ထိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး PTT Exploration and Production (PTTEP) သည် မြန်မာမှ ထုတ်လုပ်မှု ခွဲဝေရေးကန်ထရိုက်စာချုပ် နှစ်ခု သက်တမ်းတိုးရန် ကြိုးစားနေကြောင်း ထိုလုပ်ငန်း အမှုဆောင် အရာရှိချုပ် မွန်ထရီ ရာဝန်ချိုင်ကူးက ပြောသည်။
“ကျနော်တို့ လုပ်ငန်းတိုးချဲ့နေတာ မဟုတ်ဘူး။ ထိုင်းနဲ့ မြန်မာအတွက် လိုအပ်တဲ့ ဓာတ်ငွေ့ရဖို့ပဲ ကြိုးစားနေတာ” ဟု အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ အဘူဒါဘီမြို့တွင် ကျင်းပသော စွမ်းအင်လုပ်ငန်းညီလာခံ သီးခြားအစီအစဉ်တခုတွင် မွန်ထရီက Reuters သို့ ပြောသည်။
ထုတ်လုပ်မှုခွဲဝေရေး သဘောတူစာချုပ်တခုသည် ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အခြားတခုမှာ နှစ်ပေါင်း ၂၀ အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
PTTEP သည် မြန်မာမှ ဇောတိကနှင့် ရတနာ ဓာတ်ငွေ့လုပ်ကွက်များမှ ဓာတ်ငွေ့ထုတ်လုပ်နေပြီး ထိုလုပ်ကွက် နှစ်ခု ပေါင်းပါက မြန်မာနိုင်ငံဓာတ်ငွေ့သုံးစွဲမှု ၅၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံဓာတ်ငွေ့သုံးစွဲမှု ၂၀ ရာခိုင်နှုန်း ရှိသည်။
သို့သော် ထိုဝင်ငွေသည် စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသောကြောင့် မြန်မာပြည်သူများက PTTEP ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် PTTEP နှင့် အခြားနိုင်ငံတကာ လုပ်ငန်းများ မြန်မာမှ ထွက်ခွာရန် တောင်းဆိုနေကြသည်။
အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် PTTEP သို့ တရားဝင်စာပေးပို့ပြီး ရတနာ ကမ်းလွန် ဓာတ်ငွေ့လုပ်ကွက်မှ အမြတ်ငွေများကို စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ပေးခြင်း ဆိုင်းငံ့ထားရန်နှင့် အနာဂတ် အမြတ်ငွေများကို NUG ငွေစာရင်းသို့ လွှဲပေးရန် တောင်းဆိုခဲ့သည်။
၂၀၂၂/၂၃ ဘဏ္ဍာရေးနှစ်တွင် ရတနာမှ ဓာတ်ငွေ့ရောင်းချမှုသည် MOGE သို့ပေးသည့် အမေရိကန်ဒေါ်လာ သန်း ၈၆၀ ၏ ၆၈ ရာခိုင်နှုန်း ပါဝင်သည်။
PTTEP သည် ခုံသမာဓိဆုံးဖြတ်ချက်နှင့် ထိန်းသိမ်းထားရမည့် အမြတ်ငွေတွင် ဥပဒေအရ မည်မျှပါဝင်မည်ကို ဆွေးနွေးရန် NUG ကိုယ်စားလှယ်များကို ဘန်ကောက်သို့ ဖိတ်ခေါ်ခဲ့သည်။
စွမ်းအင်လုပ်ငန်းကြီးများဖြစ်သော ပြင်သစ်မှ TotalEnergies နှင့် အမေရိကန် ပြည်ထောင်စုမှ Chevron တို့သည် စစ်တပ်အုပ်ချုပ်သည့် မြန်မာလူ့အခွင့်အရေးအခြေအနေ ဆိုးရွားသည်ကို ပြောကြားပြီး ရတနာ ဓာတ်ငွေ့လုပ်ငန်းမှ ဆုတ်ခွာသွားသည်။ ထိုဓာတ်ငွေ့လုပ်ကွက်တွင် PTTEP နှင့် MOGE တို့သာ ကျန်ရစ်သည်။
ထိုင်းအစိုးရပိုင်လုပ်ငန်း PTTEP က လူ့အခွင့်အရေးသည် ၎င်းတို့ စီးပွားရေးလုပ်ငန်းပုံစံ၏ အနှစ်သာရ ဖြစ်ကြောင်း ပြောသည်။
“PTTEP သည် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို လိုက်နာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတွင် မိမိတို့ လုပ်ကိုင်သော နိုင်ငံများ၏ ယဉ်ကျေးမှုများ၊ အစဉ်အလာများ၊ တန်ဖိုးများနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာသည်” ဟု ၎င်း၏ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
