မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များထဲမှ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ ပြုလုပ်လေ့ရှိသည့် အထင်ကရပွဲတော်များ အား ယခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ရေး စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့များက စီစဉ်လျက်ရှိ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆယ့်နှစ်လရာသီအလိုက် ကျင်းပလေ့ရှိသည့် ပွဲတော်များအား ရပ်နားထားခဲ့ရာမှ ယခုအခါ ကျောက်ဆည်ဆင်ပွဲ၊ မန္တလေး ကျောက်တော်ကြီးဘုရားပွဲ၊ အင်းလေး ဖောင် တော်ဦးဘုရားပွဲ၊ မကွေး မြသလွန်ဘုရားပွဲ၊ ပြည် ရွှေဆံတော်ဘုရားပွဲ၊ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ၊ ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံပျံပွဲ စသည့် ပွဲတော်များ ပြန်လည်ကျင်းပနိုင်ရေး စစ်ကောင်စီက စီစဉ်နေခြင်း ဖြစ်သည်။
မန္တလေးတိုင်း ကျောက်ဆည်မြို့၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော ကျောက်ဆည်ဆင်ပွဲတော်ကို လာမည့် အောက်တိုဘာ ၂၈ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်)တွင် ဈေးတန်းရပ်ကွက်၊ ရွှေသာလျောင်းတောင်ခြေ ရွှေမုဌော ဘုရားအနီး ဆင်ပြိုင်ကွင်း၌ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အမည်မဖော်လိုသည့် ကျောက်ဆည်မြို့ခံတဦးက “ကုန်ကျစရိတ်တွေကို သူတို့အစိုးရဘတ်ဂျက်ကနေ ထုတ်သုံးပြီးလုပ်နေ တာလို့ သိရတယ်။ ဆင်ပွဲအတွက် ဆင်ရှိတဲ့သူတွေအကုန်လုံး မပြိုင်မနေရဆိုတဲ့ပုံစံမျိုးနဲ့ လုပ်တာမို့ ပြိုင်ကြရမှာပဲလေ။ ဒီနေ့အချိန်အခါကြီးမှာ ဆင်ပွဲကို အရင်ကလောက် စိတ်မဝင်စားကြတာတော့အမှန်ပဲ။ အခု ပြိုင်ကြမယ့်သူတွေကလည်း စိတ်ရင်းအမှန်နဲ့ ဝင်ပြိုင်ရတဲ့သူက အတော်နည်းတာကို သတိထားမိတယ်” ဟု ပြောသည်။

ကျောက်ဆည်ဆင်ပွဲတော်ကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ တွင်မူ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ၂၀၁၉ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဆင်အဖွဲ့ ၁၆ ဖွဲ့လုံးကို မဖြစ်မနေယှဉ် ပြိုင်စေခဲ့ရာ ရွှေဇင်မောင် အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များအားလုံး ပါဝင်ခဲ့ရကြောင်း၊ ထိုစဉ်က ပွဲတော်ရက်မဟုတ်သည့် တန်ဆောင်မုန်း၌ ကျောက်ဆည်မြို့ ရှိ ကားလမ်းများအား လမ်းကြောင်းပိတ်ပြီး လုံခြုံရေးအပြည့်ဖြင့် ကျင်းပခဲ့သော်လည်း သွားရောက်ကြည့်ရှုသူ နည်းပါးခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

