တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဆက်သွယ်ရေး လိမ်လည်မှု ဂိုဏ်းများတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထိုဒေသမှ ဝန်ကြီး တဦးနှင့် မြို့ဝန်တဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်သည်။
ကျီကျန်းပြည်နယ် ဟန်ကျိုးမြို့ရဲဌာနနှင့် ယူနန်ပြည်နယ် ကူမင်းမြို့ရဲဌာနတို့က ဗုဒ္ဓဟူးနေ့တွင် ဖမ်း ဝရမ်းထုတ်သူ နှစ်ဦးမှာ UWSA တပ်မဟာ ၄၆၈ ခေါင်းဆောင်ဟောင်း ဝ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း (ခေါ် ) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ( UWSA ခေါင်းဆောင် ပေါက်ယူချန်းနှင့် တူတော်စပ်သူ) နှင့် ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ် ) အိုက်ဟော် (ခေါ်) ဟော်ချွင်ထင် (ပေါက်ယူချန်း သားမက်ဟောင်း) တို့ဖြစ်ကြသည်။
၎င်းတို့ ၂ ဦးသည် ဝဒေသမှ ဆက်သွယ်ရေးလိမ်လည်မှုဂိုဏ်းများတွင် အဓိက ခေါင်းဆောင် ၂ ဦးဖြစ်သည်ဟု တရုတ် ရဲတပ်ဖွဲ့က ဖေါ်ပြပြီး ၎င်းတို့နှစ်ဦးကို တရားစီရင်ရန် လုံလောက်သော အထောက်အထားရှိကြောင်း ပြောသည်။
၎င်းတို့ကို ဖမ်းမိစေရေး သတင်းပေးကူညီသူအား တရုတ်ယွမ် ၁ သိန်းမှ ၅ သိန်းအထိ ပေးမည်ဟုလည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနက ကြေညာထားသည်။
ရှောက်ဟော် (ခေါ် ) အိုက်ဟော်သည် တရုတ်နှင့် ကပ်လျက် ဝ နယ်စပ်မြို့ ဝိန်းကောင်၏ မြို့တော်ဝန် လုပ်နေသူ ဖြစ်ကြောင်း တရုတ်ရဲ၏ ထုတ်ပြန်ချက်၌ ပါသည်။ ထိုမြို့မှ ခြံဝန်းကျယ်ကြီးများထဲ လိမ်လည်မှုလုပ်ငန်းများ အကြီးအကျယ် ဆောင်ရွက်ရာတွင် သူပါဝင်ပတ်သက်နေသည်ကို ဖေါ်ထုတ်သည် ဆိုသည့် ပို့စ်များနှင့် ဗီဒီယိုများကို တရုတ်မှ TikTok နှင့် WeChat အပလီကေးရှင်းများတွင် တွေ့နေရသည်မှာ လ အတန်ကြာပြီ ဖြစ်သည်။
မြန်မာနယ်စပ်အနီး လုပ်ကိုင်နေသည့် ငွေလိမ်ဂိုဏ်းများကို ဖြိုခွဲရန် တရုတ်အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေစဉ် ယခုကဲ့သို့ ဖမ်းဝရမ်းများ ထုတ်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် တရုတ်နှင့် ထိုင်းတို့၏ မြန်မာနယ်စပ်များတွင် ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများနှင့် ဆက်စပ်ရာဇဝတ်မှုများ ကြီးထွားလာသည်။ တရုတ် ရာဇဝတ် ဂိုဏ်းများသည် တရုတ်နှင့် ထိုင်းနယ်စပ်မှ လက်နက်ကိုင်များ၏ အကာအကွယ်ဖြင့် ကာစီနိုလုပ်ငန်းများ လုပ်ကိုင်ကြသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသည် ထိုဆိုက်ဘာလိမ်လည်မှုများကို အရေးယူရန် မြန်မာစစ်ကောင်စီ စစ်ကောင်စီကို ဖိအားပေးသည်။ ထိုလုပ်ငန်းများသည် တရုတ်အကျိုးစီးပွားကို အပြင်းအထန် ထိခိုက်စေသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေါ်ပြသည်။
ထိုဖိအားကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို တရုတ် အာဏာပိုင်များထံ သြဂုတ်လတွင် လွှဲပြောင်းပေးပြီး ဆက်သွယ်ရေးလိမ်လည်မှုတွင် ပတ်သက်သူ ၃၇၇ ဦးကို စက်တင်ဘာလတွင် လွှဲပြောင်းပေးသည်။
