ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းအား စစ်ကောင်စီက တိုက်ခိုက်ခဲ့ မှုအပေါ် ကချင်လူထုနှင့်အတူရပ်တည်ပြီး တရားမျှတမှုရရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ပြောသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာ လူသား မျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှုကျုးလွန်တာ ဖြစ်တယ်။ သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူအတွက် မိသားစုဝင်တွေနဲ့လည်း ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ အသက်တွေပေးခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရရှိရေး ကချင်လူထု၊ KIA/ KIO နဲ့ တသွေးတသားတည်း ရပ်တည်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။
အောက်တိုဘာ ၉ ရက် ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းမှ ကလေး၊ အမျိုးသမီး အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယင်းနေ့ည စစ်ကောင်စီ၏ တိုက်ခိုက်မှုတွင် မုန်လိုင်ခက်စစ်ရှောင်စခန်းသာမက လိုင်ဇာရှိ AA တပ်စခန်းတခုထဲသို့ လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ AA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဦးခိုင်သုခ က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက “စစ်ကောင်စီက သူတို့ စစ်ရေးအရ ရှုံးနိမ့်မှုဖြစ်စဉ်တိုင်းမှာ အရပ်သားပစ်မှတ်ကို ဦးတည်ပြီးတော့ ပစ်ခတ်တိုက်ခိုက်တယ်။ ကရင်နီ၊ ကရင် ဒေသတွေမှာလည်း အလားတူဖြစ်စဉ်တွေ အများကြီးရှိခဲ့တယ်။ ရခိုင်မှာဖြစ်ခဲ့တဲ့ စစ်ပွဲတုန်းကလည်း သူတို့ အဲဒီလိုပဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်။ အခု လိုင်ဇာကို ပစ်တဲ့အချိန်လည်း လက်နက်ကြီး တပြိုင်တည်းစုပြုံပစ်ခတ်ခဲ့တာ။ အဲဒီမှာ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ကျတာရှိတယ်။ တချို့လက်နက်ကြီး ကျည်တွေက ကျနော်တို့ တပ်စခန်းထဲကို ကျရောက်ပေါက်ကွဲလာတာဖြစ်တယ်” ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း လိုင်ဇာမြို့ဧရိယာအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ AA ၏ မုန်လိုင်ခမ်းတပ်စခန်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် AA တပ်ဖွဲ့မှ အရာရှိအဆင့် ၁ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်အတွင်း တပ်ဖြန့်ပြီး သြဇာလွှမ်းမိုးထားသလို ကချင်ပြည်နယ်၊ လိုင်ဇာ၌လည်း ယာယီဌာနချုပ် ထားရှိပြီး စစ်ကောင်စီအား ကချင်လွတ်လပ်ရေးတပ် (KIA) အပါအဝင် မဟာမိတ်တပ်များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ လိုင်ဇာမြို့ရှိ AA တပ်စခန်းများအား စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် အပစ်ရပ်ထားသည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည့်အပေါ် ရခိုင်လူထုက စိုးရိမ်မှုရှိနေသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်၊ ရေဘေးဒဏ်တို့ကြောင့် ရခိုင်ပြည်သူများ စားဝတ်နေရေး အခက်ကြုံနေ ရသည့်အတွက် AA အနေဖြင့် တိုက်ပွဲဖော်ဆောင်ရန် ဆန္ဒမရှိသလို စစ်ကောင်စီဘက်ကလည်း ရခိုင်စစ်မျက်နှာတွင် တိုက် ပွဲစရန် အလိုမရှိသည်ကို မြင်တွေ့ရကြောင်း စစ်ရေးအကဲခတ်တဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “လိုင်ဇာကို အခုတိုက်တာက KIA ကို ဖိအားပေးဖို့ပဲတိုက်တာလို့ မြင်တယ်။ စစ်ကောင်စီက ဒီအတိုင်းမတိုက်ဘဲ ထားရင် KIA တပ်ဖွဲ့တွေ အညာဒေသကို ဆင်းပြီးတော့ အေးအေးဆေးဆေး တိုက်ခိုက်လာမယ်။ အဲဒီအတွက် တိုက်ခိုက် တာလို့ မြင်တယ်။ တဖက်က AA ကလည်း မဟာမိတ်တပ်တွေနဲ့ အတူတူရှိနေတော့ တိုက်ပွဲမှာ သူတို့ ပါဝင်နေတယ်။ ဒါပေမယ့် လိုင်ဇာဖြစ်စဉ်ကြောင့်တော့ ရခိုင်မှာ တိုက်ပွဲမဖြစ်နိုင်သေးဘူး။ မိုခါနဲ့သဘာဝဒဏ်ကြောင့် လူထု ဒုက္ခရောက်နေ တုန်းပဲရှိသေးတာကိုး။ တကယ်လို့ ရခိုင်မှာ တိုက်ပွဲဖြစ်မယ်ဆိုလည်း စစ်တပ်က စတိုက်မှပဲဖြစ်မယ်” ဟု ဧရာဝတီကို ပြော သည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း လိုင်ဇာရှိတပ်စခန်းများအား စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ရခိုင်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာနိုင်မှုနှင့် ပတ်သက်ပြီး အတိအကျ မပြောနိုင်ကြောင်း၊ စစ်ကောင်စီက AA တပ်စခန်းများကို ရည်ရွယ် ချက်ရှိရှိ ထပ်မံ ပစ်ခတ်တိုက်ခိုက်လာမည်ဆိုပါက တကျော့ပြန်တိုက်ပွဲကာလ ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း ဆိုသည်။
“လိုင်ဇာမှာ ယာယီဌာနချုပ်ရှိနေတဲ့အတွက် ကျနော်တို့ တပ်စခန်းတည်ရှိနေတဲ့နေရာတွေကို စစ်ကောင်စီက ဝင်ရောက် လာလို့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာရှိတယ်။ လိုင်ဇာဌာနချုပ်ကို ကာကွယ်ဖို့အတွက်လည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ထားတာရှိတယ်။ ဆက်ပြီးတော့ စစ်ကောင်စီက ကျနော်တို့စခန်းတွေကို ရွည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာမယ် ဆိုရင်တော့ တကျော့ပြန်တိုက်ပွဲကာလကလို တဖြည်းဖြည်းတင်းမာပြီး တိုက်ပွဲ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်အပစ်အခတ်ရပ်ထားချိန် ၂၀၂၂ ဇူလိုင် ၄ ရက်ကလည်း ကရင်အမျိုး သားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ဧရိယာ အတွင်းရှိ AA တပ်စခန်းတခုအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်နှင့် AA ကြား တဖြည်းဖြည်း စစ်ရေးတင်းမာလာခဲ့ပြီး အပစ်ရပ်ယုံကြည်မှု ပျက် ယွင်းကာ ၂၀၂၂ သြဂုတ်အတွင်း ရခိုင်၌ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း AA ဘက်က ဆိုထားသည်။
You may also like these stories:
မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး
BRI စီမံကိန်း တိုးမြှင့်လုပ်ဆောင်မှုရပ်ရန် ကချင်အမျိုးသမီးအစည်းအရုံးတောင်းဆို
စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး
စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