အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ တိုးမြှင့်လုပ်ဆောင်နေသော BRI (ပိုးလမ်းမ) စီမံကိန်း၏ အစီအစဉ်များ ရပ်တန့်ပေးရန် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) က အောက်တိုဘာ ၉ ရက်တွင် ကြေညာချက်ထုတ်သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်းရေးထားသည့် “သွေးစွန်းနေသော တံခါးပေါက်များ” ဆိုသော အစီရင်ခံစာကို KWAT က ထုတ်ဝေထားပြီး ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင် ထိုသို့ရေးထားခြင်းဖြစ်သည်။
KWAT က မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြားတိုက်ပွဲများ ပိုမိုဖြစ်ပွားလာကြောင်းဆိုသည်။
ထိုတိုက်ပွဲများသည် စစ်ကောင်စီက BRI စီမံကိန်းအတွက် သယ်ယူပို့ဆောင်သည့် လမ်းကြောင်းများအား လုံခြုံရေး ပေးရန် ကြိုးပမ်းမှု နှင့် ဆက်စပ်နေသည်ဟု KWAT ကထောက်ပြသည်။
KWAT ပြောရေးဆိုခွင့်ရှိ ဂျာအိန်က “ကချင်ဒေသမှာလည်း ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေတယ်။ မြန်မာတနိုင်ငံလုံး ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့အချိန်မှာ ဒီလို လူ့အခွင့်အရေးကောင်းမွန်မှု မရှိသေးတဲ့ ဒေသမှာ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ခြင်းအားဖြင့် စစ်ပွဲကို ပိုပြီးမှ ပြင်းထန်ခိုင်းစေတယ်ပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်စေပြီးတော့မှ BRI တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အခုလို ဖြစ်နေတဲ့ အချိန်မှာ ဒီဟာကို ဆက်မလုပ်ဖို့ ဒါတွေကို ရှေ့မတိုးဖို့အတွက်ကို ကျမတို့က တောင်းဆိုနေတာဖြစ်ပါတယ်” ဟုဆိုသည်။
BRI သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နီးပါးနှင့် ချိတ်ဆက်၍ ရေကြောင်း၊ ကုန်းကြောင်း အားဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ရန်အတွက် တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းကြီးတရပ် ဖြစ်သည်။
ယင်းစီမံကိန်းသည် တရုတ် သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် စတင်လာသည့် စီမံကိန်းဖြစ်ပြီး ခေတ်သစ် ပိုးလမ်းမ စီမံကိန်းဟူ၍လည်း လူသိများသည်။
စီမံကိန်းဖြတ်သန်းမည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး BRI စီမံကိန်း၏ အစိတ်အပိုင်းတခု အနေနှင့် မြန်မာ နိုင်ငံတွင် တရုတ်– မြန်မာ စီးပွားရေး စင်္ကြံလမ်း စီမံကိန်း (China-Myanmar Economic Corridor CMEC) အကောင် အထည် ဖော်ရန်လည်း ရှိနေသည်။
ထိုစီမံကိန်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ၂၀၁၈ ခုနှစ် တွင် လက်မှတ် ရေးထိုးထားသည်။
မြန်မာနိုင်ငံတွင် တရုတ် – မြန်မာစီးပွားရေး စင်္ကြံ ထက် BRI စီမံကိန်းဟူ၍သာ လူသိများပြီး ယင်းစီမံကိန်းအောက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ ရထားလမ်း တည်ဆောက်ခြင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် နယ်စပ် အထူး စီးပွားရေးဇုန်များ တည်ဆောက်ရန် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ရေးသည် နှောင့်နှေးသွားသော်လည်း တရုတ်နိုင်ငံဘက်က စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံကာ စီမံကိန်း အကောင်အထည်ဖော်ရေး ဆက်လုပ်မှုများရှိလာသည်။
စစ်ကောင်စီနှင့် KIA တို့အကြားဖြစ်ပွားသည့် တိုက်ပွဲများသည် အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်မည့် ဧရိယာတွင် ရှိနေသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရပ်သားများကိုပါ ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းမှ တဆင့်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လာသဖြင့် အရပ်သားများ ထိခိုက်နေရကြောင်း KWAT က ကြေညာချက်တွင် ရေးထားသည်။
