လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည့် ဘန်ကောက်မြို့လည်ကုန်တိုက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် ကလေးက “ပစ်သတ်” ဟု ပြောနေသည့် အသံများကို ကြားရသည်ဟု ဆိုသည်။
ယခု ပစ်ခတ်မှုသည် ထိုင်းမြို့တော်၏ အချက်အချာကျသော Siam Paragon ကုန်တိုက်၌ အောက်တိုဘာလ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည်။
ထိတ်လန့်တုန်လှုပ်နေသော ဈေးဝယ်သူ ရာပေါင်းများစွာ လမ်းမများပေါ်သို့ ထွက်ပြေးခဲ့ကြသည်။
ထိုင်းနိုင်ငံ ရဲချုပ် ထော်ဆတ်စွတ်ဝီမိုး Torsak Sukwimol က အသက် ၁၄ နှစ်အရွယ် သံသယ တရားခံကို ထိန်းသိမ်းထားသော်လည်း စစ်ဆေးမေးမြန်းရန် ရှုပ်ထွေးလွန်းကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
“သူဟာ စိတ်ဝေဒနာရှင်ဖြစ်ပြီး ရာဂျာဝိထီ Rajavithi ဆေးရုံမှာပါ။ သူသောက်ရမယ့်ဆေးကို သူ မသောက်ရသေးပါဘူး” ဟု ထော်ဆတ် ပြောသည်။
“ဘယ်သူကို ပစ်သတ်ရမယ်ဆိုပြီး တခြားလူက ပြောနေတယ်လို့ သူက ပြောတယ်” ဟုလည်း ဆိုသည်။။
ဗီဒီယိုမှတ်တမ်းများတွင် အနက်ရောင်အင်္ကျီ၊ မျက်မှန်နှင့် အမေရိကန်အလံပုံပါ ဦးထုပ်ကို ဝတ်ဆင်ထားသည့် ဆံပင်ရှည်ရှည် ယောက်ျားလေးတဦးအား ရဲများက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။
ကုန်တိုက်ပစ်ခတ်မှုတွင် တရုတ်နိုင်ငံသားတဦး၊ မြန်မာနိုင်ငံသားတဦး ဖြစ်သည့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲချုပ်က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆက်ထာ ထဝီဆင် Srettha Thavisin က သေဆုံးသူများ၏ မိသားစုများအား ဝမ်းနည်းကြောင်း ပြောကြားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဆိုသည်။
“အခုအချိန်မှာ ကျနော် အစိုးရိမ်ဆုံးကတော့ နိုင်ငံသားအားလုံးရဲ့ လုံခြုံရေးပါပဲ” ဟု လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။
“ဝန်ထမ်းအားလုံး အခြေအနေကို စောင့်ကြည့်ဖို့ ကျနော် တောင်းဆိုပါတယ်။ အားလုံး ဘေးကင်းကြပါစေ။”
Siam Paragon နှင့် မီတာအနည်းငယ်မျှအကွာတွင် ရှိသော The Essence ဟုခေါ်သည့် ပုဂ္ဂလိကကျောင်းတကျောင်းက သံသယတရားခံသည် ၎င်းတို့၏ ကျောင်းသားတဦးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူများ၏ မိသားစုများအား ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
“ပါဝင်ပတ်သက်သူတွေရဲ့အကျိုးအတွက် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု စာသင်နှစ်တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ ရှိသော ကျောင်း၏ ဒါရိုက်တာ ဝီဝက် ကတီသမ်မနစ် Wiwat Catithammanit က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ဘန်ကောက်မြို့၏ ထိပ်တန်းဈေးဝယ်စင်တာတခုဖြစ်သည့် Siam Paragon သည် ခရီးသွားများနှင့် ထိုင်းလူမျိုးများကြား အလွန်ရေပန်းစားသည်။
သေဆုံးသူများထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်ဆိုသူ ပါဝင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မမိုးမြင့်၏ အလုပ်ရှင်က “ ကျမအလုပ်သမားဟာ တော်လည်းတော်တယ် ဘာသာစကားဆို ထိုင်း – အင်္ဂလိပ် -တရုတ် ဘာသာစကားအများကြီး ပြောနိုင် ရေးနိုင်တာ၊ လစာလည်းကောင်းတယ်။ ကျမတော့ အမှုကို ကျူးလွန်သူကို ငယ်ငယ် ကြီးကြီး ဘယ်သူဖြစ်ဖြစ် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ကျစေချင်ပါတယ်၊ ကျမအလုပ်သမားကို ကျမအနေနဲ့လည်း တတ်နိုင်သလောက် နစ်နာကြေးကူမှာပါ” ဟုပြောသည်။
မမိုးမြင့်အား ဆေးရုံတွင် ၁နာရီခန့်ကြာအောင် ကုသပေးသော်လည်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူများ၏ ဈာပနအတွက် ဘုရင့်တော်ဝင်နန်းတော်မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား။ ။ AFP, Thai Rath
You may also like these stories:
မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်
ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်
တရုတ်က မြန်မာနယ်စပ်တွင် ကန့်သတ်နယ်မြေ ထူထောင်မည်
ခရိုနီလက်နက်ပွဲစား ရန်ကုန်တွင် ပစ်သတ်ခံရ
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို
စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