ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်များ၌ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူ့စစ်အတွက် ရပ်ကွက်အလိုက် နာမည်စာရင်းများ ပေးရန် တောင်းနေကြောင်း အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် အုပ်ချုပ်ရေးမှူးတဦးက “ရပ်ကွက်တခုကို ဘယ်လောက်ပေးဆိုတာမျိုး ခရိုင်ဥက္ကဋ္ဌ ကိုယ်တိုင်က အစည်းအဝေးမှာ တောင်းတာ၊ ကျနော်တို့ရပ်ကွက်တွေက အေးချမ်းတယ်လို့ တင်ပြတော့ မဖြစ်မနေ ၃ ဦး စီ ပေးရမယ်ဆို လို့ နာမည်စာရင်းတွေ ပေးခဲ့ရတယ်၊ မပေးလို့ကို မရတာ၊ သင်တန်းတက်ပြီးရင်တော့ လက်နက် တပ်ဆင် ပေးမယ်လို့ တော့ ပြောတယ်၊ စာရင်းပေးထားပေမယ့် အခုထိတော့ ဘာမှ မထူးသေးပါဘူး”ဟု ပြောသည်။
ပြည်သူ့စစ် ဖွဲ့စည်းရန် ပြင်ဆင်နေသည့်မြို့နယ်များမှာ ရန်ကုန်တိုင်းရှိ ကော့မှုး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထောက်ကြံ့၊ မှော်ဘီ၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်များနှင့် ဧရာဝတီ တိုင်းမှ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်း မြို့နယ်များဟု သိရသည်။
တပ်မတော်သား CDM ဗိုလ်ကြီးထက်မြတ်က “သူတို့သုံးနိုင်တဲ့ တိုက်ခိုက်ရေးအင်အားတွေက ပိုနည်းလာတယ်၊ တနေ့ တခြား ထိခိုက်ဆုံးရှုံးမှု ပိုများလာတယ်၊ အချို့ လုံခြုံရေးလုပ်ရတဲ့ နေရာတွေက အင်အားကို ထုတ်နှုတ်ပြီး တိုက်ခိုက်ရေးမှာ သုံးရတဲ့အခါ အစားထိုးဖို့ အင်အားတွေ ပိုလိုလာတယ်၊ နိုင်ငံအနှံ့ ထိန်းချုပ်နိုင်တဲ့ ရွာတွေ၊ ဒေသတွေက နည်းလာတယ်၊ မြို့ပေါ်မှာ သူတို့သေချာ မအုပ်ချုပ်နိုင်တဲ့ နေရာမျိုးတွေ ရှိလာတယ်၊ ဒါကြောင့် ပြည်သူ့စစ်အင်အားကို လိုအပ်တဲ့နေရာ အသုံးချဖို့ အသည်းအသန် စုဆောင်းတာတွေ ဖွဲ့စည်းတာတွေကို ပိုပြီး လုပ်ဆောင်လာတာပါ”ဟု ပြောသည်။
၂၀၂၂ နှစ်လယ်ပိုင်းမှ စ၍ ပြည်သူ့စစ် ဖွဲ့စည်းရန် ကျေးရွာ၊ ရပ်ကွက်တခုလျှင် လူငယ် ၃ ဦးမှ ၅ ဦးထိ မဖြစ်မနေပေးရမည် ဟု ဖိအားပေး တောင်းခံမှုများဖြင့် ဖွဲ့စည်းလာခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာကြောင်း၊ ဖိအားပေးတောင်းခံမှု ကြောင့် လူငယ်များ စစ်သင်တန်းတက်ရန် မဲနှိုက်ရွေးချယ်ခဲ့သလို သင့်တော်သူများအား ရွေးချယ်စာရင်းပေးခြင်းလည်း ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းမှ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်းမြို့နယ်များ၌ စစ်တပ်နှင့် ကြံ့ခိုင် ရေး ပါတီ ထောက်ခံသူ အများဆုံးရှိရာ အဆိုပါရွာအများစုအား ဖိအားပေး၍ ပြည်သူ့စစ်အဖွဲ့သို့ မဝင်မနေရပုံစံဖြင့် ဆက် တိုက်ဖွဲ့စည်းနေခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုနွေညက “စစ်ကောင်စီအနေနဲ့ နိုင်ငံရေး၊ စစ်ရေးတွေကြောင့် စစ်သည်အင်အားပြုန်းတီးမှုနဲ့ လူသစ်စုဆောင်းဖို့ ခက်ခဲလာတာတွေကြောင့် လိုအပ်မှုကို ဖြည့်တင်းနိုင်ဖို့ စိုးမိုးထားနိုင် ဆဲ နေရာတွေကနေ ဆွဲထုတ်တာမျိုးပဲဖြစ်တယ်၊ နောက်တခုက အုပ်ချုပ်မှုယန္တရားအရ ဧရာဝတီတိုင်းကို အတွင်းစည်း အနေနဲ့ စနစ်တကျနဲ့ ပျူစောထီးလိုမျိုး ပြည်သူ့စစ်တွေကို ကြိုပြီးတော့ မွေးမြူထားတာမျိုးလည်း ဖြစ်ပါတယ်”ဟု သုံးသပ်သည်။
ကိုနွေညသည် လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPN Myanmar) တရားမျှတမှုဖော်ဆောင်ရေး တာဝန်ခံ ဖြစ်သည်။

ပြည်သူ့စစ်များ ဖွဲ့စည်းရာတွင် ဖိအားပေး ခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ရှိသလို မပါဝင်လိုပါက ငွေကြေး တောင်းခံနေရမှုလည်း ရှိကြောင်း၊ အတင်းအဓမ္မ စုဆောင်းခံရမှုကြောင့် ပါဝင်ခဲ့ရပြီးနောက် ပြန်ထွက်လိုပါက ကျပ်သိန်း ရာ ဂဏန်းအထိ ပေးဆောင်ရမှု ရှိသလို အချို့ ဝင်ရောက်လိုခြင်း မရှိသောကြောင့် ပိုင်ဆိုင်မှုများကို စွန့်၍ ရပ်ရွာမှ တိမ်းရှောင် လာကြသူများလည်း ရှိနေကြောင်း CDM တပ်မတော်သား အသိုင်းအဝိုင်းနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
