ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဂျပန်အထူးသံတမန် ယိုဟဲအိ ဆာဆာကာဝါတို့သည် ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခ ပြင်းထန်နေသည့် မြန်မာသို့ မကြာမီ သွားရောက်ရန် သဘောတူကြသည်။
၎င်းတို့နှစ်ဦးသည် ဖနွမ်ပင်ရှိ ဟွန်ဆန် ဥက္ကဋ္ဌလုပ်သည့် အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဌာနချုပ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ဆုံပြီးနောက် ထိုပူးတွဲငြိမ်းချမ်းရေး အစီအစဉ်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်တွင် နေပြည်တော်သို့ သွားရောက်မည်ကို ထိုကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့်အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနား မကျင်းပမီ အချိန်အနည်းငယ်အလိုတွင် ထိုငြိမ်းချမ်းရေး အစီအစဉ်ကို ကြေညာခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းခြင်းကြောင့် NCA ပျက်ပြယ်သွားသည့် ဆိုသည့် ကျယ်ပြန့်သော ဝေဖန်မှုများ ရှိနေသော်လည်း ထိုသို့ အချိန်ကိုက် ကြေညာသောကြောင့် ဟွန်ဆန်နှင့် ဆာဆာကာဝါတို့သည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည့် ထိုအခမ်းအနားတက်မည်ဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်လာသည်။
CPP ကြေညာချက်တွင် ယိုဟဲအိ ဆာဆာကာဝါက ဟွန်ဆန်၏ မြန်မာပြဿနာနှင့် ပတ်သက်သည့် အားထုတ်မှုများနှင့် စိတ်စေတနာကောင်းများကို လွန်စွာ တန်ဖိုးထားကြောင်း ပြောသည်ဟု ဖော်ပြထားသည်။ နှစ်ဖက်တို့သည် မြန်မာနိုင်ငံ အခြေအနေ တိုးတက်ရေးအတွက် ဟွန်ဆန်၏ အားထုတ်မှုများနှင့် ဆုံးဖြတ်ချက်ကို ဆွေးနွေးကြသည်ဟု ခမာတိုင်းမ် သတင်းဌာနက ဖော်ပြသည်။
စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီကို တနိုင်ငံလုံးတွင် လက်နက်ကိုင် ပုန်ကန်မှုဖြစ်နေသည့် အချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် ဖရိုဖရဲ ဖြစ်နေသည်။ ထိုတိုက်ပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အများအပြား ပူးပေါင်းပါဝင်ကြသောကြောင့် နှစ်နှစ်ကျော်ကြာသော်လည်း စစ်ကောင်စီသည် နိုင်ငံ၏ ကျယ်ပြန့်သော ဒေသအများအပြားကို မထိန်းချုပ်နိုင်ဘဲ ဖြစ်နေသည်။
တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီက လူပေါင်း ၄,၁၀၀ ကျော်ကို သတ်ပြီး ခုခံတော်လှန်ရေး ဒေသများမှ အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများ ပြုလုပ်သည်။
မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားက ဆောင်ရွက်သည့် ယမန်နှစ်က ဟွန်ဆန်သည် မြန်မာသို့ လာရောက်ခဲ့သည်။ သူနှင့် ကမ္ဘောဒီးယား၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပရက်ဆိုခွန်းတို့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြိမ်ကြိမ် တွေ့ဆုံသော်လည်း ငြိမ်းချမ်းရေးအတွက် ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပေ။ အကြမ်းဖက်မှု ချက်ချင်း ရပ်စဲရေး အပါအဝင် အာဆီယံ၏ ငြိမ်းချမ်းရေး ဘုံသဘော တူညီချက် ၅ ချက်ကို စစ်ကောင်စီကလျစ်လျူရှုထားသည်။
ပရဟိတ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါသည် အာဏာသိမ်းမှု မဖြစ်ပွားမီက မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးသောအခါ သက်သေအဖြစ် တက်ရောက်သည်။ သူသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်ဆံရေးကောင်းသည်ဟု ကျော်ကြားသည်။
စစ်ကောင်စီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းရန် ကြိုးစားသောအခါ ၂၀၂၂ ခုနှစ်၊ မတ်လတွင် သူသည် မြန်မာ EAO ခေါင်းဆောင် အများအပြားနှင့် ထိုင်းနိုင်ငံတွင် အစည်းအဝေးတခု ကြားဝင် ကျင်းပပေးသော်လည်း မည်သည့်ခိုင်မာသော ရလဒ်မှ မရပေ။
NCA စာချုပ် စတင်လက်မှတ်ရေးထိုးသည့် EAO များ အပါအဝင် အင်အားကြီးမားသည့် EAO များက NCA သည် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားကြောင်းပြောပြီး စစ်ကောင်စီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် စတင်ရန် ကြိုးစားခြင်းသည် အတုအယောင်သာဖြစ်ကြောင်း ပြောသည်။
သို့သော် ဟွန်ဆန်နှင့် ဆာဆာကာဝါတို့၏ မင်းအောင်လှိုင်နှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် NCA ၈ နှစ်ပြည့် အခမ်းအနား ကျင်းပသောအခါ ၎င်းတို့ကို အထူးဧည့်သည်တော်များအဖြစ် ဖိတ်ခေါ်မည့်သဘော သက်ရောက်နေသည်။
ပုဂ္ဂလိက ဆက်ဆံရေး အနေအထားအရ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ထိုအခမ်းအနားသို့ နိုင်ငံခေါင်းဆောင်များကို ဖိတ်ခေါ်ထားကြောင်း စစ်ခေါင်းဆောင်က မကြာသေးမီက ကြွားလုံး ထုတ်သည်။ အချို့က တက်ရောက်မည်ဟု အကြောင်းပြန်ပြီး အချို့က အဆင့်မြင့်ကိုယ်စားလှယ်များ စေလွှတ်ပေးမည်ဟု အကြောင်းပြန်ကြောင်း သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hun Sen and Japanese Envoy to Launch Joint Myanmar Peace Mission ကို ဘာသာပြန်သည်။)
You may also like these stories:
မစ္စတာ ဆာဆာကာဝါနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘာဆွေးနွေးခဲ့သလဲ (ရုပ်/သံ)
ASEAN အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆာဆာကာဝါကို ဟွန်ဆန် တိုက်တွန်း
မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်
စစ်ကောင်စီဝန်ကြီးကို ASEAN အစည်းအဝေး ကမ္ဘောဒီးယား ပေးတက်
စစ်ကောင်စီ ရွေးကော်ဥက္ကဋ္ဌ ကမ္ဘောဒီးယားရွေးကောက်ပွဲ သွားလေ့လာ