KWAT ၏ အချက်အလက်အရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သူ ၂၀၀ နီးပါးရှိပြီး လူထူထပ်ရာနေရာသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆၁ ဦးသေဆုံးထားကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၉ ရက်နေ့ညပိုင်းကလည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIO) ထိန်းချုပ်နယ်မြေတွင်ရှိသော ကချင်ပြည်နယ်၊ လိုင်ဇာမြို့က မုန်လိုင်ခတ် စစ်ရှောင်စခန်းကို စစ်ကောင်စီက ည ၁၂ ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးငယ် ၃၀ ဝန်းကျင်သေဆုံးခဲ့သည်။
KWAT ပြောရေးဆိုခွင့်ရှိသူ ဂျာအိန်က ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ပိုမိုဖြစ်ထွန်းစေသည့် အကြောင်းအရင်းများတွင် BRI စီမံကိန်း၏ အစီအစဉ်များ ရှေ့တိုးအကောင်အထည်ဖော်ခြင်းပါဝင်နေသဖြင့် ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
၎င်းက “တရုတ်အနေနဲ့က မြန်မာနိုင်ငံနဲ့ Border အရှည်ဆုံးပေါ့။ နယ်ခြားဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့က နယ်ခြားလုံခြုံရေး တိုးတက်လာဖို့အတွက် နိုင်ငံ ၂ ခုကြား ဆက်ဆံရေးပိုကောင်းဖို့အတွက်ဆိုရင်တော့ သူတို့အနေနဲ့ အဲဒါကို ရှေးရှုတယ်ဆိုရင် အဲဒါကို ရပ်တန့်နိုင်တယ်လို့ ကျမတို့သုံးသပ်မိပါတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးချိန်မှစတင်ကာ အောက်တိုဘာ လဆန်းအထိ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် စစ်ရှောင် ၁၄၀၀၀ ကျော်ရှိနေပြီး စစ်ရှောင်များအတွက် အရေးပေါ်ဆေးဝါးနှင့် ရိက္ခာလိုအပ်ချက်များ ရှိနေကြောင်း KWAT ပြောရေးဆိုခွင့်ရှိသူ ဂျာအိန်က ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကမူ လတ်တလောတွင် တရုတ်နိုင်ငံက အွန်လိုင်းမှတဆင့် တရုတ်နိုင်ငံအတွင်းရှိ ပြည်သူများထံမှ ငွေကြေးလိမ်လည်သည့် ရာဇဝတ်ဂိုဏ်းများအား နှိမ်နင်းနိုင်ရေး ပိုမိုအားစိုက်နေပြီး BRI စီမံကိန်းနှင့် ပတ်သက်၍လည်း အလျင်အမြန် အကောင်အထည်ဖော်ချင်နေပုံ ရကြောင်းဆိုသည်။
၎င်းက “BRI နဲ့ပတ်သက်လို့ကတော့ တရုတ်ကလည်း တော်တော်ကြီးကို တက်သုတ်ရိုက်ပြီးတော့ လုပ်နေတာတွေရှိပါတယ်။ အောက်တိုဘာလအတွင်းမှာပဲ တရုတ်ဘက်က BRI နဲ့ ပတ်သက်လို့ Seminar ကြီးတခုလုပ်ဖို့တော့ ရှိတယ်။ လုပ်ဖြစ်မလုပ်ဖြစ်တော့ မသိဘူး” ဟု ဆိုသည်။
BRI စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုမှုများနှင့်ပတ်သက်၍ “ပြောရရင် ဒါတွေက ထိပ်သီး ၂ နိုင်ငံရဲ့ ပဋိပက္ခတွေရဲ့ ဂယက်တွေပဲ” ဟု ဒေါက်တာလှကျော်ဇောက မှတ်ချက်ပြုသည်။
ဩစတြေးလျနိုင်ငံသား လွတ်လပ်တဲ့ သုတေသီတဦးဖြစ်သူ မစ္စတာ David Mathieson ကလည်း စစ်ကောင်စီနှင့် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၉၀ ခုနှစ်ဝန်းကျင်ကတည်းရှိနေခြင်းဖြစ်ပြီး BRI စီမံကိန်းသည်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု မဖြစ်မီကတည်းက ရှိနေခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။
၎င်းက လက်ရှိတွင် တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့်သာ ပူးပေါင်းနေသည်ဟု ပြော၍မရဘဲ BRI စီမံကိန်းအပါအဝင် ၎င်း၏ အခြေခံ အဆောက်အအုံများလုံခြုံရေးအတွက် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များ နှင့်လည်း ထိတွေ့ဆက်ဆံနေကြောင်း ပြောသည်။
ဒေးဗစ် မက်သီရယ်ဆင်က BRI စီမံကိန်းသည် တရုတ်နိုင်ငံအတွက် ရေရှည်လုံခြုံရေးနှင့် ကုန်သွယ်ရေးအတွက် အရေးပါသဖြင့် စီမံကိန်းရပ်တန့်ရေး ကိစ္စသည် ဖြစ်နိုင်ချေနည်းကြောင်းဆိုသည်။
၎င်းက “စီမံကိန်းကတော့ ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။ ဒါပေမယ့် စီမံကိန်းရဲ့ အချိန်ကာလနဲ့ လုပ်ဆောင်မယ့် အဆင့်ကတော့ မသေချာဘူး။ တနည်းပြောရရင် ရပ်တန့်၍မရနိုင်သော်လည်း နှောင့်နှေးမှုများနှင့် အစီအစဉ်အချို့ကို ပြန်လည်ရေးဆွဲခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကံမကောင်စွာနဲ့ပဲ အဲဒီဒေသတွေမှာနေတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာတော့ ဒုက္ခတွေ ဆက်လက်ခံစားနေရမှာဖြစ်ပြီး မသေချာမရေရာမှုတွေလည်း ဆက်ရှိနေမှာဖြစ်ပါတယ်” ဟု မှတ်ချက်ပေးသည်။