ယခုနှစ် စစ်ကောင်စီက ပြုလုပ်မည့် ဆင်ပွဲနှင့်ပတ်သက်၍ ပြိုင်ပွဲဝင်ဆင်အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက “ဆင်အကနဲ့ ဆင် ပြိုင်ပွဲဆိုတာ တနိုင်ငံလုံးမှာ ကျနော်တို့ ကျောက်ဆည်မှာပဲရှိတာ။ ရိုးရာအမွေအနှစ်တခုအနေနဲ့ လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့ကြတာမို့ ကျောက်ဆည်သားမှန်ရင် ဆင်နဲ့ခွဲခြားလို့မရဘူး။ သီတင်းကျွတ်ပြီဆိုတာနဲ့ ပိုးကထကြတာပါပဲ။ လက်ရှိ အခြေအနေတွေအရ မဖြစ်မနေပြိုင်ရမယ်ဆိုတော့လည်း ဝင်ပြိုင်ကြရတာပေါ့။ ဝင်ပြိုင်ဖို့ ထိုက်သင့်တဲ့ထောက်ပံ့မှုတွေ ရပေမယ့်လည်း ကုန်ကျစရိတ်ကကြီးတော့ ကိုယ့်အိတ်ထဲက စိုက်ရတာပါပဲ” ဟု ဆိုသည်။

ထို့ပြင် ၃ နှစ်တိတိ ကျင်းပနိုင်ခြင်းမရှိခဲ့သော တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုလည်း ယခုနှစ်တွင် ပြန်လည်ကျင်းပ မည်ဖြစ်ရာ လာမည့် နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံများပညာရှင်အသင်းမှ သိရသည်၊၊
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော အထင် ကရ ရိုးရာပွဲတော်တခုဖြစ်ပြီး နိုင်ငံတဝှမ်းမှ လာရောက်လည်ပတ် ကြည့်ရှုသူများအပြင် နိုင်ငံခြားသားဧည့်သည်များပါ စိတ်ဝင်တစားဖြင့် လာရောက်ကြသည့် ပွဲတော်လည်း ဖြစ်သည်။
မီးပုံးပျံပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတဦးက “၂၀၁၉ တုန်းက တော်တော်ကြီးကို စည်စည်ကားကားနဲ့ ကြီးကျယ်ခဲ့တယ်။ မီးပုံးပျံအလုံးရေလည်း ရာကျော်တယ်။ ပြီးခဲ့တဲ့နှစ်က အဖြစ်သဘောမျိုး စပြီးလုပ်ခဲ့တာကနေ ဒီနှစ်တော့ မဖြစ်မနေကို ပြန်ကျင်းပမယ်ပေါ့။ ဖိအားပေးတာမျိုးမဟုတ်ပေမယ့် မဖြစ်မနေလုပ်မယ်လို့ပါတော့ ဖြစ်အောင်လုပ်ရတော့ တာပေါ့ဗျာ။ လက်ရှိ အခြေအနေတွေအရ အစစအရာရာ ဈေးကြီးနေတော့ မီးပုံပျံအရေအတွက်က မျှော်မှန်းထား သလောက် မရသေးဘူး” ဟု ပြောသည်။

အဆိုပါ မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပရခြင်းမှာ ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေး၊ ဒေသခံတို့၏ လူမှုစီးပွားဘဝ ပြန်လည်မြှင့်တင်စေရေးတို့အပြင် ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများ ဖော်ဆောင်မြှင့်တင်နိုင်ရေး အတွက် ရည်ရွယ်ကျင်း ပခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားသည်။
တောင်ကြီးမြို့ခံတဦးက “ကိုယ့်ရိုးရာပွဲတော်ဆိုတော့ တန်ဆောင်တိုင်ပွဲလုပ်တာ ကောင်းတာပေါ့။ ဒါပေမယ့် လူတွေအရမ်း စည်ကားရင် လုံခြုံရေးပိုင်းအတွက် စိတ်မချရနိုင်ဘူး။ စရိတ်စက မြင့်တက်နေတာတွေအပြင် ငွေကတအားရှားနေတာမို့ ဖြစ်စေချင်တာကို ပြောရမယ်ဆိုရင် အခုလို ခေတ်ကျပ်ကြီးထဲမှာ မလုပ်စေချင်တာတော့ အမှန်ပဲ” ဟု ဆိုသည်။
ထို့အတူ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား၏ (၁၇) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကိုလည်း နိုဝင်ဘာ ၂၄ မှ ၂၈ ရက်ထိ ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၂ က ၅ ရက်တာ ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင်မူ လာရောက်သူ နည်းပါးခဲ့ကာ မျှော်မှန်းသလောက် စည်ကားမှုမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားပွဲတော်ကိုလည်း