည်။ ထိုစာချုပ်သည် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကြောင့် ပျက်ပျယ်သွားကြောင်း ၎င်းတို့ ပြောသည်။
အာဏာသိမ်းပြီးနောက် KNU သည် စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် ထွက်ပြေးလာသည့် နိုင်ငံရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သပိတ်မှောက် အစိုးရဝန်ထမ်းများနှင့် အနုပညာရှင်များ အပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ခိုလှုံခွင့်ပေးသည်။
KNU သည် အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အဖွဲ့ဝင်များဖြစ်လာသည့် စစ်ကောင်စီဆန့်ကျင်ရေး လူငယ် တက်ကြွ လှုပ်ရှားသူများထောင်ပေါင်းများစွာကိုလည်း စစ်သင်တန်းပေးသည်။
လက်ရှိအချိန်တွင် KNU သည် နိုင်ငံတွင် အတက်ကြွဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး PDFs များနှင့်အတူ စစ်ကောင်စီကို ကရင်ပြည်နယ်တွင်သာမက မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတွင်လည်း တိုက်ခိုက်နေသည်။
PDFs များနှင့်အတူ KNU သည် စစ်ကောင်စီအုပ်ချုပ်ရေးမြို့တော် နေပြည်တော်ပတ်ဝန်းကျင်တွင် တိုက်ခိုက်မှု အရှိန်မြှင့်တင်နေပြီး စစ်ကောင်စီ၏ အာဏာအခြေစိုက်ဒေသကို ခြိမ်းခြောက်နေသည်။
စစ်ကောင်စီက ထုတ်ပြန်သည့် ကြေညာချက်အရ စောမူတူးဆေးဖိုးနှင့် ကိုယ်စားလှယ်များက စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်အတွင်း NCA လက်မှတ်ထိုးပြီးနောက် ငြိမ်းချမ်းရေးအတွက် အခိုင်အမာ ရပ်တည်ကြောင်း၊ ထိုသဘောတူစာချုပ်သည် ထာဝရတည်မြဲသည့် ဥပဒေအထောက်အထားဖြစ်ကြောင်း ပြောသည်ဟု သိရသည်။
KNU ခေါင်းဆောင်ဟောင်းများနှင့် စစ်ကောင်စီခေါင်းဆောင် တွေ့ဆုံခြင်းသည် KNU ကို ကိုယ်စားမပြုသောကြောင့် ထူးထူးခြားခြား စိုးရိမ်စရာမရှိ သော်လည်း အရှုပ်အထွေးအချို့ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက ဧရာဝတီသို့ပြောသည်။
ထို KNU ခေါင်းဆောင်ဟောင်းများသည် အဖွဲ့အစည်း၏ ဆန္ဒကို ဆန့်ကျင်လုပ်ဆောင်ခြင်း မှာ အဖွဲ့ကို စာနာမှု မရှိကြောင်း ပြသနေသည်ဟုလည်း သူပြောသည်။
“မူတူးစေးဖိုးနဲ့ စောရော်ဂျာခင်တို့က KNU ထိပ်တန်းခေါင်းဆောင်တွေအဖြစ် နှစ်ပေါင်းများစွာလုပ်ခဲ့တယ်။ အဖွဲ့အစည်းတခုရဲ့ခေါင်းဆောင်တွေဆိုတာ သူတို့အဖွဲ့အစည်းကို သစ္စာခံရတယ်။ သူတို့အဖွဲ့အစည်းဟောင်းအတွက် ပြဿနာတွေ မဖန်တီးသင့်ဘူး” ဟုလည်း သူပြောသည်။
You may also like these stories:
စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်
မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ
NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း