“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန် အား တရုတ်နိုင်ငံဘက်ခြမ်း၌ ကူမင်းရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးလိုက်ကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
တရုတ်သတင်းတချို့တွင် UWSA ဒုစစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းအား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွယ်ကာ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။
ဧရာဝတီ၏ သတင်းရင်းမြစ်တဦးကလည်း “အောက်တိုဘာ ၂ ရက်နေ့ကတည်းက အဖမ်းခံရတာ။ သူ့နေရာတွေတောင် အစားထိုးခန့်နေပြီ” ဟု ဆိုသည်။
ယခုအဖမ်းခံရသည့် ပေါက်ကျွင်းဖုန်းမှာ UWSA ခေါင်းဆောင် ပေါက်ယိုချန်၏ညီ ပေါက်ယိုလျန်၏သားဖြစ်ပြီး ယမန်နှစ် ဩဂုတ်က UWSA ၏ ဒုတိယစစ်ဦးစီးချုပ်တဦးအဖြစ် ခန့်အပ်ခံရကာ ၎င်းသည် ကူမင်းမြို့ စစ်သင်တန်းကျောင်း တက်ရောက်ခဲ့သူဖြစ်ကာ မြန်မာစကားနှင့် တရုတ်စကားကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သူဖြစ်ကြောင်း သိရသည်။
၎င်းအား ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံဖြစ်သူ ဦးညီရန်းအား ဧရာဝတီက ဆက်သွယ်မေး မြန်းရာ ခရီးလွန်နေသည့်အတွက် ဘာမှမသိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့သည်။

၎င်းအား ဖမ်းဆီးပြီးနောက် အောက်တိုဘာ ၁၂ ရက်၌ တရုတ်အာဏာပိုင်တို့က UWSA ထိပ်တန်းအရာရှိနှစ်ဦးဖြစ်သည့် အိုက်ဟောက်နှင့် ပေါက်အိုက်ပန်းတို့ နှစ်ဦးကို အွန်လိုင်း လိမ်လည်းမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ခဲ့သလို သတင်းပေးသူများအား တရုတ်ယွမ်ငွေ ၁ သိန်းမှ ၅ သိန်းထိ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ဝရမ်းထုတ်ခံရသူနှစ်ဦးသည် UWSA ခေါင်းဆောင် ပေါက်ယူချန်း၏ သားမက်ဟောင်းဖြစ်သူ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟောက် (ခေါ်) ဟော်ချွင်ထင်းနှင့် UWSA ၏ အမှတ်-၄၆၈ တပ်ရင်းမှူးဟောင်း၊ လက်ရှိ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန်ဆိုသူတို့ ဖြစ်သည်။

တရုတ်အစိုးရ၏ အလိုရှိစာရင်းတွင် ၎င်းတို့နှစ်ဦးအား ထည့်သွင်းကြေညာပြီးနောက် UWSA အနေဖြင့် ၎င်းတို့အား ရာထူးမှထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ ၁၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည် သို့သော် UWSA အနေဖြင့် ၎င်းတို့အား ရာထုတ်မှ ထုတ်ပယ်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းကာ တရုတ်အာဏာပိုင်တို့ လက်သို့ လွှဲပြောင်းပေးခြင်း ရှိမရှိ သေချာမသိရပေ။
တရုတ်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား အပြင်းအထန်တိုက်ဖျက်လျက်ရှိရာ UWSA နယ်မြေအတွင်း ဖမ်းဆီးမှုများလည်း ပြုလုပ်နေပြီး UWSA ဘက်ကလည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနှင့်ဆက်နွယ်သူ ထောင်နှင့်ချီကာ တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးထားသည်။
အောက်တိုဘာ ၁၆ရက် တရုတ်အစိုးရ ပြည်သူ့ လုံခြုံရေးဌာန ထုတ်ပြန်ချက်အရ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ် သူ တရုတ်လူမျိုး ၂၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့ကြောင်း၊ ယခုအခါ ဖမ်ဆီးမိသူ ၄၆၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
UWSA ၀ အရာရှိ ၂ ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်
“ဝ” ဒေသရှိ အွန်လိုင်းလိမ်လည်နေသူ ၁၀၀၀ ကျော်ကို တရုတ်ရဲလက်အပ်