အကျင့်ပျက်ခြစားမှုများကြောင့် နှစ် ၂၀ နှင့် ညီမျှသည့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသော ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့အပေါ် စစ်ကောင်စီ၏ အပြစ်ပေးအရေးယူမှုသည် ပေါ့လျော့နေ သလို ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် CDM ဗိုလ်ကြီးများက ဆိုသည်။
စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းသည် စီးပွားရေးဆိုင်ရာမူဝါဒများနှင့်ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေးအကျိုး အမြတ်ရယူခြင်း၊ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအား သွေဖည်ကာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူး လွန်ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ ကုမ္ပဏီများကပေးသည့် တံစိုးလက်ဆောင်ပစ္စည်းများ အား ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်းများ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးမှာလည်း ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းကဲ့သို့ပင် အဂတိမှုများ ကျူးလွန်ဖောက် ဖျက်ခဲ့ သည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအား မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ စစ်စည်းကမ်းများဖောက် ဖျက်ကာ စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ စစ်တရားရုံးဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “သူတို့ စစ်ခုံရုံးမှာ စစ်ဆေးတယ်၊ အမိန့်ချတယ်တခုပဲ ထုတ်ပြန်လာပြီးတော့ ကျန်တာ ဘာမှသေချာမသိရဘူး။ နိုင်ငံတော်နဲ့ပတ်သက်တဲ့၊ စီးပွားရေးနဲ့ဆိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဘီလီယံနဲ့ချီပြီး အလွဲသုံးစားလုပ် တဲ့သူတွေကို အမှန်တော့ ပြည်သူလူထုရဲ့ရှေ့မှောက်မှာ တရားရုံးတင်၊ တရားစွဲသင့်တာ။ တဖက်က မိုးမြင့်ထွန်းရဲ့ပိုင်ဆိုင်မှု တွေ ဘယ်လောက်ထိရှိလဲ၊ ပြန်လည်သိမ်းဆည်းရမိတာက ဘယ်ဟာက ဘယ်လောက်ရှိလဲဆိုတာကိုလည်း တိုင်းပြည်ကို အသိမပေးဘူး” ဟု မှတ်ချက်ပြုသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်များကို နိုင်ငံတော်နှင့် ဘာသာရေး ဆိုင်ရာ အထိမ်းအမှတ်နေ့များကဲ့သို့ အခါကြီးရက်ကြီးများ၌ လွတ်ငြိမ်းချမ်းသာခွင့်များပေးကာ ပြစ်ဒဏ်များ ဖြေလျှော့ပေး လေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ၎င်းတို့၏ စစ်တပ်အရာရှိများကို အပြစ်ပေးအရေးယူမှုများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကိုမူ အဂတိမှုများဖြင့် စွပ်စွဲပြီး တရားစွဲဆိုရာ၌ နှစ်ရှည် ထောင်ဒဏ်များအပြင် ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နှင့် နေပြည်တော်ရှိ ဖောင် ဒေးရှင်းမြေနေရာ ငှားရမ်းချထားပေးမှုများတွင် နိုင်ငံတော်ငွေကြေး နစ်နာဆုံးရှုံးမှုများရှိသည်ဆိုကာ အဂတိမှု ၄ မှုဖြင့် တရားစွဲခဲ့သလို ဖောင်ဒေးရှင်းရုံးခန်းများကို ချိပ်ပိတ်ခဲ့သလို ပြည်တွင်းပြည်ပအလှူရှင်များက လှူဒါန်းထားသော ဖောင်ဒေး ရှင်းပိုင် အမေရိကန်ဒေါ်လာ ၁ သန်းကျော်နှင့် မြန်မာငွေကျပ် ၆ ဒသမ ၀၄ ဘီလီယံကိုလည်း သိမ်းဆည်းထားသည်။
ထို့ပြင် NLD ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် ပတ်သက်သော ရာဇ သတ်ကြီးဥပဒေ စသည့် ပုဒ်မမျိုးစုံဖြင့် အမှု ၁၀ ခုထိ တရားစွဲဆိုကာ ထောင်ဒဏ် ၂၉ နှစ် ချထားပြီး မြန်မာငွေ ကျပ် သိန်း ၉ ထောင်၊ အမေရိကန် ဒေါ်လာ ၂ သောင်း နှင့် ထိုင်းဘတ်ငွေ ၅ သိန်းတို့ကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းကြောင်း စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ၂၀၂၂ ခုနှစ်အတွင်း၌ ထုတ်ပြန်ထားသည်။
