ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တဝိုက် ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ (CDF) က နယ်မြေစိုးမိုးမှုများ ပိုမို လုပ်ဆောင်လာနိုင်သလို မြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေပြီး မြို့ကို သိမ်းပိုက်နိုင်ဖို့အထိ ကြိုးပမ်းလျက်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ၂၇ ရက်က ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF ကန်ပက် လက်က ဝင်ရောက်တိုက်ခိုက်ပြီး မြို့နှင့် ၄ ဖာလုံခန့်အကွာ မြို့အဝင်မုခ်ဦး၌ CDF အလံတို့ကို လွှင့်ထူခဲ့ရာ လက်ရှိတိုင် ထိုအလံများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
CDF ကန်ပက်လက်တပ်ဖွဲ့မှ ခေါင်းဆောင်တဦးက “ကျနော်တို့ မြို့ပေါ်ကို ပိုပြီးတော့ ချဉ်းကပ်လာတယ် ဆိုတာ ပြသတဲ့ သဘောပဲ။ ကျနော်တို့ ရည်မှန်းချက်က ဘာလဲဆိုတော့ အားလုံး သိကြမယ်ထင်ပါတယ်။ မြို့ပေါ်ကို ဝင်တိုက်ဖို့လည်း လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းထားတယ်။ အမြဲစောင့်ကြည့်ပြီးတော့ တိုက်ခိုက်နိုင်ဖို့အတွက် ကြိုးစား နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီတပ်သည် လက်ရှိ ကန်ပက်လက်ဒေသတွင် လှုပ်ရှားနိုင်ခြင်း မရှိတော့သော်လည်း မြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ပညာရေးမှူးရုံး၊ ရဲစခန်း စသည့် ၅ နေရာတွင်သာ မတူပီအခြေစိုက်တပ်ရင်းများ၊ ပြည်မ ဘက် မှတပ်မ၊ တပ်ရင်း ထုတ်နုတ်အင်အားများ အပါအဝင် အင်အား၂၀၀ ကျော်ဖြင့် နေရာယူထားကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက်တိုက်ပွဲတွင် မနက်ပိုင်းက ကန်ပက်လက် ထွေ/အုပ်ရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သလို ယင်းနေ့ မွန်းလွဲပိုင်းမှာပင် မြို့နယ်ပညာရေးမှူးရုံး၌ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း CDF ခေါင်းဆောင်က ဆက်လက် ပြောဆိုသည်။
၎င်းက “ထွေ/အုပ်ရုံး တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်သား ၃၊ ၄ ယောက်လောက် ကျတယ်။ ကျနော်တို့ စခန်းတခုလုံးကို သိမ်းပိုက်နိုင်တဲ့ အနေအထား ရှိခဲ့တယ်။ ဒါပေမယ့် ဘန်ကာတွေကို ဖြိုမယ့် လက်နက်ကြီး ပစ်ကူတွေ ထိထိရောက်ရောက် မပေးနိုင်ခဲ့တဲ့အတွက် ပြန်ဆုတ်လာခဲ့ရတာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် CDF တပ်ဖွဲ့ဝင်များသည် နယ်ဘက်ဒေသအားလုံးကို ထိန်းချုပ်စိုးမိုးထားပြီး စစ်ကောင်စီထောက်တိုင်ဌာန ဆိုင်ရာများကိုလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တိုက်တွန်းထားကာ CDM မပြု လုပ်သည့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဆန်းဦး၊ မြို့နယ် မြေစာရင်းဦးစီးမှူး၊ ဦးဗန်တိုးအပါအဝင် ပညာရေး၊ သစ်တောစသည့် ဌာနဆိုင်ရာများမှ ဌာနကြီးမှူးများကိုလည်း၂၀၂၂ ဇွန်လကတည်းက နယ်နှင်ဒဏ် ပေးထားသည်။
ထိုသို့ နယ်ဘက်ဒေသအားလုံးနီးပါး CDF တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားနိုင်သော်လည်း ကန်ပက်လက်မြို့နယ်ပေါ် ၅ နေရာ နှင့် မြို့နယ်တွင်းရှိ ကျင်းဒွေးမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမူ အပြီး အပြတ် ရှင်းလင်းနိုင်ခြင်း မရှိသေးပေ။
