စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက်ရှိ စက္ကန့်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၇ စတင်၍ ယနေ့အချိန်ထိ ရက်ဆက် စစ်ကြောင်းထိုးကာ မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။
အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကလေးမြို့ အနောက်တောက်ဘက်ခြမ်းသို့ အောက်တို ဘာ ၇ ရက်မှ စတင်စစ်ကြောင်းထိုးလာပြီ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုသို့ အရပ်သားနေအိမ်များကို မီးရှို့ နေ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကလေးမြို့နယ်အတွင်းရှိ စစ်ရှောင်အရေး အကူအညီပေးနေသည့် ဒေသခံတဦးက “စစ်ကြောင်းထိုးမယ့်နေ့မှာ အဲဒီ ရွာ တွေဘက်ကို လက်နက်ကြီး တောက်လျှောက် ပစ်တယ်။ လက်နက်ကြီး ပစ်ပြီးတာနဲ့ စစ်ကြောင်းထိုးတာပဲ။ ရွာသူရွာ သားတွေကတော့ စစ်ကောင်စီဆိုတဲ့ အသံကြားတာနဲ့ကို ပြေးရကြတာဆိုတော့ ဘာမှလည်း ယူချိန်မကြရဘူး။ အဝတ် တထည်၊ ကိုယ်တခုနဲ့ ပြေးရကြတာ။ အဲဒီ စက္ကန့်ရွာကို ဝင်မီးရှို့နေတာ ၃ ရက်ဆက်တိုက်ရှိနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးမြို့နယ်နှင့်၂ မိုင်ခန့်အကွာ၌ တည်ရှိသည့် အဆိုပါ စက္ကန့်ကျေးရွာတွင် အိမ်ခြေ ၇၀၀ နီးပါးရှိပြီး စစ်ကောင်စီ တပ်သားများက အသက် ၆၀ ကျော်နှင့် အသက် ၁၄ နှစ်အရွယ် မြေးအဘွားနှစ်ဦးကိုလည်း ပစ်သတ်ပြီး အလောင်း များကို မီးရှို့ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
ကလေးမြို့နယ်အတွင်းက ဒေသခံတဦးက “ဒီနေ့အထိလည်း စစ်ကောင်စီတပ်က စက္ကန့်ရွာမှာ တပ်စွဲထားတဲ့အတွက် ရွာနားကိုတော့ တယောက်မှ မကပ်နိုင်သေးဘူး။ နောက်ဆုံး ရွာက ပြေးလာတဲ့ တယောက်ပြောတာကတော့ ရွာမှာ ကျန်နေတဲ့ မြေးဖွားနှစ်ဦး ပစ်သတ်ခံရတယ်လို့ ပြောတယ်။ သက်ကြီးပိုင်း ၃ ယောက်နဲ့ စိတ်မနှံ့သူ ၁ ယောက်လည်း အခုထိ ပျောက်နေတုန်းပဲ၊ သေလားရှင်လား ဆိုတာ မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မြေးအဘွား ၂ ဦးမှာ အသက် ၆၇ နှစ်အရွယ် ဒေါ်ငိုက်နှဲမ်နှင့် မြေးဖြစ်သူ ဆလိုင်းဗိန်ဘွေလျန် (၁၄ နှစ်) တို့ ဖြစ်ပြီး စစ်ကောင်စီတပ်က သတ်ဖြတ်သွားပြီး အလောင်းများကို မီးရှို့ခဲ့ကြောင်း CNO Upper Chindwin Region (UCR) က ထုတ်ပြန်ထားသည်။
ထိုသို့ စက္ကန့်ကျေးရွာအား စစ်ကြောင်းထိုးပြီး မီးရှို့နေသည့်အတွက် ယင်းကျေးရွာအနီးရှိ ရှားတော၊ ကျွန်းတော၊ စည်ပင်ကြီး၊ မြောင်းဆုံ၊ မြောင်းလှ စသည့်ကျေးရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ထိုသို့ မည်သည့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမှမရှိဘဲ အရပ်သားများနေထိုင်ရာရွာများအား စစ် ကြောင်းထိုးကာ နေအိမ်များကို မီးရှို့နေခြင်းမှာ ရိက္ခာဖြည့်တင်းရန်အတွက် ပြုလုပ်လာခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “သူတို့ ပုံမှန်ဆိုရင် စခန်းအပြင်ဘက်ကို မထွက်ရဲကြဘူးဗျ။ အခု အချိန်မှာ ကျနော်တို့ ပိတ်ဆို့ထားတဲ့အတွက် ပျူရွာတွေနဲ့ စစ်ကောင်စီ စခန်းတွေမှာ ရိက္ခာတွေ ပြတ်တောက်နေတယ်။ တချို့ ပျူရွာတွေမှာဆို ဆား ၁ ပိဿာကို တောင် ၃ ၊ ၄ သောင်း ပေးဝယ်နေကြရတယ်လို့ သိရတယ်။ အဲဒီအတွက် သူတို့ ရိက္ခာသယ်ဖို့အတွက် ဘာတိုက်ပွဲမှ မရှိဘဲ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်း သယ်ယူဖို့အတွက် အကြံအစည်နဲ့ လုပ်နေတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်သားများ ထိုသို့ စစ်ကြောင်းထိုးပြီး ပြည်သူများ၏နေအိမ်များကို မီးရှို့နေသည့်အတွက် ၎င်းတို့၏ လှုပ်ရှားမှုအပေါ် စောင့်ကြည့်ကာ လိုအပ်သလို တိုက်ခိုက်သွားမည်ဖြစ်သလို၊ လက်ရှိတွင် ယင်းအနီးဝန်းကျင်တ လျှောက် စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
၂၀၂၃ ဇန်နဝါရီ ၅ ရက်ကလည်း အဆိုပါ အိမ်ခြေ ၇၀၀ နီးပါးရှိသည့် စက္ကန့်ကျေးရွာအား စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့သွားသောကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျသွားပြီး ယခုတကြိမ်မှာ ဒုတိယအကြိမ် ဝင်ရောက်မီးရှို့နေ ခြင်း ဖြစ်သည်။
You may also like these stories:
ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်
စစ်ကိုင်းမှ ရွာပေါင်း ၃၀ ကျော် ဒေသခံ ၁ သောင်းခန့် စစ်ကြောင်းကြောင့် တိမ်းရှောင်