မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အငြင်းပွားဖွယ် ဖိတ်ခေါ်ထားသည့် ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ကြိုတင်ပြင်ဆင်ရန် လိုအပ်သေးသည်ဟုဆိုကာ လာမည့်နှစ်အထိ ရွှေ့ဆိုင်းလိုက်သည်။
ထိုင်းနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရီလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဘင်္ဂလားပင်လယ်အော် အစီအစဉ်၏ လက်ရှိဥက္ကဋ္ဌဖြစ်သည်။
ထိုင်းနိုင်ငံသည် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (BIMSTEC) အစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။
သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြောခွင့်ရသူ ကန်ချနာ ပါတာရာချိုကဲက ထိုင်းနိုင်ငံသည် ၆ ကြိမ်မြောက် BIMSTEC အစည်းအဝေးအတွက် ပိုမိုပြင်ဆင်ရန်အတွက် ထိုအစည်းအဝေးကို လာမည့် နှစ်အထိ ရွေ့ဆိုင်းထားရန် ဆုံးဖြတ်လိုက်ကြောင်းပြောသည်ဟု ပတ္တရား နေ့စဉ် သတင်းက အောက်တိုဘာလ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
မင်းအောင်လှိုင် အပါအဝင် BIMTEC ခေါင်းဆောင်များကို ထိုအစည်းအဝေးတက်ရန် ဖိတ်ခေါ်ထားကြောင်း Thai PBS World သတင်းက ဖော်ပြပြီးနောက် ထိုသို့ ပြန်လည်စီစဉ်ရခြင်းဖြစ်သည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် မြန်မာအစိုးရကို ဖြုတ်ချပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သည့် အရပ်သားများကို ရက်စက်ကြမ်းကြုတ်မှုများကြောင့် နိုင်ငံတကာက ပစ်ပယ်ထားသည့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မိသောကြောင့် ထိုအစည်းအဝေး ရွှေ့ဆိုင်းရခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။
မင်းအောင်လှိုင်ကို BIMSTEC သို့ ဖိတ်ခေါ်မိသောကြောင့် ထိုင်းနိုင်ငံသည် ရုရှားပြီးလျှင် မြန်မာစစ်ကောင်စီ ခေါင်းဆောင်ကို ဖိတ်ခေါ်သည့် ဒုတိယ နိုင်ငံဖြစ်လာသည်။ မြန်မာနိုင်ငံကအဖွဲ့ဝင်ဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည်ပင် မင်းအောင်လှိုင်က အဖွဲ့၏ မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ကို လေးစားလိုက်နာခြင်း မပြုသည့်အတွက် သူ့ကို ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခွင့်မပြုပေ။ စစ်ကောင်စီ၏ အဓိက မဟာမိတ်ဖြစ်သည့်တရုတ်သည်ပင် သူ့ကို ဖိတ်ခေါ်ခြင်းမရှိပေ။
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ခေါင်းဆောင်သည့် ယခင်ထိုင်းအစိုးရသည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး အဆင်ပြေလွန်းသည်ဟု မကြာခဏ စွပ်စွဲခံရသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် မင်းအောင်လှိုင်ကို ထိုင်းသို့ ဖိတ်ခေါ်ခြင်း မရှိပေ။
အကြောင်းအရာနှင့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုအရ နှင့် ခွင့်ပြုအသုံးစရိတ်ကို ထိရောက်စွာ အသုံးပြုရေး အတွက် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ထိုင်းအစိုးရက ယူဆသောကြောင့် ထို အစည်းအဝေးကို ရွှေ့ဆိုင်းခြင်းဖြစ်သည်ဟု ပတ္တရားနေ့စဉ်သတင်းက ဖော်ပြသည်။
You may also like these stories:
အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ
မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်
ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်
မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကြောင့် အိန္ဒိယ ရင်ဆိုင်ရသော အကျပ်အတည်း