တသက်တကျွန်းချခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း၏ အမှုနှင့် ဆက်စပ်၍ အစစ်ခံနေရသော စီးပွားရေး လုပ်ငန်းရှင်များထဲမှ ရွှေဗျိုင်းဖြူစက်သုံးဆီ လုပ်ငန်းပိုင်ရှင် ဦးသိန်းဝင်းဇော်၊ Moon Sun Energy ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ မူမူရှိန် အပါအဝင် လုပ်ငန်းရှင်တချို့ကို စစ်ကောင်စီ က တရားစွဲရန် စီစဉ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင် များထံမှ သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်တဦးက “ ပြန်လွှတ်မယ်လို့ ပြောပြီးတော့ ဘယ်သူ့ကိုမှ ပြန်မလွှတ်သေးတာ။ ထောင်ကတော့ မချ သေးဘူး။ သူတို့(မိုးမြင့်ထွန်း)ဘက်ကလည်း ဘာမှမပေးရင် ဘာမှ မလုပ်ပေးဘူးလေ၊ ဒါကြောင့် အခုအမှုမှာက အကုန်လုံး အပေးအကမ်း ဘယ်သူ့မှ မလွတ်တာ၊ အနည်းနဲ့ အများပဲကွာတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော်၏ SBP ကုမ္ပဏီသည် လောင်စာဆီဆိုင်များ၊ ကျောက်မျက်တူးဖော်ခြင်း၊ ဆက်သွယ်ရေး နှင့် သစ်ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းခွဲများရှိပြီး စစ်ကောင်စီကို အခွန်အများဆုံး ပေးဆောင်နေသည့် လုပ်ငန်းစုလည်း ဖြစ်သည်။ ထို့ပြင် တယ်လီနောအား အမည်ပြောင်းထားသည့် ATOM ဆက်သွယ်ရေး လုပ်ငန်းတွင်လည်း ရွှေဗျိုင်းဖြူက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။
ယင်းစီးပွားရေးလုပ်ငန်းရှင်များကို မည်သည့်အမှုဖြင့် တရားစွဲ ပြစ်ဒဏ်ချမည်ကို ရှင်းလင်းစွာ မသိရသော်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ မည်သူမဆို ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှု အတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဟု ပါရှိသည်။
ပြစ်ဒဏ်ချမှတ်ရာ၌ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၇ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းအဂတိမှုနှင့် ဆက်စပ်ပြီး Denko ၊ BOC ၊ Yangon Petrol ၊ Moon Sun Energy နှင့် ရွှေဗျိုင်းဖြူ အစရှိသော ပြည်တွင်းစက်သုံးဆီလုပ်ငန်းကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင် အများအပြားသည် နေပြည်တော်၌ ထိန်းသိမ်းစစ်ဆေးခံခဲ့ကြရသည်။
စားအုန်းဆီ၊ ၊ ဆန်၊ ပဲ၊ ပြောင်းကုန်သည်များ အပါအဝင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ လုပ်ငန်းရှင်များကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလက နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံခြားငွေကြေးကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို စစ်ကောင်စီက စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူခြင်း၊ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအား သွေဖယ်ကာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ကျူးလွန်ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ ကုမ္ပဏီများက ပေးအပ်သည့် တံစိုးလက်ဆောင် ပစ္စည်းများအား ရာထူးလုပ်ပိုင်ခွင့်ကိုသုံး၍ ရယူဆောင်ရွက်ခဲ့ခြင်းများ ကျူးလွန်ခဲ့၍ ထောင်ဒဏ် နှစ် ၂၀ နှင့် ညီမျှ သည့် ထောင်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းအောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း “ ကိုသိန်းဝင်းဇော်ကတော့ ပါတယ်ဆိုတာကတော့ သေချာတယ်။ သူတို့တွေ ဒီအမှုကို တိုးတိုးတိတ်တိတ်ပဲ လုပ်မလား၊ အပြင်ကို ထုတ်ပြန်မလား ဆိုတာတော့ သေချာမသိသေးဘူး။ အနည်းဆုံး ထောင် ၃ နှစ်ပဲလို့ ကြားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေလို အထူးဥပဒေအရ ကူညီအားပေးသူ (သို့မဟုတ်) သတင်းထိန်ချန်ထားသူများကို အတွက် ပြစ်မှုပြစ်ဒဏ်များသည် ကျူးလွန်သူများထက် လျှော့ပေါ့ သတ်မှတ်ထားကြောင်း ဥပဒေအကြံပေး ရှေ့နေတဦးက ပြောသည်။
၎င်းက“ အခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေလို အထူးဥပဒေထဲမှာက ကျူးလွန်သူအတွက် သီးခြား ပြစ်ဒဏ် တွေပါသလို ကူညီအားပေးသူက သက်သက်၊ သတင်း ထိန်ချန်ထားရင်ကိုပဲကို ပြစ်မှုတရပ်ဖြစ်နေတဲ့အတွက် သူလည်းပဲ အဲဒီပြစ်ဒဏ်တွေကို ကျခံရမှာ ဖြစ်ပါတယ်။ ဘာလို့ဆိုရင် ဒီလိုအထူးဥပဒေမှာက အဲဒီလိုသတင်းတွေကို သိခဲ့ရင် ဘယ်လို သတင်းပို့ပေးရမယ်ဆိုတာ ပြဌာန်းထားပြီးသားဖြစ်တယ်” ဟု ရှင်းပြသည်။
လတ်တလော ဖမ်းဆီးစစ်ဆေးခံနေရသူများထဲတွင် စက်သုံးဆီလုပ်ငန်းရှင်များ နှင့် အမေရိကန်ဒေါ်လာ အရောင်းအဝယ် လုပ်ဆောင်သူ အများအပြားပါဝင်နေသောကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်း ထားမှုများအတွက် ငွေပေးချေမှုများ နောက်ကျမည်ကို စိုးရိမ်လျက်ရှိကြကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ အခုက ဈေးကွက်တွေ အကုန်လုံးက ထိန်းရောင်းနေကြတဲ့သဘောပေါ့။ ဒေါ်လာ ရဖို့ကိုလည်း အရမ်းတော့ မခက်ခဲဘူး။ ဒေါ်လာကလည်း ၃,၃၀၀ ဝန်းကျင်ပဲဆိုတော့ ဈေးအနေနဲ့ဆိုရင် မဆိုးဘူး ပြောရမယ်” ဟု ပြောသည်။
လတ်တလော စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေအဂတိလိုက်စားမှုများ ပေါ်ပေါက်ပြီးနောက် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် ဗိုလ်မှူးချုပ်ဟောင်းရန်နောင်စိုးက ဦးဆောင်သော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်းပြီး အသစ် ပြင်ဆင်ဖွဲ့စည်းလိုက် ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
အသစ်ဖွဲ့စည်းလိုက်သော ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သားအစိုးရ ခေါင်းဆောင် တချို့ကို တရားစွဲဆိုထားသော အဂတိအမှုတချို့တွင် ထိပ်တန်း စီးပွားရေး လုပ်ငန်း၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင် နှင့် သူ၏ သား ဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့အပြင် Yangon Petrol စက်သုံးဆီကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် တဦးဖြစ်သော ဦးဇင်မင်းအောင်တို့ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃(ပူးပေါင်းကြံစည်မှု) တို့ဖြင့် ၂၀၂၂ ခုနှစ်အတွင်းက ဖမ်းဆီး အရေးယူခဲ့သည်။
You may also like these stories:
ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ
စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