စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း မြစ်ကြီးနား–ရွှေဘို မဟာဗျူဟာလမ်းပိုင်းရှိ ငှက်ပျောတိုင်း ရွာသစ်အနီး တပ်စွဲ ထားသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား ယမန်နေ့က ဖြစ်သော တိုက်ပွဲ၌ စစ်ကောင်စီ မှ လေကြောင်းပစ်ကူ ၃ ကြိမ် ပေး၍ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခန့်တွင် စတင်ကာ ငှက်ပျောတိုင်းရွာသစ်ကျေးရွာ၊ လျှပ်စစ်ဓာတ်အားပေးရုံ၌ အထိုင် ချထားသော အင်အား ၆၀ ခန့်ပါ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ကန့်ဘလူခရိုင် အမှတ် (၃)၊ (၄) PDF တပ်ရင်းများက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပ.က.ဖ)မှ တာဝန်ရှိသူတဦးက “သူတို့ဘက်က သေတာတွေလည်း တော် တော်များတယ်၊ သူတို့ဘက်က ကျတာ၊ ထိခိုက်တာတွေ မျက်မြင်တွေ့ခဲ့ရပေမယ့် အရေအတွက် အတိအကျသိရဖို့ အချိန် မရ ကြတာရယ်၊ လေကြောင်းက တရစပ်ပစ်နေတာမို့ သေချာမစိစစ်နိုင်ခဲ့ဘူး၊ အခြေအနေမဟန်တော့ လေကြောင်းပစ်ကူ တောင်းပြီး ထွက်ပြေးသွားကြတယ်”ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲမှာ အချိန် ၈ နာရီခန့်ထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီးများဘက်မှ အထိအခိုက် များသောကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှ တက်လာသော Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် နံနက် ၇ နာရီ ၄၇ မိနစ်၊ နံနက် ၁၀ နာရီ၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တို့တွင် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်ပြီး ၂ နာရီကျော်တဲ့အချိန်မှာ Mi35 က ၄၅ မိနစ် လောက် လေကြောင်း ပစ်ကူပေးပြီး ကန့်ဘလူ ၆၀၀၆ ထဲကို ဆင်းသွားတယ်၊ သူတို့ လေကြောင်း ပစ်ကူပေးပေမယ့် ပြန်မဆုတ်ဘဲ ဆက်တိုက်ခဲ့ကြတာ၊ မနက် ၁၀ နာရီကျော်လောက်မှာ ကန့်ဘလူ ၆၀၀၆ ထဲ ဆင်းသွားတဲ့ Mi-35 ပြန်တက်လာပြီး ဒုတိယအကြိမ် နာရီဝက်ကျော်လောက် လေကြောင်းပစ်ကူ ထပ်ပေးခဲ့ကြတယ်”ဟု ပြောသည်။
ထို့နောက် စစ်ကောင်စီဘက်မှ အကျအဆုံးများလာ၍ အင်အား ၁၀၀ ခန့်ကို ယမနေကျေးရွာဘက်မှတဆင့် မြေပြင် စစ်ကူများပို့သည့်အပြင် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် Mi 35 ဖြင့် ထပ်မံ၍ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
အဆိုပါတိုက်ပွဲတွင် လျှပ်စစ်ဓာတ်အားပေးရုံကို သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူ ၃ ကြိမ်နှင့် မြေပြင်စစ်ကူများ ရောက်ရှိလာခြင်းကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရသူ ၄၀ ခန့်ထိ ရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ လျှပ်စစ်ဓာတ်အားပေးရုံအပါအဝင် ကျေးရွာအနီး ၃ နေရာ၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ထန်းကုန်းတိုက်နယ်၊ ဇီးကုန်း တိုက်နယ်၊ ကာဘိုးတိုက်နယ်၊ တန့်ဆည် မြို့နယ်တခုလုံး အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးများ ဖြတ်တောက်ထားကြောင်း သိရသည်။
ငှက်ပျောတိုင်းကျေးရွာမှ ဒေသခံများမှာ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာစဉ်ကတည်းက အိုးအိမ်များကို စွန့်ခွာ တိမ်းရှောင်ခဲ့ကြကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ငှက်ပျောတိုင်းကျေးရွာမှ နေအိမ်များ ထိခိုက် ပျက်စီး နိုင်ကြောင်း၊ ယခုအခါ တိုက်ပွဲဖြစ်ခဲ့သည့် ငှက်ပျောတိုင်းရွာသစ်အနီး အထိုင်ချ တပ်စွဲထားသောနေရာများသို့ စစ်ကူလာရောက်သည့်အဖွဲ့များဖြင့် အင်အား ထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။
