ပဲခူးမြို့လုံးကျွတ်နီးပါးနှင့် အနီးဝန်းကျင်ကျေးရွာများပါ ရေကြီးနစ်မြုပ်ခဲ့ရာမှ ယနေ့တွင် မြို့ပေါ်ရပ်ကွက်များ၌ ရေပြန် လည်ကျဆင်းလာသော်လည်း အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင်မူ ဆက်လက် ရေကြီးနေဆဲဖြစ်ကာ စားဝတ်နေရေး ခက်ခဲနေကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံက သိရသည်။
ပဲခူးမြို့ခံတဦးက “အခု ရေကျသွားတာက မြို့လယ်ခေါင် ရေမကြီးဖူးတဲ့နေရာတွေက ကျသွားတာပါ။ ကျန်တဲ့နေရာတွေ အများကြီး ရှိပါသေးတယ်၊ အချို့ရပ်ကွက်တွေဆိုရင် ရေကျစပြုပေမယ့် အခုအချိန်ထိ အိမ်တွေ မပေါ်သေးတာ၊ ရေက လည်း လူတရပ်မက ရှိနေတာတွေ၊ ကျပေမယ့် ရင်စို့ထိ၊ ခါးထိ ရေကျန်နေသေးတာတွေ ရှိပါသေးတယ်။ အဆိုးဆုံး ကတော့ ကျောက်ကြီးစုပါပဲ” ဟု ပြောသည်။
လက်ရှိအချိန်ထိ ရေပြန်မကျသေးသည့် ရပ်ကွက်နှင့် ကျေးရွာများမှာ ကျောက်ကြီးစု၊ ညောင်ဝိုင်း၊ ကလျာဏီ၊ မဇင်း၊ ပြည်တော်သာ၊ အိုးလေးစု၊ နန်းဦးလမ်းသွယ်၊ စက်ပိုင်း၊ မုန်တိုင်း၊ မဟာမြိုင်အနိမ့်ပိုင်းများ၊ မြို့သစ်၊ ကျုံးကြီးအနောက် ခြမ်း၊ ဆည်မြောင်း၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ စည်တီး၊ အလယ်ကုန်း၊ ကျွန်းသာယာ၊ ကျောက်တွင်းကုန်းအစရှိသည့် ရပ်ကွက်များနှင့် အထက်ဇိုင်းဂနိုင်ကြီးကျေးရွာအုပ်စု၊ အောက်စည်တီး၊ အထက်စည်တီးကျေးရွာများဖြစ်ပြီး လက်ရှိ အချိန်ထိ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ရွှေ့ပြောင်းပေးနေရကာ၊ အရေးပေါ် စားနပ်ရိက္ခာနှင့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြော သည်။
“လက်ရှိမှာတော့ အစားအသောက်၊ အဝတ်အထည်လည်း ရှားပါးနေပါတယ်၊ ဖုန်းလိုင်းကလည်း အော်ရီဒူးနဲ့ မိုင်တဲလ် မိတချက်မမိတချက်နဲ့၊ မီးတွေလည်း ဖျက်ခံထားရပါတယ်။ လူတွေ အိပ်စရာတောင် မရှိကြဘူး၊ သောက်ရေသောက် စရာ မရှိတော့ဘူး၊ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ လက်ရှိတော့ ထမင်းထုပ်ဝေပေးနေတာတွေကလည်း ရေ နက်ပြီး ရေစီးသန်တဲ့ဘက်တွေကို မရောက်တော့ စားစရာမရှိဘာမရှိနဲ့ အတော်လေး ဒုက္ခရောက်ကြတယ်” ဟု ကူညီ ကယ်ဆယ်ရေး လုပ်နေသူတဦးက ပြောသည်။
ပရဟိတအဖွဲ့နှင့် အလှူရှင်များက မြို့ပေါ်ရပ်ကွက်တချို့သာ စားနပ်ရိက္ခာများ လှူဒါန်းပေးပို့နိုင်သော်လည်း အလှမ်းဝေး သည့်ရပ်ကွက်၊ ချောင်ကျသည့်နေရာများတွင်မူ ရောက်ရှိလာခြင်း မရှိသေးကြောင်း ယင်းနေရာများတွင် နေထိုင်သူ များက ဆိုသည်။
ပုဏ္ဏားစုရပ်ကွက်နေသူ တဦးကလည်း “ကျနော်တို့ဘက်က မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစု အကုန်မြုပ်ခဲ့တာ အခုမှ ရေက ၃ ပေကျော်လောက်ပဲ ကျသွားပါသေးတယ်။ ရေဝင်ပြီး ဝါးတပြန်မကနက်ပြီး ရေစီးတအားသန်တော့ ကယ် ဆယ်ရေးအဖွဲ့တွေလည်း မလာရဲကြဘူးဗျ၊ မြို့တွင်းပိုင်းမှာတော့ မြေပြင်အနေအထားအရ ရေကျသွားပြီ သွားလာလို့ ရပြီဆိုပေမယ့် ကျနော်တို့ဘက်က မထွက်နိုင်သေးဘဲ ပိတ်မိနေကြတဲ့သူတွေလည်း ရှိနေသေးတယ်” ဟု ပြောသည်။