လာမည့် အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ ကျင်းပရန်စီစဉ်ထားပြီး အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူကို အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ကြွချီ ပူဇော်ခံမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်သည် ရက်ရှည်ကျင်းပသော ဂေဇက်ဝင်ပွဲတော်တခုဖြစ်ပြီး ရုပ်ပွားတော်လေးဆူ ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်နေ့ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီလှည့်လည်အပူဇော်ခံသလို အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်တခုဖြစ်သော ခြေထောက်ဖြင့် လှော်ခတ်ရသည့် လှေလှော်ပြိုင်ပွဲသည်လည်း နာမည်ကြီးပြိုင်ပွဲတခု ဖြစ်သည်။

အင်းလေး ဖောင်တော်ဦးဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးက “ဖောင်တော်ဦးဘုရားပွဲ မကျင်းပနိုင်တာ ၃ နှစ်တိတိပေါ့။ ဒီနှစ်မှစပြီး ပြန်လုပ်တာပါ။ ပြည်နယ်အစိုးရနဲ့တပ်က လုံခြုံရေးပိုင်းကို အထူးအနေနဲ့ တာဝန်ယူပေးသွားဖို့ စီစဉ်ထားပါ တယ်။ ဖိအားဆိုတာမျိုးထက် မဖြစ်မနေလုပ်ရမယ့်ပွဲတော်မို့ ပြန်လုပ်တာပါ” ဟု ပြောသည်။
အဆိုပါ အင်းလေး ဖောင်တော်ဦးဘုရားပွဲအား ဆန့်ကျင်ကြောင်း အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) 1009 က ထုတ်ဖော်ပြောဆိုထားသလို ယင်းပွဲသို့လာရောက်မည့် ဧည့်သည်များအနေဖြင့်လည်း ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်တပ်မိသားစုပိုင်နှင့် စစ်တပ်ထောက်ခံသည့် ဟိုတယ်များ၌ တည်းခိုခြင်းမပြုရန် အင်းလေးအမျိုးသမီးသမဂ္ဂက မေတ္တာ ရပ်ခံထားသည်။

အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) 1009 တပ်ရင်းက “စစ်အာဏာရှင်တို့ရဲ့ လှည့်ဖျားလုပ်ဆောင်မယ့် ဘာသာရေးကိုဗန်းပြ နိုင်ငံရေးအမြတ်ထုတ်ပြီး ဂုတ်သွေးစုပ်မယ့် ဖက်ဆစ် စစ်တပ်ရဲ့ ယုတ်မာကောက်ကျစ်မှု၊ အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်ကို အသုံးချတော့မယ်။ ကိုးကွယ်ယုံကြည်မှုအပေါ်၊ ရိုးရာအစဉ်အလာအပေါ် ချနင်းမယ့် စစ်မိစ္ဆာ တို့ရဲ့အကြံကို ဆန့်ကျင်ကြောင်း အတိအလင်းပြောချင်ပါတယ်” ဟု ဆိုထားသည်။
အဆိုပါ ပွဲတော်များအပြင် စစ်ကောင်စီက မကွေးတိုင်း၊ မကွေးမြို့ရှိ မြသလွန် ဘုရားပွဲတော်ကိုလည်း အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်ထိ ကျင်းပရန်စီစဉ်ထားရာ ဈေးဆိုင်ခန်များ ဆောက်လုပ်ပြီးစီးသလောက် ဖြစ်နေပြီဖြစ်ကြောင်း မြသလွန် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးက “ပွဲတော်ကျင်းပဖို့ ဘယ်ဖိအားမှ မရှိပါဘူး။ ကျနော်တို့လုပ်ရမယ့် တာဝန်ဝတ္တရားအရ လုပ်ဆောင်တာမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တာမှာတော့ အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်ပေးရမယ့်အပိုင်းတွေကို လုပ် ပေးရတာမျိုးတော့ ရှိတာပေါ့။ မကွေးက ဆိုးဆိုးရွားရွားဖြစ်နေတာမျိုး မရှိတာကြောင့်လည်း အခုလို ပွဲတော်လုပ်တာပါ” ဟု ပြောသည်။
