မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဝင်လာသော စစ်ကောင်စီတပ်သည် ကျောက်ဖူး၊ လှေခုတ်၊ ဘုန်းတော်ပြည့်၊ မြေတော်၊ နန်းဦး ရွာများကို အောက်တိုဘာ ၁၂ရက်မှ ၁၅ရက်နေ့တိုင် ဝင်ရောက်ကာ နွေဦး ကံကော် ကုသိုလ်ဖြစ်ဆေးခန်းနှင့် ပြည်သူ့ကာကွယ်ရေး (PDF) စခန်းများကို ဖျက်ဆီးသွားကြောင်း သိရသည်။
ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဒေသမှာက ရွာတိုင်းလိုလိုမှာ စခန်းရယ်လို့ မဟုတ်ပေမယ့် ရွာတိုင်းနီး ပါးမှာ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ထားကြတယ်၊ တရွာဝင်တရွာထွက် မွှေနှောက်ပြီး ရှာကြတာမျိုးကြောင့် အခုလိုမျိုး ပစ္စည်း တွေ သိမ်းခံလိုက်ရတာမျိုး၊ အချို့ ပစ္စည်းတွေကိုလည်း မီးပုံရှို့သွားတာမျိုးတွေ လုပ်သွားကြတယ်၊ ကာကွယ်ရေးအဖွဲ့တွေမှာ လည်း ခဲယမ်းမလုံလောက်တာတွေကြောင့် ကောင်းကောင်း တိုက်ပွဲဖော်ဆောင်နိုင်တာမျိုး မလုပ်နိုင်ခဲ့ကြဘူး၊ ဒါကို သူတို့ ကို ကြောက်ပြီး လက်နက်တွေချပြီးတော့ ထွက်ပြေးပါတယ်ဆိုတဲ့ သတင်းအမှားတွေ ဖြန့်နေကြတာပါ” ဟု ပြောသည်။
ထိုသို့စခန်းများကို စီးနင်းခံရမှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရမှုများ မရှိသလို သိမ်းဆည်းခံရသော လက်နက်များမှာ လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်က အသုံးပြုခဲ့သော လက်နက်များ အများဆုံးဟု သိရသည်။
ယင်းစီးနင်းခံမှုကို မြေတော်ကျေးရွာ စာသင်ကျောင်း၊ နန်းဦးကျေးရွာ စာသင်ကျောင်း၊ ဘုန်းတော်ပြည့်ကျေးရွာ စာသင် ကျောင်းနှင့် ကျောက်ဖူးကျေးရွာအနီး ဗောဓိရိပ်သာဘုန်းကြီးကျောင်းအတွင်း PDF တပ်ဖွဲ့ဝင်များ သိမ်းဆည်းထားသော လက်လုပ်သေနတ် (အရှည်) ၅၆ လက်၊ လက်လုပ် သေနတ်(အတို) ၁ လက်၊ ၆၀ မမ လက်လုပ်စိန်ပြောင်း ၁၇ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် RPG ၄ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၅၂ လုံး အစရှိ သည်တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ကောင်စီ ဝါဒါဖြန့်တယ်လီဂရမ် ချန်နယ်များတွင် ဖြန်ဝေထားကြသည်။
ထို့အတူ နွေဦးကံကော်ဆေးခန်းသည် ရေလယ်ကျွန်းဒေသရှိ ပြည်သူများအား အခမဲ့ကုသပေးနေသည့် ကုသိုလ်ဖြစ်ဆေး ခန်းတခုပြီး အောက်တိုဘာ ၁၃ ရက်က ဆေးနှင့်ဆေးပစ္စည်းများအား မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဟု သိရသည်။
နွေဦးကံကော်ဆေးခန်းမှ တာဝန်ရှိသူတဦးက “ပျက်စီးဆုံးရှုံးမှုကတော့ နယ်မြေအခြေအနေအရ အတိအကျမသိရသေး ပါဘူး၊ ဆေးတွေနဲ့ ဆေးခန်းသုံးပစ္စည်းတွေ အကုန်လုံးနီးပါးတော့ ဖျက်ဆီးသွားကြမယ်ထင်တယ်၊ လက်ရှိ ဆေးဈေးတွေ ကလည်း အဆမတန်တတ်နေပြီး လိုသလောက် ဝယ်လို့မရလို့ ခွဲဝယ်နေရတဲ့အချိန်မှာ အခုလို ဖျက်ဆီးခံရတဲ့အတွက် အများကြီး ဆုံးရှုံးနစ်နာခဲ့ရပါတယ်”ဟု ပြောသည်။