လက်ရှိဖွဲ့ထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူသည့် နေရာများတွင် အစားထိုးတာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေ ရေး များတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း သိရသည်။
CDM ဗိုလ်ကြီးထက်မြတ်က “အချို့ပြည်သူ့စစ်ခေါင်းဆောင်တွေကို စစ်တပ်ရဲ့ အကြီးအကဲတွေ တွေ့ဆုံတာတွေ ရှိလာ တယ်၊ သူတို့ပါဝင်လှုပ်ရှားတဲ့ အပိုင်းတွေလည်း အရင်ထက် ပိုတွေ့လာရတယ်၊ ပူးပေါင်းပြီး လုံခြုံရေး လုပ်တာတွေ၊ စစ်ဆေးရေး ဂိတ်တာဝန်ပေးတာတွေမှာ ပြည်သူ့စစ်တွေကို ပိုသုံးလာတာတွေ့ရတယ်၊ နောက်ပိုင်း သူတို့ လက်လှမ်းမမီတဲ့ နယ်မြေ ဒေသတွေမှာ နယ်မြေ ရှင်းလင်းခိုင်းတာမျိုးတွေ၊ လုံခြုံရေး၊ ပိတ်ဆို့ရေးတွေ အထိ လုပ်ခိုင်းတာတွေ တွေ့လာရနိုင် တယ်”ဟု ပြောသည်။
ပြည်သူ့စစ်များကြောင့် တော်လှန်ရေးအဖွဲ့များအနေဖြင့် တိုက်ခိုက်ရေး၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ခက်ခဲလာ နိုင်သလို အချိန်မရွေး နေရာမရွေး ပိတ်ဆို့တားဆီးခြင်းများ၊ တိုက်ခိုက်ခံရခြင်းများလည်း ရှိလာ နိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားကြရန်လိုအပ်သည်ဟု ၎င်းက သုံးသပ်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ အမှတ် ၁၊ ၂ ရပ်ကွက်၊ သရက်ဖြူကျေးရွာ၊ မိချောင်းခေါင်းကျေးရွာများမှ အရပ်သားပြည်သူ ၃၀ ထက်မနည်းကို ပုသိမ်မြို့အခြေစိုက် ၂၇၁ တပ်ရင်း၌ လက်နက်ကိုင် စစ်သင်တန်းများ ပို့ချပေးခဲ့ပြီးဖြစ်သည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေလက်ထက်၂၀၀၈ ခုနှစ်အတွင်းက နိုင်ငံအတွင်းရှိ ကျေးရွာပေါင်း ၁၃၇၂၅ ရွာ တွင် ပြည်သူ့စစ်အဖွဲ့များကို တည်ထောင်ရန် စီစဉ်ခဲ့ပြီး လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ၂၀၁၀ ခုနှစ် ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးအဖြစ်ရှိစဉ် နိုင်ငံတဝန်းလုံး၌ ပြည်သူ့စစ်အင်အား ၈ သောင်းကျော်ရှိပြီး ၃ သောင်းကျော်အား လက်နက်တပ်ဆင်ပေးထားသည်ဟု Asia Foundation မှထုတ်ပြန်သော မြန်မာနိုင်ငံမှ ပြည်သူ့စစ်များအကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
ရှမ်းသံတော်ဆင့် သတင်းအေဂျင်စီက ထုတ်ပြန်သော အစီရင်ခံစာတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတခုတည်းမှာပင် ပြည်သူ့စစ်အဖွဲ့ ၃၉၆ ဖွဲ့ရှိနေကြောင်း ထုတ်ပြန်ထားသလို ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့စစ် ၇၇ ဖွဲ့ကို လက်နက် ၂ ထောင်ကျော် တပ်ဆင်ပေးထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က နေပြည်တော် အစည်းအဝေး၌ ပြောထားသည်။
စစ်ကိုင်းတိုင်းအတွင်း လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်း၌ ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသ၀ ဦးဆောင်ဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အားအများဆုံးဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့များသည် စစ်ကြောင်းထိုးရာတွင် လိုက်ပါ၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက် ငွေတောင်းခြင်း လုပ်ကြသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်များ ဖွဲ့စည်းနေသလို ဝန်ကြီးဌာနပေါင်းစုံမှ နိုင်ငံဝန်ထမ်းများအားလုံး တက်ရောက်ရသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင်လည်း စစ်ပညာရပ်များ ပြန်လည်ထည့်သွင်း သင်ကြား ပေးနေပြီး နိုင်ငံ့ဝန်ထမ်းများထံမှ လိုအပ်လာလျှင် စစ်မြေပြင်သို့ လိုက်ပါမည်ဆိုသော ခံဝန်များကိုလည်း တောင်းယူထားကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။
You may also like these stories:
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