ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရှဒူးဇွပ်ကျေးရွာအနီးမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၄ ၏ ကနွယ်တူ ရှေ့တန်း ကာကင်းစခန်းအား စစ်ကောင်စီဘက်က လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် စွန့်လွှတ်ခဲ့ရ ကြောင်း KIA ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောဆိုသည်။
အဆိုပါ ကင်းစခန်းအား စစ်ကောင်စီ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းအချိန်တွင် အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “တပ်ရင်း ၁၄ ရဲ့ ရှေ့ကာကင်းစခန်းတခု ကျသွားတယ်လို့တော့ သတင်း ရပါတယ်။ မနက် အစောကြီး မိုးမလင်းခင်မှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်စီးပြီးမှ စခန်းကို သိမ်းလိုက်တယ်။ စခန်းကို မီးရှို့ပစ်လိုက်တယ်လို့ သတင်းရပါတယ်။ အင်အားက မျှတမှု မရှိဘူး၊ အဲဒါကြောင့် ကျနော်တို့ အဖွဲ့တွေလည်း ရှောင်သွားတဲ့သဘောရှိပါတယ်” ဟု ပြောသည်။
အဆိုပါ ကနွယ်တူစခန်းတွင် ပုံမှန်အားဖြင့် KIA တပ်ဖွဲ့ဝင် အင်အား ၅ ဦးမှ ၁၀ ဦးအကြားသာ တပ်စွဲနေထိုင်ကြ ကြောင်း၊ တိုက်ခိုက်မှုအတွင်း ထိခိုက်ကျဆုံးသူမရှိခဲ့ဘဲ လက်နက်ခဲယမ်းတချို့သာ ဆုံးရှုံးမှုရှိခဲ့ကြောင်းလည်း KIA ဘက်က ဆိုသည်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ တယ်လီဂရမ်စာမျက်နှာတွင် KIA ကနွယ်တူ စခန်းအား တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်း တခုကို ဖော်ပြထားပြီး စခန်းအား မီးရှို့ဖျက်ဆီးနေပုံများ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့သည့် ပုံများကိုလည်း ဖြန့်ဝေထားသည်။
ရှဒူးဇွပ်ကျေးရွာသည် တနိုင်းမြို့နှင့် ကာမိုင်းမြို့အကြား လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ကနွယ်တူ KIA ကင်းစခန်းမှာ ရှဒူးဇွပ်ကျေးရွာနှင့် ငါးမိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
မင်းဇေသန့်ဆိုသူ ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့များအခြေစိုက်ရာ ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်စခန်း ၃ ခုအား ပြီးခဲ့သည့် ဇူလိုင် ၈ ရက် မနက်အစောပိုင်းက KIA တပ်မဟာ-၂၊ တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်များက တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသုံးခုအား သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ ပြည်သူ့စစ်စခန်းသိမ်း တိုက်ပွဲတွင် ဝါရာဇွပ်ပြည်သူ့တပ်ဖွဲ့ဘက်က ၁၅ ဦးခန့် သေဆုံးခဲ့ပြီး KIA ဘက်ကလည်း တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
You may also like these stories:
စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ
ကချင်ပြည်နယ်ရှိ စစ်ကောင်စီ စခန်းများ KIA နှင့် PDF တိုက်ခိုက်
နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