နွေဦးကံကော်ဆေးခန်းကို ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ တပ်ခွဲ ၁၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့များ၏ မတည်မှုဖြင့် ၂၀၂၂ အောက်တိုဘာ ၃ ရက်မှ စတင် ဖွင့်လှစ်ခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများဖြင့် ကျေးရွာနေ ပြည်သူများ၊ ကျည်ထိ မိုင်းထိလူနာများ၊ မွေးလူနာများ၊ မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအား ကျန်း မာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
ရေလယ်ကျွန်းဒေသသို့ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ ၁၅နှင့် ရေလယ်ကျွန်း ဒေသ မင်းရွာ၊ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ အနိမ့်၊ သာပေါင်း၊ မကျီးစု၊ ညောင်တို၊ ဆင်ချောင်းပျူစောထီးများက အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဟု သိရ သည်။
ယင်းစစ်ကြောင်းကို ဒေသခံ မဟာမိတ်တပ်ဖွဲ့များ စုပေါင်းပြီး အောက်တိုဘာ ၁၂ ရက်က ပေါက်အူကျေးရွာနှင့် အောက်တို ဘာ ၁၃ ရက်က လှေခုတ်ကျေးရွာအနီးတို့တွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခဲ့ရာတွင် စစ်ကြောင်းမှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု ၄၀ ဦးခန့်ထိ ရှိခဲ့သလို ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တခုဖြစ်သည့် Myingyan Black Tiger- MBT အဖွဲ့မှ တပ်ဖွဲ့ဝင် ကိုဇွဲ သေဆုံးခဲ့ကာ တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
အဆိုပါ စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ရေလယ်ကျွန်းဒေသရှိ မိဖုရား၊ မြေစွန်းတော်၊ နန်းဦး၊ ကူနီ၊ ငတရော်၊ မြေ တော်၊ ကြွယ်ကုန်း၊ ကံဦး၊ တောင်ကုန်း၊ ညောင်ပင်သာ၊ ချင်းယား၊ ပခန်းကြီး၊ သင့်သည်၊ ဝါးဘိုး၊ နွယ်နီ၊ ဆင်တဲ၊ ကျွန်းညို၊ ကျွဲကုန်း၊ လှေခုတ်၊ ကျောက်ဖူး၊ ခြံယာ၊ ပေါက်တော၊ မီးလောင်ကျွန်းကျေးရွာများမှ ဒေသခံ ၁ သောင်းကျော်ထိ စစ်ဘေး ရှောင်ခဲ့ရကြောင်း သိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “ပုံမှန်အချိန်မှာတောင် အိမ်တွေမှာက ဆန်၊ ဆီ၊ ဆားတွေကို အပိုဆောင်ထားကြ ပေမယ့် မီးရှို့ခံရတာများလာတာကြောင့် အပိုဆောင်မထားကြတော့ဘဲ ချင့်ချိန်ဝယ်နေကြတာမျိုးမို့ အခု ပြေးကြရတော့ ရိက္ခာခက်ခဲ ကြကုန်တာ၊ ဒီလိုအခြေအနေတွေကြောင့် စားဝတ်နေရေးအတွက် ဒုက္ခရောက်တယ်ဆိုတာထက်ကို ပိုနေပါတယ်” ဟု ပြော သည်။
မီးရှို့ခံရမှုအနေဖြင့် ကျောက်ဖူး ဗောဓိရိပ်သာကျောင်း၊ ကျွဲကုန်း၊ ကျွန်းညို၊ နန်းဦး၊ လှေခုတ်၊ ကူနီ (ကိုကြီးကျော်နတ်နန်း ပတ်လည်) ကျေးရွာများမှ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အောက်တိုဘာ ၁၄ ရက်က နွယ်နီကျေးရွာမှ နေအိမ်များကို ဖျက်ဆီးပြီး အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကို ပစ်သတ်ခဲ့သလို ကျွန်းညိုဒေသခံအမျိုးသားတဦးကိုလည် သတ်ဖြတ်ခဲ့ သေးကြောင်း သိရသည်။
