လွန်ခဲ့သော နှစ်နှစ်ခွဲအတွင်း စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် မြန်မာနိုင်ငံ အကျပ်အတည်း၏ လေးနက်မှုကို ထင်ဟပ်သည့် ပုံစံဖြင့် မြန်မာနိုင်ငံ အခြေအနေကို ကုလသမဂ္ဂက ကိုင်တွယ်ရန် ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူဟောင်းများ အဖွဲ့က အစီရင်ခံစာသစ် တစောင်တွင် ဝေဖန်လိုက်သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့သည် အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ (UNCT) သည်လည်း အလားတူ မအောင်မြင်သော နည်းလမ်းကိုသာ ကျင့်သုံးပြီး အန္တရာယ်များကာ ရလဒ်အနည်းဆုံး ဖြစ်လာသည့်တိုင် စစ်ကောင်စီကို ဆက်လက်ချော့မော့နေသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်သည် ကုလသမဂ္ဂအကြီးအကဲအနေဖြင့် မြန်မာပြည်သူများအပေါ် သူ၏ တာဝန်များကို လျစ်လျူရှုထားသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် မြန်မာမှ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေပြီး လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ လူပေါင်းသန်း ၂၀ သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်ကောင်စီ၏ တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ်တွင် ပိုမိုပြင်းထန်လာပြီး ကုလသမဂ္ဂက တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်နေသည်” ဟု ထိုအစီရင်ခံစာက ဖော်ပြပြီး ကုလသမဂ္ဂအရာရှိများ၏ လုပ်ရပ်များအပေါ် မြန်မာလူမှု အခြေပြုအဖွဲ့အစည်းများ၏ ကန့်ကွက်ချက်များကိုလည်း လျစ်လျူရှုထားကြောင်း ဆက်လက်ရေးသားသည်။
ကုလသမဂ္ဂ အေဂျင်စီများ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာမှ ပတ်သက်နေသူများအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေး ဖြတ်တောက်ရန်၊ လူသားချင်းစာနာမှု အကူအညီများကို ဒေသခံ လူသားချင်းစာနာမှု လုပ်ဆောင်သူများသို့ တိုက်ရိုက်ပေးရန်၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံ အကူအညီပေးသူများ အပါအဝင် မြန်မာ၏ တရားဝင် ပတ်သက်နေသူများနှင့် အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုလုပ်ရန် လူမှုအခြေပြု အဖွဲ့အစည်းများက တောင်းဆိုကြသည်။
SAC-M ၏ အကြံပြုချက်များတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် ဆုံးဖြတ်ချက် ၂၆၆၉ ကို စစ်ကောင်စီက လိုက်နာအောင် အရေးယူရမည်ဟု ဖော်ပြထားသည်။ ထိုဆုံးဖြတ်ချက်တွင် အခြား အချက်များအပြင် အကြမ်းဖက်မှု ပုံစံအားလုံး ချက်ချင်း ရပ်စဲရန်အတွက် စစ်ကောင်စီသို့ လက်နက်ပိတ်ပင်မှု ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ပြီး ပစ်မှတ်ထား ဘဏ္ဍာရေး အရေးယူမှုများ ချမှတ်ရန် တောင်းဆိုသည်။ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်လည်း ထိုကျွမ်းကျင်သူများက လုံခြုံရေးကောင်စီကို တောင်းဆိုသည်။
မြန်မာရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်ဖွင့်ဆိုပြီး လူသားချင်း စာနာမှု အကူအညီပေးရေးအတွက် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ တော်လှန်ရေးအာဏာပိုင်များနှင့် တိုက်ရိုက် ညှိနှိုင်းသင့်သည်ဟုလည်း SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