အောက်တိုဘာလတွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ စီးပွားရေးသမားနှင့် အရာရှိ ၁၁ ဦး ယူနန်သို့ သွားရောက်စဉ် ဖမ်းဆီးသည်။ ထိုသို့ဖမ်းဆီးခံရသူများသည် အွန်လိုင်ငွေကြေး လိမ်လည်မှုများနှင့် ပတ်သက်သူများဖြစ်သည်ဟု ခန့်မှန်းနေကြသည်။
တရုတ်အစိုးရသည် အရှေ့တောင်အာရှမှ ရာဇဝတ်အချက်အခြာနေရာများတွင် လုပ်ကိုင်နေသည့် နိုင်ငံဖြတ်ကျော် တရုတ် ရာဇဝတ်ဂိုဏ်းများကြောင့် ဖြစ်လာသည့် ကမ္ဘာ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာနှင့် ပြည်တွင်းဖိအား ကြီးထွားလာသောကြောင့် ၀ အရာရှိများကို ဖမ်းဝရမ်းထုတ်ခြင်းဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ တရုတ်နှင့် မြန်မာ့ရေးရာများကို အထူးလေ့လာသည့် မြန်မာ နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ဧရာဝတီသို့ပြောသည်။
“အဓိက ပါဝင်ပတ်သက်သူတွေကို ဖမ်းဖို့ တရုတ်ရဲ့ လုပ်ဆောင်မှုက တရုတ်အစိုးရအနေနဲ့ ဒီကိစ္စတွေကို ဖြိုခွဲဖို့ စိတ်အားထက်သန်မှု မြင့်မားလာတဲ့ လက္ခဏာဖြစ်တယ်” ဟု သူပြောသည်။
မြန်မာမှ ၀ အရာရှိများကို ဖမ်းရန် တရုတ်ရဲအနေဖြင့် မည်သို့ ဖြစ်နိုင်မည်နည်းဟု မေးသောအခါ ထိုဒေသမှ အထက်လွှာအများအပြားသည် တရုတ်မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်သောကြောင့် ထိုသူများကို ဖမ်းဝရမ်း ထုတ်ရန် နှိုင်းယှဉ်ချက်အားဖြင့် လွယ်ကူကြောင်း သူပြောသည်။
“ရှမ်းပြည်နယ်က အလိုရှိနေတဲ့ ၀ ရာဇဝတ်သား ၂ ဦးရဲ့ ရာထူးတွေကို တရုတ်ဝရမ်းက ဖေါ်ပြထားတာ လန့်စရာ ကောင်းတယ်။ ဒါဟာ တရုတ် တရားဥပဒေစိုးမိုးရေး လက်လှမ်းမီတဲ့ နေရာဖြစ်ကြောင်း ဝတွေကို သတင်းစကား ပေးပို့လိုက်တာဖြစ်တယ်” ဟုလည်း သူပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်းတွင်မူ ထိုင်းနယ်စပ်တလျှောက်မှ လူဆိုးဂိုဏ်းများသည် စစ်ကောင်စီ လက်အောက်ခံ တိုင်းရင်းသား နယ်ခြားစောင့်တပ်၏ အကာအကွယ်ရနေသောကြောင့် အရာမယွင်း ရှိနေကြသည်။
တရုတ်နယ်စပ်တွင် ဖြိုခွဲမှုများနှင့်ပတ်သက်သည့် သတိပေး ခေါင်းလောင်းသံကြောင့် လိမ်လည်မှုဂိုဏ်းအများအပြားသည် ထိုင်းနယ်စပ်ဘက်သို့ ရွှေ့ပြောင်းနေသည်။
“မြန်မာမြောက်ပိုင်းမှာ ငွေလိမ်ဂိုဏ်းတွေက သူတို့ကို လိမ်လည်ပေးမယ့်သူတွေ အများအပြား ဆုံးရှုံးကုန်လို့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ခြံဝန်းတွေကို လူကုန်ကူးခံရသူသစ်တွေ တိုးရောက်နေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားနေတယ်” ဟုလည်း သူပြောသည်။
You may also like these stories:
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
တရုတ်က မြန်မာနယ်စပ်တွင် ကန့်သတ်နယ်မြေ ထူထောင်မည်
အွန်လိုင်းငွေလိမ်သူများ ရန်ကုန်တွင် ရုံးခန်းများဖွင့်လာ
“ဝ” ဒေသရှိ အွန်လိုင်းလိမ်လည်နေသူ ၁၀၀၀ ကျော်ကို တရုတ်ရဲလက်အပ်
စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား