အထည်ချုပ်စက်ရုံများ အပါအဝင် စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ၏ တရက်အနည်းဆုံးလုပ်ခလစာအပေါ် အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးမြှင့်ပေးမည်ဆိုသော်လည်း လက်ရှိ ကုန်ဈေးနှုန်းအရ သိသာ ထင်ရှားသည့် အပြောင်းအလဲ မဖြစ်နိုင်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ အောက်တိုဘာ ၅ ရက် နေ့စွဲပါ စာအရ အလုပ်သမားများ အလုပ်ချိန် ၈ နာရီ အတွက် လက်ရှိ ရရှိနေသော တရက်အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၄,၈၀၀ ကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ဆောင်းပေးကာ ကျပ် ၅,၈၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။
ဆိုလာမိုဒါ အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးက “ အခု ၁,၀၀ဝ တိုးပေးမယ်ဆိုရင် လက်ရှိကုန် ဈေးနှုန်းနဲ့က အလကားပဲ တိုးတာက။ ကျနော်တို့အမြင်က သူတို့ဘက်က အဖြစ်သဘောမျိုး တိုးပေးတာမျိုးပဲ ဖြစ်မှာ။ ကုန်ဈေးနှုန်း ဆိုတာကလည်း ဝန်ထမ်းတွေ လစာတိုးပြီးဟေ့ဆိုရင် ၂ ဆ လောက် တက်ချင်ကြတာ ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ရက်က အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများအား အလုပ်ချိန် (၈) နာရီအတွက် သတ်မှတ်လုပ်ခ (၄၈၀၀) ကျပ်အပေါ် အပိုထောက်ပံ့ကြေး (၁၀၀၀) ကျပ် အောက်တိုဘာလမှစ၍ ထပ်မံ ခံစားခွင့်ပြုလိုက်ပြီးနောက် လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများကိုလည်း ယခုလို လုပ်ခလစာအပိုထောက်ပံ့ ကြေး ထပ်ဆောင်းပေးခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တဦးက “အခုပုံမှန်အတိုင်း ကျပ် ၄၈၀၀ နဲ့ သွားနေတဲ့ စက်ရုံတွေကတော့ ပြဿနာသိပ်မရှိနိုင်ဘူး။ ကျပ် ၄,၈၀၀ ထက် ပိုတိုးပေးထားတဲ့ စက်ရုံတွေကတော့ ရှိတယ်၊ တချို့က ကျပ် ၅,၂၀၀ ၊ ကျပ် ၅,၆၀၀ တိုးပေးထားပြီးသားဆိုတော့ အခု ၁,၀၀၀ ထပ်တိုး ရမလား၊ ၂၀၀ ထပ်တိုးပေးရမလား ဆိုတာ ပြဿနာရှိတယ်” ဟု ပြောသည်။
သို့သော် ယခု လုပ်ခလစာ ကျပ် ၁,၀၀၀ တိုးမြှင့်ပေးမှုသည် လက်ခစား CMP စက်ရုံအလုပ်ရုံဝန်ထမ်းများ အတွက်သာ သီးသန့်ဖြစ်နေပြီး ထိုသို့ အပိုထပ်ဆောင်းပေးမည်ဆိုပါက တခြားသော စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေသည့် ကျန် အခြေခံလုပ်သားများ အားလုံးအတွက်လည်း ထုတ်ပြန်ပေးသည့်ကြောင့် ၎င်းက ထောက်ပြသည်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ အလုပ်သမားရေး ဆောင်ရွက်သူတဦးကလည်း “၄,၈၀၀အပေါ်မှာ ၁၀၀၀ တိုးတာကတော့ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှု မဟုတ်ပါဘူး။ ပြီးတော့ သဘော သဘာဝချင်းမတူတော့ စက်ရုံ လုပ်သား တွေအပေါ်မှာ ၅,၈၀၀ကို အခြေခံ တွက်ချက် တာမျိုးကိုမလိုချင်ပါဘူး။ ကျမတို့ စက်ရုံလုပ်သားတွေက အနည်း ဆုံး လုပ်ခ လစာ (minimum wage) ကို ကျပ် ၁ သောင်းတောင်းဆိုထားတာပါ။ ၃ဒေါ်လာနှင့်အထက် ညီမျှသော လစာ ဖြစ်ရပါမယ် ၂၀၁၈ခုနှစ်မှာ ၄၈,၀၀ ဆိုတာက ၃ဒေါ်လာ အထက်ပါ။ ခုတိုးမယ်ဆိုရင်လည်း ၃ဒေါ်လာ အထက်ဖြစ်ဖို့ လိုတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင် သတ်မှတ်ရမည်ဟု သတ်မှတ်ထားသော်လည်း ၂၀၁၉ ခုနှစ် ကိုဗစ် ၁၉ ရောဂါ နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတို့ကြောင့် အလုပ်သမား များ၏ တရက်လုပ်ခလစာသည် ၂၀၁၈ ခုနှစ်ကတည်းက စတင်သတ်မှတ်ထားသည့် ကျပ် ၄,၈၀၀ ကို မပြောင်းလဲဘဲ အဆိုပါနှုန်းဖြင့် ဆက်လက် ပေးနေခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီးပွားရေးကျဆင်းမှုများကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းကာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ သည် ကျပ် ၃,၅၀၀ အထက်တွင် ရှိနေပြီး အာဏာ မသိမ်းခင်ကထက် ငွေလဲလှယ်နှုန်းမှာ ၂ဆကျော် မြင့်တက်နေလျက် ရှိသည်။
စစ်ကောင်စီ၏ ဆန်လက်လီသတ်မှတ်ဈေးပင် ရွှေဘိုပေါ်ဆန်း ၁ အိတ် ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁၃၀၀၀၀ ကျပ် ဆန်ကြမ်း ၈၄၀၀၀ ကျပ် ရှိပြီး စားအုန်းဆီမှာ ရန်ကုန်ဈေးကွက်တွင် တပိဿာ ၉၀၀၀ကျပ် ရှိကာ လိုသလောက် ဝယ်မရသည့် အနေအထားဖြစ်သည်။
ထို့အပြင် ထိုသို့ အလုပ်သမားများ၏ လုပ်ခလစာအပေါ် အပိုထပ်ဆောင်း ထောက်ပံ့ကြေးအစီအစဉ်များကြောင့် လက်ရှိမြင့်မားနေသော အခြေခံကုန်ဈေးနှုန်းများသည် ထပ်မံမြင့်တက်လာမည်ကို အလုပ် သမားများဘက်က စိုးရိမ်နေလျက်ရှိသည်။
လတ်တလောတွင် အထည်ချုပ်စက်ရုံဝန်ထမ်းအများစုသည် တရက်လုပ်ခကျပ် ၄၈၀၀နှုန်းနှင့် ပျှမ်းမျှအားဖြင့် တလလျှင် ကျပ် ၂သိန်း ၅ သောင်းဝန်းကျင်မှ ကျပ် ၃ သိန်း ၂ သောင်းဝန်းကျင်ရရှိကြပြီး လက်ရှိမြင့်မားနေသော ကုန်ဈေးနှုန်းများအရ တလစာ နေထိုင်စားသောက်စရိတ်သည် အနည်းဆုံး ကျပ် ၂ သိန်းကျော် ကုန်ကျလျက်ရှိကြောင်း သိရသည်။
နိုင်ငံတာဝန်ထမ်းဆောင်နေသော အစိုးရဌာနဝန်ထမ်းများ စားဝတ်နေရေးသက်သာချောင်ချိရေးအတွက် ယခု အောက်တိုဘာလမှ စတင်ကာ လစဉ်ထောက်ပံ့ကြေးအဖြစ် ကျပ် သုံးသောင်းပေးသွားမည်ဖြစ်သလို အစိုးရ အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများကိုလည်း တရက်လုပ်ခကို ကျပ် ၁,၀၀၀ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
You may also like these stories:
ဖရိုဖရဲ ရုန်းကန်နေရသည့် အထည်ချုပ်အလုပ်သမားများ
လုပ်ခတိုးရန် တောင်းဆိုသည့် ခေါင်းဆောင် ၇ ဦး အလုပ်ထုတ်ခံရ
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ
အထည်ချုပ်လုပ်ငန်းများ နွေရာသီအပ်ထည် အမှာစာ လျော့ကျလာ
မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