SAC-M ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းရန် ကြိုးစားမှုမှ အစီရင်ခံစာ ထုတ်ပြန်သည့်နေ့အထိ စစ်ကောင်စီနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များအကြား တရားဝင်တွေ့ဆုံမှု ၆၆ ခုကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးများကို စစ်ကောင်စီထိန်းချုပ် မီဒီယာက စစ်ကောင်စီ၏ တရားဝင်မှု မြှင့်တင်ရန် ကြိုးစားသည့် ပုံစံဖြင့် ထုတ်ပြန်ပြီး အစည်းအဝေးတက်သည့် စစ်ကောင်စီ ကိုယ်စားလှယ်များသည် ဝန်ကြီးများ၊ အစိုးရ အရာရှိများ ဖြစ်သည်ဟု ဖော်ပြကြောင်း အထက်ပါ အစီရင်ခံစာတွင် ရေးသားထားသည်။
“စစ်ကောင်စီကို မြန်မာတွင် လက်တွေ့အာဏာပိုင်အဖြစ် ဆက်ဆံခြင်းဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် စစ်ကောင်စီ၏ အငြင်းပွားဖွယ် ကန့်သတ်ချက်များ ခံကြရပြီး စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်များနှင့် အပြန်အလှန် ပတ်သက်သွားစေသည်” ဟုလည်း အထက်ပါ အစီရင်ခံစာက ဖော်ပြသည်။
လက်ရှိ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု တုံ့ပြန်ရာတွင် လူမှုအခြေပြုအဖွဲ့အစည်း ကွန်ရက်များကို ထောက်ပံ့ခြင်း (ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်) ကို SAC-M က အကြံပြုပြီး ထိုနည်းလမ်းသည်သာ မြန်မာမှ လိုအပ်နေသူ အားလုံးထံသို့ ရောက်ရှိမည့် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဖော်ပြသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီများသည် ထိရောက်မှုမရှိဘဲ မြေပြင်မှ ပြည်သူများထံ ရောက်မလာကြောင်း ကယားပြည်နယ်တွင် လူသားချင်းစာနာမှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကျေးလတ်မြေ လူသားချင်းစာနာမှုအဖွဲ့မှ မူဆဲလ်က ထိုအစီရင်ခံစာတွင် ပြောသည်။
“ကရင်နီ (ကယားပြည်နယ်) တွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ပြည်သူများသည် နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းများ၊ အထူးသဖြင့် ကုလသမဂ္ဂ အေဂျင်စီများမှ မည်သည့် အကူအညီမျှ မရပေ။”
“ကရင်နီပြည်နယ်တွင် ကုလသမဂ္ဂ အေဂျင်စီအချို့ ရှိသော်လည်း မြို့ပြဒေသ များတွင်သာ လုပ်ငန်းများ ဆောင်ရွက်ကြသည်။ စစ်ကောင်စီက ၎င်းတို့ကို သွားခွင့်ပေးသော နေရာများသို့သာ ရောက်ရှိကြသည်။ ထို့ကြောင့် အလှူရှင်များအနေဖြင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် အကူအညီပေးရန် တောင်းဆိုသည်” ဟုလည်း မူဆဲလ်က ပြောသည်။
အတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂ၏ လုပ်ဆောင်မှုများကို အကောင်အထည်ဖော် တာဝန်ခံမှုကို ကြီးကြပ်အကဲဖြတ်ရန် ရှင်းလင်းသော တာဝန်စည်းမျဉ်းဖြင့် မြန်မာဆိုင်ရာ ညီညွတ်ကျယ်ပြန့် ရှေ့နောက်ညီသည့် ကုလသမဂ္ဂ သေနင်္ဂဗျူဟာ ချမှတ်ရာတွင် ဦးဆောင်ရန် ကုလသမဂ္ဂ အကြီးအကဲအနေဖြင့် သူ၏တာဝန်များကို ဖြည့်ဆည်းရန် SAC-M က တိုက်တွန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Expert Panel Issues Scathing Assessment of UN’s Handling of Myanmar Crisis ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
အထူးသံတမန်ကို အဆင့်နှိမ့်ဆက်ဆံခြင်းဖြင့် စစ်ကောင်စီက ကုလသမဂ္ဂကို မထေမဲ့မြင်ပြု
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် တိုင်ကြား