မကွေး မြသလွန်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ လပြည့်ကျော် ၁၀ ရက်ထိ ကျင်းပပြီး ဈေးဆိုင် ခန်းများတွင် လူသုံးကုန်နှင့် တောင်သူသုံးပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းများ စသည်တို့ ပါဝင်သည့် ဈေးဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်ထိ ခင်းကျင်းရောင်းချကာ ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပြပွဲ၊ ပြိုင်ပွဲ၊ ဆပ်ကပ်၊ ဇာတ်သဘင်အဖွဲ့များ ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။
ထိုအတူ မန္တလေးမြို့ရှိ ကျောက်တော်ကြီးဘုရားပွဲတော်ကိုလည်း အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ ကျင်းပ သွားမည်ဖြစ်သလို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်ရွှေဆံတော်ဘုရားပွဲတော်ကိုလည်း နိုဝင်ဘာ ၁၁ မှ ၂၉ ရက်ထိ ကျင်းပ ရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းလာမှုများနှင့်အတူ ပြည်သူများအနေဖြင့် အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရချိန် စစ်ကောင်စီက ထိုသို့ သီတင်းကျွတ်၊ တန်ဆောင်တိုင် အထင်ကရပွဲတော်များအား ပြန်လည်ကျင်းပရန် ပြင်ဆင်နေမှုအပေါ် ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။
Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ ကိုသက်ကြီးက ပြည်သူများ မွန်းကျပ်ပိတ်လှောင်မှုများဖြင့် နေနေရသည်ကို သိရှိ ကြောင်း၊ ယခုအချိန် ပျော်ပွဲရွှင်ပွဲများ၌ ပါဝင်မည်ဆိုပါက ပြည်သူလူထု လုံခြုံရေးအတွက် စစ်ကောင်စီက အပြည့်အဝ တာဝန်ယူပေးနိုင်မည့်အခြေအနေ မရှိသည့်အတွက် ဂရုတစိုက်ဖြင့် တော်လှန်ရေးကာလဆိုသည်ကို စိတ်ထဲမှတ်ပြီး ပျော် ပေးစေချင်ကြောင်း တိုက်တွန်းပြောဆိုသည်။
ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “စစ်ကောင်စီကတော့ တော်လှန်ရေး ယုတ်လျော့လာ စေဖို့ ပြည်သူတွေ ပါဝင်နိုင်စေမယ့် ပျော်ပွဲရွှင်ပွဲတွေနဲ့ ရိုးရာအစဉ်အလာ ရာသီအလိုက်ပွဲလမ်းတွေကို ဆက်တိုက်ဖန်တီး ပေးနေမှာပဲ။ ဒီနှစ် သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာလည်း မဖြစ်မနေ ပွဲတော်တွေပြန်လုပ်ဖို့နဲ့ စည်ကားစေဖို့အတွက် သူတို့ကိုယ်တိုင် အကုန်အကျခံပြီး လုပ်နေကြတယ်။ ဒါတွေက တိုင်းပြည် ပုံမှန်အခြေအနေရောက်နေပါပြီလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မီးရှို့၊ လူသတ်တာတွေလုပ်နေတဲ့ စစ်ကောင်စီရဲ့ လှည့်ကွက်တခုလို့ပဲ မြင်တယ်” ဟု ဆိုသည်။
You may also like these stories:
ကိုးခရိုင်သားတို့ ပျော်သည့် ဆင်ပွဲ
ကျောက်ဆည် မြန်မာ့ရိုးရာ ဆင်ပြိုင်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပ
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း