မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် အောက်တိုဘာလ ၁၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။
မိုးကုတ်မြို့ အရှေ့ဘက် ညောင်ကုန်ကျေးရွာအနီးက TNLA၊ PDF လှုပ်ရှားနေရာတွေကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄ အင်အား ၂၀၀ ခန့်နဲ့ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
အမှတ် ၁၂၂၃ PDF တပ်ရင်းမှူး လရောင်က “စစ်ရေးအခြေနေကတော့ အခုလည်း တွယ်နေတာ။ သူတို့နဲ့ အရမ်းကပ်နေတယ်။ အရင် နေရာဟောင်းပဲ ပြန်တိုက်နေတာ“ လို့ ဧရာဝတီကို ပြောပါတယ်။
“မိုးလုံးမှိုင်း” စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁ (အမှတ် ၁၂၂၁)၊ တပ်ရင်း ၃ (အမှတ် ၁၂၂၃) နဲ့ TNLA ပူးပေါင်းတပ်တို့ဟာ စစ်ဆင်ရေးအစဖြစ်တဲ့ စက်တင်ဘာ လဆန်းပိုင်းမှာ မိုးကုတ်မြို့ အရှေ့ဘက် ညောင်ကုန်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်း ၂ ခု ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ရေး အင်အားဖြည့်ပြင်းပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ PDF ဘက်က TNLA တပ်ဖွဲ့တွေ ကူတိုက်ပေးနေပြီး စခန်းတွေ ဆုံးရှုံးတာမျိုးတော့ မရှိသေးဘူးလို့ ကိုလရောင် က ပြောပါတယ်။ ဒီတိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး TNLA ဘက်ကတော့ အတည်ပြုချက် မပေးသေးပါဘူး။ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁ (အမှတ် ၁၂၂၁) ဘက်ကတော့ တိုက်ပွဲအတွင်း ရဲဘော်တဦး ကျဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကြောင့် အထက်ညောင်ကုန်းရွာနဲ့ အောက်ညောင်ကုန်းရွာက ဒေသခံ ၅၀၀ ကျော်ဟာ တိုက်ပွဲနဲ့ ဝေးရာ တောင်ယာတွေနဲ့ မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုယ်တိုင်က ပြန်ပြောပြပါတယ်။
ကုန်းစံရွာခံ အမျိုးသားတဦး က “ညောင်ကုန်းရွာကလူတွေ မြို့ပေါ်ကို ရှောင်လာကြပြီ။ တချို့လည်း တောင်ယာဘက် ပြေးတာရယ် ဆွေမျိုးရှိတဲ့ ရွာတွေဘက် ပြေးကုန်ကြပြီ။ မြို့ပေါ်မှာတော့ စစ်တပ်က ရွာဘက်ကို လက်နက်ကြီးတွေနဲ့ နေရော ညရော ပစ်နေတာဘဲ“ လို့ သူက ပြောပါတယ်။
အလားတူ ကုန်းစံကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ကောင်စီတပ်က သွားလာလှုပ်ရှားနေတာကြောင့် ကုန်းစံရွာခံ လူဦးရေ ၃၀၀ ကျော်ဟာလည်း နီးစပ်ရာ ဆွေမျိုးနဲ့ မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်နေကြတာ ၁ လ ကျော်အထိ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
စက်တင်ဘာ လဆန်းပိုင်းက စတင်ခဲ့တဲ့ ၂ ဖက် ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်း လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာကြောင့် ကောင်းစံရွာနဲ့ ညောင်ကုန်းရွာက ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။