ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ် တို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့ကနေတက်လာတဲ့ စစ်ကောင်စီ စစ်ယာဉ်တန်း ၁၈ စီးကို အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်မှာ KIA က ကွတ်ခိုင်မြို့နယ် ၃၈ မိုင် မန်ပြိန်းကျေးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကျော်ကြာ ၂ ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
စစ်ယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သလို စစ်ကား ၁ စီးလည်း လက်နက်ကြီး ထိမှန်ပျက်ဆီးခဲ့တယ်လို့ KIA ရဲ့ မြေပြင်တပ်ဖွဲ့ဝင် တဦးက ဧရာဝတီကို အတည်ပြုပါတယ်။
KIA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်က“စစ်ကား ၁ စီးကတော့ ကျနော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီး ထိသွားတယ်။ ကား အင်ဂျင်ပိုင်းထိတော့ သွားလို့မရတော့တာ။ စကစ ဘက်က ၅ ယောက် သေတယ်ဆိုတာကို အတည်ပြုလို့ရတယ်။ ပျက်စီးသွားတဲ့ ကားကိုတော့ ည ၆ နာရီလောက်မှာ သူတို့ ကားနဲ့ ပြန်ဆွဲသွားတာ“ လို့ ပြောပါတယ်။
တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ယာဉ်တန်းဟာ ကွတ်ခိုင်မြို့ စစ်ကောင်စီ ဗျူဟာတပ်စခန်းထဲ ဝင်ရောက်သွားပြီး ဒီကနေ့ နေ့လည်မှာတော့ မူဆယ်မြို့ဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ ပြောပါတယ်။
မူဆယ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။
အလားတူ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ ချင်းရွှေဟော်နယ်စပ်လမ်းကြောင်းပေါ်က သိန္နီမြို့နဲ့ ၁၀ မိုင်ခန့် အကွာမှာရှိတဲ့ ကွန်ကောက်ကျေးရွာအနီးမှာ ဒီလ ၆ ရက်နေ့ကတည်းက စစ်ရေး တင်းမာမှုဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြားမှာ အောက်တိုဘာ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကွန်ကောက်ကျေးရွာခံ အမျိုးသမီး တဦးက“KIA က ရွာထဲမှာ မရှိတော့ဘူး။ တောင်ပေါ်ဘက် တက်သွားတာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မနေ့ ညနေကတော့ အချင်းချင်း ပစ်ခတ်နေတဲ့ အသံတွေကြားတယ်။ ရွာနဲ့တော့ဝေးတယ်“ လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မူကြောင့် အောက်တိုဘာလ ၆ ရက်နေ့က ကွန်ကောက်ကျေးရွာအုပ်စု ရွာ ၅ ရွာက ဒေသခံ ၁ ထောင်ကျာ်ဟာ နီးစပ်တောင်ယာတွေနဲ့ သိန္နီမြို့ ဟိုမိန်းဘုန်းကြီးကျောင်းထဲ တိမ်းရှောင်ခဲ့ကြရပြီး ကွန်ကောက်ကျေးရွာက ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅ လုံးဟာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သလို ကိုယ်ဝန်သည် အမျိုးသမီးတဦးဟာလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီကနေ့ မနက်မှာတော့ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တို့ ကွန်ကောက်ကျေးရွာအုပ်စုထဲ မရှိတော့တာကြောင့် သိန္နီမြို့ ဟိုမိန်းဘုန်းကြီးကျောင်းထဲ ခိုလုံနေကြတဲ့ စစ်ရှောင် လူဦးရေ ၂၆၀ ကျော်ဟာ နေရပ်ရွာတွေကို ပြန်ကြပြီဖြစ်ပါတယ်။
အလားတူ တိုက်ပွဲကြောင့် သိန္နီမြို့ နမ့်စလပ်ကျေးရွာအနီးမှာ ပိတ်မိနေတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ တင်သွင်းလာတဲ့ သွင်းကုန်ကား အစီး ၃၀၀ ကျော်ဟာ မနေ့ မနက်ပိုင်းမှာ ပုံမှန် သွားလာနေကြပြီလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်ပိုင်းမှာ ဇူလိုင်လက စပြီး စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ အပြင်းအထန်းဖြစ်ပွားခဲ့ပြီး ဒီလဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲ လက်ဆက်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။