မြန်မာတွင် အာဏာမသိမ်းမီက ၎င်းတို့သည် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လုံ့လစိုက်ထုတ်မှု (စုံစမ်းစစ်ဆေးမှုနှင့် အကဲဖြတ်ခြင်း) ကို အမည်မဖော်ပြသည့် လွတ်လပ်သော လူ့အခွင့်အရေးကျွမ်းကျင်သူများထံ အပ်နှံကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံသည် ထိုင်းပင်လယ်ကွေ့ ဧရာဝဏ် ဓာတ်ငွေ့လုပ်ကွက်မှ ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းနေသည်။ ထို ဓာတ်ငွေ့လုပ်ကွက်ကို နှစ်ပေါင်း ၄၀ လုပ်ကိုင်ခဲ့သည့် Chevron ထံမှ လွှဲယူထားသည်။
Reuters သတင်းအရ ၂၀၁၉ ခုနှစ်တွင် တရက်လျှင် ဓာတ်ငွေ့ သန်း ၁,၂၀၀ ကုဗပေထွက်သော ထိုဓာတ်ငွေ့လုပ်ကွက်ကို လွှဲယူပြီးနောက် တရက်လျှင် ကုဗပေသန်း ၂၅၀ မှ ၃၀၀ သာ ထွက်တော့သည်။ ၂၀၂၃ ခုနှစ် နှစ်လယ်တွင် တရက်လျှင် ကုဗပေသန်း ၄၀၀ အထိ ထုတ်လုပ်ပြီး လာမည့် ဧပြီလတွင် တရက်လျှင် ကုဗပေသန်း ၈၀၀ အထိ ထုတ်လုပ်ရန် PTTEP က ရည်မှန်းသည်။
စွမ်းအင်ဖူလုံရေးအတွက် မြန်မာမှ ၎င်း၏ ဓာတ်ငွေ့လုပ်ကွက် နှစ်ခုကို ကန်ထရိုက်သက်တမ်း တိုးလိုကြောင်း PTTEP က ပြောသည်။
ထိုင်းနိုင်ငံသည် ဓာတ်ငွေ့ရည် တင်သွင်းရန် လိုအပ်နေဆဲ ဖြစ်သောကြောင့် PTTEP အနေဖြင့် နယ်ပယ်သစ်များ ဆက်လက် ရှာနေရကြောင်း မွန်ထရီက ပြောသည်။
“ကျနော်တို့ မလေးရှားမှာ ဓာတ်ငွေ့ရှိတယ်လို့ ထင်လို့ အဲဒီမှာ ဓာတ်ငွေ့ရှာဖို့ အားထုတ်မှုတွေ လုပ်တယ်။ မလေးရှားက ဓာတ်ငွေ့ကို ဓာတ်ငွေ့ရည်အဖြစ် တင်ပို့နိုင်တယ်” ဟုလည်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသည် နိုင်ငံအတွက်လိုသည့် ဓာတ်ငွေ့ရည် ၄၀ ရာခိုင်နှုန်းကို တင်သွင်းနေရသည်။
PTTEP ထိုင်းပင်လယ်ကွေ့မှ လုပ်ကွက် သုံးခုအနက် နှစ်ခုတွင် လုပ်ကိုင်ရန် ကြိုးစားနေပြီး ၎င်းတို့မှ နှစ်နှစ်အတွင်း ဓာတ်ငွေ့ထုတ်လုပ်ရန် မျှော်လင့်သည် ဟုလည်း သတင်းများတွင်ဖော်ပြထားသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား အစိုးရများသည် ၎င်းတို့နှစ်နိုင်ငံ အငြင်းပွားနေသည့် ပိုင်နက်များတွင် ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရန် ဆွေးနွေးမှုများ ပြန်လည် စတင်နေသည်ဟု ကမ္ဘောဒီးယား မီဒီယာက ဖော်ပြသည်။
PTTEP က လုပ်ကိုင်နေသည့် ဓာတ်ငွေ့လုပ်ကွက်အနီးရှိ ထိုပိုင်နက် အငြင်းပွားဒေသတွင် PTTEP သည် အဓိက စူးစမ်းရှာဖွေ ထုတ်လုပ်သူဖြစ်ရန် မျှော်လင့်နေကြောင်း လုပ်ငန်း သတင်းရင်းမြစ်များက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thai Energy Titan’s Contract Extensions for Myanmar Gas in the Pipeline ကို ဘာသာပြန်သည်။)
You may also like these stories:
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး
မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်း PTTEP ဦးဆောင်မည်
NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း
နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း