စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာရာ တွက်ချေမကိုက်သည့်အတွက် ရန်ကုန်၊ မန္တလေးမြို့တို့ရှိ ဆီဆိုင် တချို့မှာ ယာယီအရောင်း ရပ်နားခြင်းနှင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးသဖြင့် တန်းစီဝယ်ယူနေရကြောင်း သိရသည်။
မြန်မာနိုင်ငံက စက်သုံးဆီ အဓိကတင်သွင်းနေရသော စင်ကာပူနိုင်ငံ စက်သုံးဆီပေါက်ဈေး (MOPS) များ ဆက်တိုက် ကျဆင်းလာ၍ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည်လည်း ယခုအောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ကျဆင်းလာပြီး တလီတာလျှင် ကျပ်၂၀၀ ဝန်းကျင်အထိ ကျဆင်းလာလျက်ရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် စက်သုံးဆီ ၁ လီတာ (92၊ 95) သည် ကျပ်၂၂၀၀ မှ ၂၃၀၀ ကျော်အထိရှိသော ပြည် တွင်း စက်သုံးဆီဈေးနှုန်းများသည် ယခု တလီတာလျှင် ကျပ် ၁၉၀၀ မှ ၂၀၀၀ ကျော်အထိသို့ ကျဆင်းလျက်ရှိသည်။
ထို့ပြင် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တချို့သည်လည်း ဒီဇယ်အမျိုးအစားများကိုသာ ရောင်းချပြီး ဓာတ်ဆီအောက်တိန်း 92၊ 95 များကို ယာယီအရောင်းရပ်ထားကြောင်း ဆိုင်းဘုတ်များ တင်ထားကာ ဆိုင်ပိတ်ထားကြောင်း မန္တလေးဒေသခံများထံမှ သိရသည်။
လတ်တလော စက်သုံးဆီအကန့်အသတ်ဖြင့်သာ ဝယ်ယူရသော ဆိုင်များထဲ၌ Max၊ Denko အစရှိသော စက်သုံး ဆီဆိုင်ကြီးများ၏ ရန်ကုန်မြို့ ဆိုင်ခွဲတချို့ပင် ပါဝင်ကြောင်း မြောက်ဒဂုံမြို့နယ်နေထိုင်သူ တဦးက ဆိုသည်။
၎င်းက “အရင်ရက်ကဆို ဆိုင်တိုင်းက ဆီမရှိတော့ဘူးဆိုပြီး လက်ပဲကာပြကြတယ်။ အခုကတော့ ပင်လုံ City mart နားက ဆိုင်မှာ တန်းစီပြီး ဝယ်လို့ရတယ်။ တန်းစီရင်တော့ ဆိုင်တွေက လိုသလောက်တော့ ရောင်းပေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ အောက်တိုဘာ ၉ ရက် စက်သုံးဆီဈေးနှုန်းများအရ အောက်တိန်း 92 တလီတာလျှင် ၁၉၄၅ ကျပ်၊ အောက်တိန်း 95 တလီတာလျှင် ကျပ်၂၀၄၅၊ ဒီဇယ် ၁ လီတာလျှင် ကျပ် ၂၂၈၅ နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ကျပ် ၂၂၈၅ ဖြစ်ကြောင်း သိရသည်။ (ယခုဈေးနှုန်းများသည် ရန်ကုန်စက်သုံးဆီများ၏ ဈေးနှုန်းများ ဖြစ်သည်။)
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးကလည်း “ဒီဇယ်ကတော့ လိုသလောက်ဝယ်လို့ ရတယ်။ 92၊ 95 ကိုပဲ တချို့ ဆိုင်တွေက ရောင်းမပေးတော့ဘူး။ အရင်လိုမျိုးတော့ အကြာကြီး တန်းစီဝယ်ရတာမျိုးတော့ မဟုတ်ဘူး။ တချို့ဆိုင်တွေက ပိတ်တာတို့ မရောင်းတာတို့ကြောင့် ဒီဘက်က ဆိုင်တွေမှာ လာတိုးဝယ်ရသလိုမျိုးဖြစ်တာ” ဟု ဆိုသည်။
ထို့ပြင် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တချို့သည်လည်း ဒီဇယ်အမျိုးအစားများကိုသာ ရောင်းချပြီး ဓာတ်ဆီအောက်တိန်း 92၊ 95 များကို ယာယီအရောင်းရပ်ထားကြောင်း ဆိုင်းဘုတ်များ တင်ထားကာ ဆိုင်ပိတ်ထားကြောင်း မန္တလေးဒေသခံများထံမှ သိရသည်။
စက်သုံးဆီတင်သွင်းရောင်းချသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ဒါက တိုက်ဆိုင်မှုလည်း ဖြစ်နိုင်တယ်။ ဈေးကျ သွားတဲ့အချိန်နဲ့ တခါတလေကျရင် သီလဝါမှာ ဆီထုတ်ရတာ ကြန့်ကြာသွားတာမျိုးဆိုရင် ဆီပြတ်တောက်မှုက အနည်းနဲ့ အများတော့ ရှိတယ်။ ဆီဈေးကျသွားလို့ မရောင်းတာတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဈေးကွက် ဈေးနှုန်း ထိန်းချုပ်ကန့်သတ်ထားခြင်းကြောင့်လည်း ဆီဈေးနှုန်းကျဆင်းချိန်တွင် ဆီတင်သွင်းသော ကုမ္ပဏီများထံမှ ဝယ်ယူဖြန့်ဖြူး ရောင်းချရသော ဆိုင်တချို့ကလည်း ဆီလက်ကျန်ကို ထိန်းရောင်းချမှုများရှိကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “အမြင့်ဈေးနဲ့ ဝယ်ထားပြီးတော့ စင်ကာပူ MOPS ဈေးကျလာလို့ စစ်ကောင်စီက သတ်မှတ်ဈေးနဲ့ လိုက်ပြီး အကျဈေးရောင်းပေးဖို့ကျတော့ တချို့ ကုမ္ပဏီတွေအတွက် မကိုက်ဘူးလေ။ အခုဖြစ်တာကလည်း ဆိုင်ကြီးတွေ ဆိုတာထက် ဆိုင်အသေးတွေမှာ ဖြစ်ကြများတယ်” ဟု ပြောဆိုသည်။
ထိုသို့ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရသော်လည်း မိမိတို့အလှည့်ရောက်လျှင် ဆီပြတ်သွားခြင်းများကြုံရသည့်အပြင် လိုသလောက်မရောင်းပေးဘဲ ကျပ် ၂ သောင်းဖိုးအထိသာ ရောင်းချပေးခြင်းများလည်းရှိကြောင်း မြို့ခံများထံက သိရသည်။
You may also like these stories:
ထိုင်းစွမ်းအင်လုပ်ငန်းကြီးက မြန်မာဓာတ်ငွေ့ကန်ထရိုက် သက်တမ်းတိုးရန် ပြင်ဆင်နေ
မြဝတီနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေ
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း