အာဏာသိမ်းပြီးနောက်ပိုင်း စွမ်းအင်နှင့် လောင်စာ မလုံလောက်မှုများ ရင်ဆိုင်ရပြီး မြန်မာစစ်ကောင်စီသည် ထိုအကျပ်အတည်းကို ဖြေရှင်းရန် ရုရှားကို အကြီးအကျယ်မှီခိုရသည်။
သောကြာနေ့တွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ကိုကိုလွင်သည် စွမ်းအင် ကဏ္ဍနှင့် ပတ်သက်သည်များကို ဆွေးနွေးရန် ရုရှားတွင် ဆာဂေး ဗလာဒီမာရိုဗစ် ဦးဆောင်သည့် Roscongress Investment-RCI မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံသည်။ ထိုနေ့တွင်ပင် စစ်ကောင်စီ သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ရုရှားအမျိုးသား သုတေသန နျူကလီးယား တက္ကသိုလ် ဒုပါမောက္ခချုပ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြသည်။ ထိုသဘောတူညီချက်ကို ရုရှားအမျိုးသား သုတေသန နျူကလီးယား တက္ကသိုလ်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်၊ ရန်ကုန် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ကျောက်ဆည် နည်းပညာတက္ကသိုလ်အကြား လက်မှတ်ရေးထိုးသည်။
ဆာဂေးဗလာဒီမာရိုဗစ်နှင့် စစ်တက္ကသိုလ် အပတ်စဉ် ၇၁ ဆင်း ကိုကိုလွင်သည် မြန်မာတွင် ရေနံချက်စက်ရုံတခု၊ ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတခုတည်ဆောက်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အရှိန်မြင့်တင်ရန် ဆွေးနွေးကြသည်။ ကိုကိုလွင်၏ အဆိုအရ စစ်ကောင်စီသည် စွမ်းအင်ကဏ္ဍခွဲအားလုံးတွင် ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အဓိက တာဝန်ပေးထားသူများရှိပြီး ရုရှားဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေအောင် လုပ်ဆောင်ရန် စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီးက တိုက်တွန်းသည်။
မြန်မာတွင် လောင်စာမလုံလောက်မှုနှင့် ဓာတ်အားပြတ်တောက်မှုများ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်တွင် ထိုသို့ ဆွေးနွေးခြင်းဖြစ်သည်။ လောင်စာဆီ ဈေးနှုန်းများသည် စစ်ကောင်စီက လောင်စာဆီတင်သွင်းသူများကို ဖမ်းဆီးပြီးနောက် ကျဆင်းလာသော်လည်း လောင်စာဆီ အရောင်းဆိုင်များသည် လောင်စာမရောင်းတော့ဘဲ လောင်စာဆီ မရှိတော့ကြောင်း ပြောသောကြောင့် ပြည်သူများ လောင်စာဆီဝယ်ရန် ပိုမိုခက်ခဲလာသည်။
ကိုကိုလွင်သည် မင်းအောင်လှိုင်၏ သြဂုတ်လက စစ်ကောင်စီ ရာထူးအပြောင်းအလဲများအတွင်း စွမ်းအင်ဝန်ကြီး ဖြစ်လာပြီး ရုရှားသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ သူသည် ရုရှားတွင် ရုရှားစွမ်းအင် ရက်သတ္တပတ် နိုင်ငံတကာဖိုရမ် (Russian Energy Week International Forum) သို့ တက်ရောက်ခြင်းဖြစ်သည်။
ရုရှားသို့ မသွားရောက်မီ ကိုကိုလွင်သည် ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ရုရှားမြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း အကြီးအကဲ အနာတိုလီ ဘူလော့နီဗစ်ကို နေပြည်တော်တွင် တွေ့ဆုံသည်။
ကိုကိုလွင်သည် ကဇတ်စတန်တွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ပထမဆုံး စွမ်းအင်ဖိုရမ်တွင် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သည်။ SCO သည် ရုရှားနှင့် တရုတ်လွှမ်းမိုးသော အဖွဲ့ဖြစ်သည်။
မြန်မာသည် ဓာတ်အားလိုအပ်ချက်ပြည့်မီရန် မိတ်ဆွေနိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုလိုအပ်ကြောင်း ကိုကိုလွင်ပြောသည်။ ကျောက်မီးသွေးအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကဇတ်စတန်ကို ကိုကိုလွင် အကူအညီတောင်းသည်။
စစ်ကောင်စီသည် ယခုနှစ်အစောပိုင်းတွင် နိုင်ငံ၏ ပထမဆုံး နျူကလီးယား သတင်းအချက်အလက်ဌာနကို ရန်ကုန်တွင် ဖွင့်လှစ်ပြီးနောက် ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom နှင့် ပူးပေါင်းဆောင်ရွက်နေသည်။
လွန်ခဲ့သောလတွင် စစ်ကောင်စီ သိပ္ပံနှင့် နည်းပညာဒုဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် သုတေသနနှင့် လူသားရင်းမြစ်တိုးတက်ရေးအတွက် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံကို တောင်းဆိုသည်။
သောကြာနေ့က ပြုလုပ်သည့် ရုရှားအမျိုးသား သုတေသန နျူကလီးယား တက္ကသိုလ်နှင့် လက်မှတ်ရေးထိုးပွဲတွင် ဒေါက်တာ အောင်ဇေယျက ထိုရုရှားတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာအတွက် နျူကလီးယား စွမ်းအင်နှင့်နည်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးမည်ဟု မျှော်လင့်ကြောင်း ပြောသည်။ ရုရှားမှ နျူကလီးယား နည်းပညာ အကယ်ဒမီများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း အောင်ဇေယျ ကတိပြုသည်။
ရုရှားတက္ကသိုလ်များမှ နျူကလီးယား နည်းပညာနှင့်ပတ်သက်သည့် မြန်မာဘွဲ့ရများ၊ ဘွဲ့ကြိုကျောင်းသားများသည် ရုရှားတက္ကသိုလ်များမှ ဒုပါမောက္ခချုပ်များနှင့် ROSATOM အရာရှိများသည် ရန်ကုန်ရှိ နျူကလီးယား သတင်းအချက်အလက်နည်းပညာဌာနတွင် သြဂုတ်လက တွေ့ဆုံကြသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် သူကြီးကြပ်သည့် အကြမ်းဖက် စစ်ဆင်ရေးကြောင့် နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ကတိကို သံသယဖြင့် ရှုမြင်ရမည်ဖြစ်သည်။ သူသည် ယခင် စစ်အာဏာရှင်များ၏ နျူကလီးယား အိပ်မက်ကို မက်နေသည်ဟု အများက ယုံကြည်ကြသည်။
လွန်ခဲ့သောနှစ်တွင် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် အပယ်ခံ ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်နေပုံရသော်လည်း ရုရှက မြန်မာတွင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရန်ထက် လက်နက်ရောင်းရန်ကိုသာ ပိုစိတ်ဝင်စားပုံပေါ်သည်။
You may also like these stories:
ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ
စက်သုံးဆီ ဈေးကျသော်လည်း အကန့်အသတ်နှင့် ရောင်းသဖြင့် တန်းစီဝယ်နေရ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခရီးမရောက်
ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း
ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