စစ်ရှောင်နေရသည့် ငှက်ပျောတိုင်းဒေသခံတဦးက “ကျမတို့က အခုလောက်ထိကြာအောင် မရှောင်ဘူးတော့ ဆန်ဆီ ဆားဆိုတာ အများကြီး ပါမလာဘူးလေ၊ ရိက္ခာ နည်းနည်း လေးနဲ့ပဲ ကိုယ်လွတ်ရုန်းပြေးခဲ့ကြရတာ၊ အခုက စစ်ကြောင်း အကုန်ထွက်မသွားဘဲ လျှပ်စစ်ဓာတ်အားပေးရုံမှာ တပ်စွဲနေတော့ ဘယ်အချိန် ဘယ်ကာလမှ ကိုယ့်ရွာကိုယ် ပြန်နေရမလဲ မသိဘူး၊ ရှိသမျှပစ္စည်းတွေလည်း သူတို့ခိုးတာနဲ့ ဘာမှ ကျန်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်း မြစ်ကြီးနား–ရွှေဘိုမဟာဗျူဟာလမ်းပိုင်းအနီးကျေးရွာများသို့ ခမရ ၃၆၁ မှ အင်အား ၂၀၀ ကျော်ထိ အသုံးပြု၍ စက်တင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ စစ်ရေး လှုပ်ရှားနေခြင်းကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားသောက်နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေ ရကြောင်း၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် သီရိမွန်ကျေးရွာမှ နေအိမ် ၃ လုံးအား မီးရှို့ဖျက်စီးခဲ့သလို အောက်တိုဘာ ၅ ရက်နေ့က ကျေးပင်အက်ရွာအနီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ကင်းတပ်–ရွှေဘိုတူးမြောင်းအနီးရှိ ဇီးကုန်းမြို့အဝင်လမ်းဘေးမှ နေအိမ်များနှင့် ဆိုင်ခန်းများအား စစ်ကောင်စီနှင့် ပျူစောထီးများက အောက်တိုဘာ ၆ ရက်နေ့မှစ၍ ဖြိုဖျက်ဖယ်ရှားကာ မြို့အဝင်၌ ခံတပ်အချို့ ဆောက်လုပ်နေကြောင်း၊ ယခုရက်ပိုင်းများတွင် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ် ကျေးရွာများမှ ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများ ဇီးကုန်းမြို့တွင်းသို့ ဝင်ရောက်မည်ဆိုပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု စစ်ကောင်စီဘက်မှ ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသည်ဟုလည်း ဒေသတွင်း Infinity Groupက အသိပေးထားသည်။
ထို့အတူ အောက်တိုဘာ ၆ ရက်ကလည်း အင်းလယ်ကြီးကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးတို့ကို ပစ္စည်းများသယ်ရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အင်းလယ်ကြီးရွာ အနောက်ဘက် ၄ မိုင်အကွာရှိ ပျူစောထီးများ အထိုင်ချရာ ငါတို့ကျေးရွာအရောက် ပြန်လွှတ်ပေးခဲ့သော်လည်း ကျေးရွာနေပျူစောထီးများက ဆက်လက်ဖမ်းဆီးကာ အသက် ၃၀ ကျော်အရွယ် ကိုကျောက်စိမ်းဦးနှင့် ကိုတာဝင်းတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“အရင်က စစ်ကြောင်းထိုးရင် အများဆုံးစစ်ရှောင်ရ ၃ ရက်ပေါ့၊ အခုက ၂ ပတ်ကျော်နေပြီဆိုတော့ ပါလာတဲ့ ရိက္ခာတွေ လည်း ကုန်နေကြပြီမို့ အတော်ကို ဒုက္ခရောက်နေကြရတယ်၊ ငှက်ပျောတိုင်းက အခုလောက်ထိ အကြာကြီး တခါမှ မရှောင်ရဖူးသေးတော့ ပိုဆိုးတာပေါ့၊ စစ်ရှောင်တွေကို ဘေးလွတ်တဲ့ရွာတွေနဲ့ မြေပြင်တော်လှန်ရေးအဖွဲ့တွေက ကျွေးတာ၊ ပေးတာ၊ ကူတာလေးတွေနဲ့ စားသောက်နေကြရတာ”ဟု စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း လက်ရှိ စစ်ရေးအခြေအနေများကြောင့် ရွှေဘို–စံပယ်နံ့သာ–မြစ်ကြီးနား မဟာဗျူဟာ လမ်းပိုင်းအား ခရီးသွားယာဉ်များ လက်တလော သွားလာအသုံးပြု၍ မရသေးကြောင်း ဒေသတွင်း Infinity Groupက အသိပေးထားသည်။
You may also like these stories:
ကန့်ဘလူ ရွာတချို့ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြိမ်းခြောက်ခံနေရ
စခန်းတိုက်ခိုက်ခံရသည့် ပျူစောထီးများနှင့် စစ်တပ် ကျေးရွာများကို မီးလိုက်ရှို့
ကန့်ဘလူတွင် စစ်ရှောင် ၂ သောင်းကျော် ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