ရေစကြိုမြို့နယ်ပကဖအဖွဲ့က “အခုစစ်ကြောင်းဝင်တာက အရင်ကလို ရွာလုံးကျွတ် မီးရှို့တာမျိုး မဟုတ်ဘဲ သူတို့ ရှို့ချင်တဲ့ အိမ်တွေကိုပဲ ရွေးရှို့ကြတာ၊ မီးရှို့ခံရတဲ့အိမ်အရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး၊ ပြီးတော့ ဒေသခံတွေ ဖမ်းဆီး ခံရတာမျိုး မရှိပေမယ့် ရိုက်နှက်နှိပ်စက်ခံရတာမျိုးတွေ ရှိတယ်လို့ သိရတယ်၊ နောက် အမျိုးသမီးတယောက်နဲ့ အမျိုးသား တယောက် သတ်ဖြတ်ခံရတာရှိတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်ဒေသခံတဦးကလည်း “ကျနော်တို့ ပြေးလို့သာ ပြေးလာကြတာရယ်၊ ဘယ်ကို သွားရမှန်း မသိတော့ လမ်းဘေးက ဇရပ်နားမှာပဲ ပါလာတဲ့ မိုးကာလေးတွေခင်းပြီး ဖြစ်သလိုပဲ နေခဲ့ကြတာ၊ မိသားစု ၆ စုလောက်ထိ ရှိတယ်၊ အခု ရွာကို ပြန်ဝင်လို့ ရရင်တောင် ဘာပစ္စည်းမှ ကျန်မယ် မထင်တော့ပါဘူး၊ သူတို့က လှည်းတွေ၊ စက်လှေတွေနဲ့ ပစ္စည်း တွေကို သယ်နေကြတာ”ဟု ပြောသည်။
ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ စစ်ကြောင်းများသည် ရေလယ်ကျွန်းဒေသ မိဖုရားကျေးရွာအနောက်ဘက်ကမ်းမှတဆင့် ရေစကြိုဘက်သို့၊ ပေါက်တောကမ်းမှတဆင့် မြင်းခြံ ပတ္တာဆိပ်ကမ်းသို့ ခိုးရာပါပစ္စည်းများနှင့် ပြန်လည်ထွက်ခွာသွားသလို မင်းရွာ ပျူစောထီးအထိုင်စခန်တွင်လည်း အင်အားဖြည့်တင်းကာ အနည်းငယ် ကျန်ရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ရေလယ်ကျွန်းဒေသမှ စစ်ကြောင်းများ ပြန်လည်ထွက်ခွာသဖြင့် ဒေသခံများမှာ ကျေးရွာများအတွင်းသို့ ပြန်လည် ဝင်ရောက်နေကြပြီဖြစ်သော်လည်း စားနပ်ရိက္ခာများ လိုအပ်နေဆဲဟု သိရသည်။
ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း ရေစကြိုမြို့နယ်တွင်တည်ရှိကာ ကျေးရွာပေါင်း ၄၄ ရွာ၊ လူဦးရေ ၁သိန်း ကျော်ရှိပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့နှင့် ထိစပ်နေရာ မကွေး၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်း ၃ တိုင်း ဆုံရာ ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာခြင်းမှာ ဒေသခံ PDF များအား အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက သုံးသပ်သည်။
ရေလယ်ကျွန်းဒေသသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာ ၁၅ ရွာခန့်ထိ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဒိုးပင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများကြောင်း မန္တလေး PDF ပြော
ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