လက်ရှိအချိန်ထိ အိမ်မပြန်နိုင်သေးဘဲ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည့် အိမ်ထောင်စု ၆၂၀၀ ကျော်မှ လူဦးရေ ၂ သောင်းကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ အသင်းအဖွဲ့များထံက သိရ သည်။
ပဲခူးရေကြီးမှုတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မြို့ခံတဦးက “ရေကြီးရင် တက်နေကျဖြစ်တဲ့ ရပ်ကွက်တွေက တော့ ရေတွေ ရှိနေဆဲပါပဲ၊ ကျနော်တို့ ထမင်းထုပ်တွေ လှူနေရဆဲပါပဲ။ ကယ်ဆယ်ရေးစခန်းတွေလည်း ရှိနေဆဲပါပဲ၊ တချို့ ပြန်ကျတယ်ဆိုပေမယ့် တော်တော်များများကတော့ မပြန်ကြသေးပါဘူး၊ ဈေးတွေလည်း ပြန်မဖွင့်နိုင်ကြသေးပါ ဘူး” ဟု ပြောသည်။
ရေကြီးမှု ဖြစ်ပေါ်ခဲ့သော ပဲခူးမြို့လယ်မှ နေအိမ်များ၊ ဈေးဆိုင်များ၊ လမ်းများပြန်လည် ဆေးကြောသန့်ရှင်းမှုများ လုပ်ဆောင်နေကြပြီး ရေကြီးမှုကြောင့် ဈေးဆိုင်များ၊ ဈေးများတွင် ကုန်ပစ္စည်းများ ဆုံးရှုံးမှုရှိကြောင်း၊ မော်တော်ကားများ ရေနစ်သဖြင့် ပျက်စီးဆုံးရှုံးမှုများစွာ ရှိကြောင်း သိရသည်။
ပဲခူးမြို့ခံတဦးက“လက်ရှိက ဈေးတွေပါ ရေမြုပ်သွားတော့ ဆိုင်ခန်းတွေမှာ ရှိနေတဲ့ပစ္စည်းတွေလည်း အကုန်လုံး ဆုံးရှုံး သွားတယ်။ ဘယ်လောက်အတိုင်းအတာထိ ဆုံးရှုံးဆိုတာမျိုးတော့ အသေးစိတ် မသိရသေးပေမယ့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးက တော်တော်များမယ်လို့တော့ ခန့်မှန်းထားကြပါတယ်။ လက်ရှိအထိတော့ ဈေးဆိုင်တွေ မထွက်နိုင်သလို ဈေးရောင်းတဲ့သူတွေလည်း မရောင်းနိုင်ကြသေးတော့ လက်ထဲမှာ ပိုက်ဆံရှိရင်တောင် ဝယ်ခြမ်းဖို့ လုံး၀ အဆင်မပြေ သေးပါဘူး”ဟု ပြောသည်။
အထက်ဇိုင်းဂနိုင်းကြီးကျေးရွာမှ ဒေသခံတဦးက“ရွာတွေဘက်က အကူအညီမရကြဘူး ဖြစ်နေကြတယ်၊ ပိတ်မိနေ သူတွေက စားစရာအခက်အခဲဖြစ်တာပေါ့နော်၊ နောက် အဓိကတော့ သောက်ရေပေါ့နော်၊ ပြီးတော့ မီးတွေလည်း မလာကြတော့ ဖယောင်းတိုင်၊ မီးခြစ်နဲ့ ဓာတ်မီးလေးတွေပေါ့၊ ကြာရှည်အထားခံမယ့် ကိက်ခြောက်၊ ဘီစကွတ်၊ လိုမျိုး စားစရာတွေ၊ အကိုက်အခဲပျောက်ဆေးတွေ ကူညီပေးနိုင်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်” ဟု ပြောသည်။
အောက်တိုဘာ ၇ ရက်မှ စတင်ကာ မိုးအဆက်မပြတ်ရွာပြီး ပဲခူးမြစ်ရေ မြင့်တက်လာခြင်းနှင့်အတူ ဇောင်းတူဆည်၊ ကတွတ်ကွင်းဆည်များ၏ ရေပိုလွှဲရေကျော်ခြင်းများကြောင့် ပဲခူးမြို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွာဆုံး စံချိန်တင်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှု ဦးစီးဌာနစာရင်းအရ ပဲခူးရေကြီးမှုတွင် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာ ၈ ရွာမှ ရေဘေးသင့်ပြည်သူ ၂ သောင်းကျော် ရှိသည်ဟု ထုတ်ပြန်ထားသည်။
ပဲခူးမြို့နယ်တွင် ရပ်ကွက် ၃၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာ၂၇၀ ရွာရှိပြီး ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေ ၄ သိန်း ၉ သောင်းကျော် နေထိုင်ကြောင်း သိရသည်။
You may also like these stories:
ပဲခူးရေကြီးမှု လူ ၂သောင်း နီးပါးကယ်ထုတ်နိုင်၊ ပိတ်မိနေသူများလည်း ရှိနေဆဲ
ရခိုင်တွင် ရေလွှမ်းမိုးမှုကြောင့် လယ်ဧကသောင်းချီ ပျက်စီး