ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Siam Paragon ဈေးဝယ်ကုန်တိုက်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူ နှစ်ဦးအတွက် ထိုင်းနိုင်ငံ တရားမျှတရေး တရားရေးဝန်ကြီးဌာနက နစ်နာကြေးအဖြစ် ဘတ် ၂ သိန်းစီ ပေးမည်ဖြစ် ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနအရာရှိ Sakolphat Kijdamrongsak ၏ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းအခြေ စိုက် The Nation သတင်း၌ ဖော်ပြထားသည်။
ဘန်ကောက်မြို့တော်၏ အချက်အချာကျသော Siam Paragon ကုန်တိုက်၌ အောက်တိုဘာလ ၃ ရက် ဒေသစံ တော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှု၌ မြန်မာအမျိုးသမီး မမိုးမြင့်နှင့် တရုတ်အမျိုးသမီး တဦးတို့ သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “မိဘတွေလာဖို့ သံရုံး အနေနဲ့ စီစဉ်ပေးမယ်။ ထိုင်းအစိုးရအနေနဲ့လည်း ကွယ်လွန်သူတွေရဲ့ မိသားစုဝင်တွေ နိုင်ငံရပ်ခြားကနေ လာရမယ် ဆိုရင် ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပြောထားတယ်။ ကျန်တဲ့နစ်နာကြေးကိစ္စတွေ မိဘတွေက ခံစားခွင့်ရှိတယ်။ ဒါတွေကို အလုပ်သမားသံရုံးက ပြုလုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားတယ်။ ထိုင်းဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် ရမှာကတော့ ဘတ်ငွေ ၂ သိန်း ရမယ်။ ဒါက ထိုင်းတရားရေးဝန်ကြီးဌာနကပေးမှာ။ လူမှုဖူလုံရေးတွေ သက်သက်လုပ်ထားတယ် ဆိုရင် ဒါတွေက သက်သက်ရမယ်” ဟု ပြောသည်။
မမိုးမြင့်သည် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် အဆုတ်နှင့် နှလုံးတို့ ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ၁ နာရီခန့်ကြာ အောင် ကုသပေးသော်လည်း သေဆုံးခဲ့ရကြောင်း သိရသည်။
၎င်း၏နာရေးကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံကာ ဆောက်ရွက်ပေး လျက်ရှိကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားပြီး ဈာပနအတွက် ဘုရင့်တော်ဝင်နန်းတော်က တာဝန်ယူမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။
သေဆုံးသူ မမိုးမြင့်သည် Siam Center ရှိ Take Toys ဆိုင်၏ ဝန်ထမ်းတဦးဖြစ်ပြီး Siam Paragon ရှိ ဘန်ကောက် ဘဏ်ခွဲတွင် ငွေသွင်းရန်လာစဉ် ပစ်ခတ်မှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အသက် ၃၁ နှစ်အရွယ်ရှိ မမိုးမြင့်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံဇာတိဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကာ ထိုင်း၊ အင်္ဂလိပ်နှင့် တရုတ် ဘာသာစကားများ တတ်ကျွမ်းကြောင်း၊ မိဘများထံ လစဉ် ဘတ်ငွေ ၁၀,၀၀၀ ပေးပို့လေ့ရှိကြောင်း သိရသည်။
မမိုးမြင့် အသက်ရှင်စဉ်က ပေးပို့သည့် ငွေပမာဏအတိုင်း မိဘများထံ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကာ အချိန် မည်မျှကြာသည်ထိ ထောက်ပံ့မည်ကိုမူ ပြောဆိုခြင်းမရှိကြောင်း မမိုးမြင့်၏ အလုပ်ရှင်ပြောဆိုချက်ကို ကိုးကားပြီး The Nation သတင်းတွင် ဖော်ပြထားသည်။
ဦးမင်းဦးက “ကိုယ့်မြန်မာနိုင်ငံသားမှ မဟုတ်ဘူး။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် အပြစ်မရှိဘဲနဲ့ အပြစ်မဲ့သေဆုံးရတာပေါ့။ ကံဆိုးတယ်လို့လည်း ပြောလို့ရမယ်။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ သတိလေးနဲ့နေဖို့။ နည်း နည်းထူးခြားတဲ့ အနေအထားဖြစ်နေရင် အကူအညီတောင်းမလား၊ ရှောင်မလားပေါ့။ သေဆုံးတာနဲ့ပတ်သက်ပြီး စိတ် မကောင်းဖြစ်ရတယ်။ မိဘကိုလုပ်ကျွေးနေတယ်။ အလုပ်ရှင်ကလည်း ချီးကျူးတယ်။ သူသေဆုံးတာက မိသားစု အတွက်ရော၊ ကိုယ့်လူမျိုးတွေအတွက်ရော နစ်နာတာပေါ့” ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်၌ သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၅ ဦးကို ဆေးကုသစရိတ်အဖြစ် ဘတ် ၄၀,၀၀၀ နှင့် ပြန်လည် ထူထောင်ရေးအတွက် ဘတ် ၂၀,၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဆေးကုသနေချိန် အလုပ်လက်မဲ့ဖြစ်မှုအတွက် တနေ့လုပ်အားခ ၃၅၃ ဘတ်ကို ၁ နှစ်ထက် မပိုစေဘဲ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထား သည်။
ယင်းပစ်ခတ်မှုတွင် သံသယရှိသည့် အသက် ၁၄ နှစ်အရွယ် လူငယ်အမျိုးသားတဦးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့ ကြောင်းနှင့် ၎င်းသည် စိတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းမီဒီယာများကို ပြောထားသည်။
ဖမ်းဆီးထားသည့် လူငယ်ကို လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု၊ ကြိုးပမ်းမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အများ ပြည်သူနေရာတွင် ပစ်ခတ်မှု စသည်တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
You may also like these stories:
ဘန်ကောက် ကုန်တိုက် ပစ်ခတ်သူမှာ စိတ်ဝေဒနာရှင် ဖြစ်ပြီး “အသံများ ကြားနေ”ရဟု ဆို
ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ
မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ
မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