CDM ဗိုလ်မှူး တင်လင်းအောင်က “အဂတိလိုက်စားတယ်ဆိုတာက ဗိုလ်ကြီးလောက်ကတော့ စပြီး ဟိုး မင်းအောင်လှိုင် အထိက အဂတိနဲ့မလွတ်ကင်းပါဘူး။ အခုလိုမျိုးလုပ်တာက အဂတိကိစ္စတခုတည်းနဲ့တော့ မဟုတ်လောက်ဘူး။ အခုက စံနမူနာပြလုပ်လိုက်တဲ့သဘောပဲ” ဟု ပြောသည်။
ထို့ပြင် ၂၀၂၀ အရှေ့ပိုင်းကာလအတွင်းဖြစ်ခဲ့သော ကရင်ပြည်နယ်အတွင်း တာဝန်ကျသည့် တပ်ရင်းမှူးအဆင့် စစ်ဘက် ဆိုင်ရာအရာရှိများကို အဂတိအမှုများဖြင့် အရေးယူဆောင်ရွက်သည့် ဖြစ်စဉ်တချို့တွင် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သော သာဓကများရှိခဲ့ခြင်းကြောင့် ယခု မိုးမြင့်ထွန်းတို့ကိစ္စရပ်၌လည်း ပိုင်ဆိုင်မှုများသိမ်းမသိမ်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း “အခု အရေးယူမှုက သူခိုးကြီးက သူခိုးလေးကို အရေးယူတဲ့ပုံစံမျိုးပဲ။ ဒီထက်မပိုဘူး” ဟု ပြောသည်။
ယခုလို စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်ကို အရေးယူလိုက်ခြင်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၎င်း၏ အာဏာကို ပြသလိုက်သလို သူ့အပေါ်ကျဆင်းနေသော ယုံကြည်ထောက်ခံမှုများကို ပြန်လည်မြှင့်တင်လိုသည့် ရည်ရွယ်ချက် လည်း ပါနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
စစ်အာဏာရှင်ခေတ်အဆက်ဆက်တွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များကြား နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ရာထူးဖြုတ်ပြီး ထောင်ဒဏ်ချခဲ့သည့် ဖြစ်စဉ်များရှိသော်လည်း အချိန်ကာလတခုအကြာ၌ နေအိမ်အကျဉ်းချုပ်သို့ ပြောင်းလဲပေးပြီး ထိုအရာရှိကြီးများသည် နောက်ပိုင်း၌ စီးပွားရေးလုပ်ကာ အေးဆေးနေထိုင် လေ့ရှိကြသည်။
၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သော မြန်မာနိုင်ငံတဝှမ်းမှ ရဟန်းရှင်လူ၊ ကျောင်းသား၊ လူငယ်များအား ဖမ်းဆီး နှိပ်စက်ခြင်းနှင့် ထောင်ချခြင်းတို့အတွက် အဓိကတာဝန်ရှိပြီး မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် စစ်အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ၂၀၀၄ တွင် ရာထူးမှ ဖယ်ရှား ခံရကာ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှုများဖြင့် နေအိမ်အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချခဲ့ရသည်။
သို့သော် နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီးနောက် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထို့အတူ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း မိသားစုသည်လည်း နှစ်ရှည်ဖမ်းဆီးထောင်ချမှုခံရပြီးနောက် ၎င်းတို့ ပြန်လည် လွတ်မြောက်ချိန်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍများ၌ လုပ်ပိုင်ခွင့်များရရှိခဲ့သလို ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ အဖြစ် နေထိုင်လျက်ရှိသည်။
ယခု ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့အပေါ် စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်သည်ဟု ထုတ်ပြန်ထားသော်လည်း မကြာခင်အချိန် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာနိုင်သည်ဟူသော သုံးသပ်ချက် များ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။ ။
You may also like these stories:
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ
ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော
လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