စစ်ကောင်စီအတွက် လက်နက်များဝယ်ပေးနေသည့် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ရင်းနှီးသူ လူငယ် ခရိုနီတဦးကို တနင်္လာနေ့ညက ရန်ကုန်တွင် ပစ်သတ်လိုက်ကြောင်း ရန်ကုန်တော်လှန်ရေးအဖွဲ့တခုက ထုတ်ပြန်သည်။
ကိုဉာဏ်ဟု သိကြသော ဉာဏ်လွင်အောင်သည် ပြည်သူလူထုကို ဖိနှိပ်ရန် မျက်နှာခွဲခြား သိရှိနိုင်သော စီစီတီဗွီများ တင်သွင်းရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု မြို့ပြဇီးကွက် ပြောက်ကျားအဖွဲ့ က ပြောသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဉာဏ်လွင်အောင်ကို တနင်္လာနေ့ညက လမ်းမတော်မြို့နယ်တွင် ပစ်သတ်လိုက်ကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်သည်။
Facebook တွင်ပျံ့နှံ့နေသည့် ပုံများအရ သူသည် ဘာသာရေးအဆောက်အဦးတခုတွင် ပစ်သတ်ခံရပုံရပြီး စစ်ကောင်စီ လိုလားသော မီဒီယာများက သူ အပြင်းအထန်ဒဏ်ရာရသည်ဟုသာ ဖေါ်ပြသည်။
ဉာဏ်လွင်အောင်သည် ထိုင်း၊ တရုတ်၊ ရုရှားနှင့် အာရပ် စော်ဘွားများနိုင်ငံတို့တွင် စီးပွားရေးလုပ်ငန်းများရှိပြီး ငွေကြေးခဝါချရန် ခရီးသွားလုပ်ငန်းတခုကို ထူထောင်ထားကြောင်း မြို့ပြဇီးကွက်များက ကြေညာချက်တွင် ဖေါ်ပြထားသည်။ သူသည် စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် ရုရှားသို့ လိုက်ပါသွားခဲ့ဖူးသည်ဟုလည်း ဖေါ်ပြထားသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကို ထောက်ခံသူအဖြစ် ကျော်ကြားပြီး သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေး အင်အားစုကို လူမှုကွန်ရက်တွင် မကြာခဏဆဲဆိုကာ အလုပ်သမားများကို စစ်တပ်၏ သစ္စာအဓိဌာန်များကိုလည်း နံနက်တိုင်း ရွတ်ဖတ်စေသူဖြစ်ကြောင်း အထက်ပါအဖွဲ့က ဖေါ်ပြသည်။
ထိုပြောဆိုချက်များကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
စစ်ကောင်စီခရိုနီများကို ဆက်လက်အရေးယူမည်ဖြစ်ကြောင်းလည်း အထက်ပါအဖွဲ့က ကတိပြုသည်။
“လျှပ်စစ်ကားများမှ လက်နက်များ တင်သွင်းခြင်းအထိ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လူငယ်စီးပွားရေးသမားများ စာရင်းကို ပြုစုထားပြီး အခွင့်အလမ်းရပါက တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ အရေးယူဆောင်ရွက်သွားမည်” ဟု မြို့ပြဇီးကွက်များက ဖေါ်ပြသည်။
ထိုလုပ်ကြံသတ်ဖြတ်မှုအပြီး ရန်ကုန်မှ စစ်တပ်များက လမ်းများကို ပိတ်လိုက်သော်လည်း ၄င်တို့အဖွဲ့ဝင်များ ဘေးကင်းလွတ်မြောက်ကြောင်း ထိုအဖွဲ့ကဖေါ်ပြသည်။
မတ်လတွင် မြို့ပြဇီးကွက်များသည် စစ်ကောင်စီကို ဥပဒေကိစ္စများနှင့် ငွေကြေးခဝါချမှုများတွင် ကူညီနေသည့် ခရိုနီ မင်းတေဇာညွန့်တင်ကို ပစ်သတ်ခဲ့သည်။
ဇွန်လတွင် ထိုအဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအကြီးအကဲ ရဲခိုင်ကို လုပ်ကြံသတ်ဖြတ်သည်။ သူသည် နိုင်ငံမှ ထွက်ခွာရန် ကြိုးစားသည့် အနုပညာရှင်များနှင့် သပိတ်မှောက် အစိုးရ ဝန်ထမ်းမျာအပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းရာတွင် ကြီးကြပ်သူဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများက ပစ်မှတ်ထားလာသည်။ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး ကုမ္ပဏီမှ ဘဏ္ဍာရေးအရာရှိချုပ် ရေတပ်ဒုဗိုလ်မှူးကြီးဟောင်း သိန်းအောင်ကို ရန်ကုန်တော်လှန်ရေးအင်အားစုက ပစ်သတ်လိုက်သည်။
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နှင့် သူ၏ သားမက် ဗိုလ်ကြီးဟောင်း ရဲတေဇာကို အင်းလျားမြို့ပြပြောက်ကျားအဖွဲ့က လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ပစ်သတ်ခဲ့သည်။
You may also like these stories:
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို
စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ
စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ
အွန်လိုင်းငွေလိမ်သူများ ရန်ကုန်တွင် ရုံးခန်းများဖွင့်လာ
ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်