ကန်ပက်လက် CDF တပ်ဖွဲ့မှ ခေါင်းဆောင်တဦးက “ကန်ပက်လက်မြို့နယ်အတွင်းမှာ နယ်ဘက်ဒေသ အားလုံးနဲ့ ကုန်စည် စီးဆင်းမှု လမ်းကြောင်းတွေက ကျနော်တို့ ထိန်းချုပ်မှု လက်အောက်မှာပဲ ရှိတယ်။ မြို့ကိုလည်း မကြာခဏ ဆိုသလို ဝင်ရောက် တိုက်ခိုက်ပြီး ဖိအားပေးနိုင်တယ်။ တခုရှိတာက မကွေးတိုင်းအစပ် ကျင်းဒွေးမြို့ကတော့ စစ်ကောင်စီ အုပ်ချုပ် မှုအောက်မှာပဲ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများသည် ထွေ/အုပ်ရုံး၊ ရဲစခန်း၊ ပညာရေးမှူးရုံး၊ အထက ၁ ကျောင်းနှင့် ရန်အောင်စေတီကုန်းတို့တွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း CDF ခေါင်းဆောင်များက ဆိုသည်။
“မြို့ပေါ်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ကျနော်တို့ တတ်နိုင်သလောက် စားနပ်ရိက္ခာတွေ ဖြတ်တောက်ထားတော့ သူတို့ စစ်ယာဉ်တန်းတွေနဲ့ ရိက္ခာ လာမပို့နိုင်တော့ဘူး။ ရဟတ်ယာဉ်နဲ့ပဲ ရံဖန်ရံခါ လာပို့တာတွေ့တယ်။ ကျနော်တို့ဘက်ကတော့ ရည်မှန်းချက်အမြန်ဆုံး ရောက်ရှိဖို့အတွက် လက်နက်ကြီးလိုအပ်ချက်ကို အခု ဝိတိုရိယ သူရဲကောင်းကမ်ပိန်း လုပ်နေပါ တယ်။ ကမ်ပိန်းအောင်မြင်သွားရင်တော့ လိုအပ်တဲ့ စစ်လက်နက်တွေ ဖြည့်တင်းပြီးတော့ ကျန်နေသေးတဲ့ စစ်ရေးပစ်မှတ် ကို ရအောင် တိုက်သွားမှာ ဖြစ်တယ်” ဟု CDF ကန်ပက်လက် တပ်ဖွဲ့မှ ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
CDF တပ်ဖွဲ့ဝင်များသည် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား မကြာခဏ ဆိုသလို ဝင်ရောက် တိုက်ခိုက် သည့်ဖြစ်စဉ်များကြောင့် လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် မြို့ပေါ် စစ်ဆေးရေးဂိတ်များပင် မထားရှိနိုင်တော့သလို၊ ကန်ပက်လက်မြို့ခံ အများစုမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်လျက်ရှိကြောင်း မြို့ခံတဦးက ဆိုသည်။
၎င်းက “မြို့ပေါ်က ဌာနဆိုင်ရာတွေလည်း မလည်ပတ်နိုင်ဘူးဆိုတော့ မြို့ခံအများစုကတော့ စစ်ရှောင်စခန်းတွေကို သွားပြီး တော့ နေထိုင်ကြတာရှိတယ်။ တချို့ မြို့ပေါ်မှာ ကျန်နေတဲ့လူတွေကလည်း နေ့လယ်ပိုင်းလောက် ဈေးဆိုင်တွေ ဖွင့်တယ်။ ညနေပိုင်းဆို စစ်ကောင်စီတပ်နဲ့ အလှမ်းဝေးတဲ့ မြို့စွန်တွေကို ပြောင်းပြီးတော့ ညအိပ်တာတွေလုပ်တယ်။ စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ အနီးဝန်းကျင်မှာတော့ မြို့ခံတွေ မရှိသလောက်ပဲ။ အားလုံး တိမ်းရှောင်ကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်သည် စစ်အာဏာရှင် ခုခံတော်လှန်စစ်တွင် တော်လှန်ရေးအဖွဲ့များစွာဖြင့် ထိပ်ဆုံးမှပါဝင်နေပြီး ကန်ပက်လက်မြို့နယ်တွင်လည်း CDF တပ်ဖွဲ့ဝင်များအနေဖြင့် နယ်ဘက်ကျေးရွာအားလုံး နီးပါးအား နယ်မြေစိုမိုးထိန်းချုပ် ထားနိုင်သလို၊ မြို့ပေါ်အထိပါ ခြေကုပ်ရယူနိုင်ရန် တိုက်ပွဲ ဖောင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက “ကန်ပလက်မြို့နယ်ဟာ ကန်ပက်လက်ပြည်သူပြည်သားတွေ လက်ထဲမှာ ရှိရမှာပါ။ ကန်ပက်လက်ပြည်သူ ပြည်သားတွေ ကံကြမ္မာဟာ ပြည်သူပြည်သားတွေ ဖော်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းက တော်လှန်ရေး အင်အားစုများ လက်ထဲရောက်နေပြီ” ဟု အောက်တိုဘာ ၁ ရက်၌ ကန်ပက်လက် CDF က ပြုလုပ်သည့် ဝိတိုရိယ သူရဲကောင်း ကမ်ပိန်း ပြုလုပ်ရာတွင် ပြောဆိုသွားသည်။
ကန်ပက်လက်မြို့တွင်း၌ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စခန်းများနှင့် နီးသောနေရာများတွင် နေထိုင်ခြင်း မပြုရန်လည်း ကန်ပက်လက် CDF က သတိပေးထုတ်ပြန် ထားသည်။
You may also like these stories:
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ
ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး