ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသူများနှင့် သင်္ဘောသားများ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံ ချက်ပါမှ တိုးပေးမည်ဟု ကြေညာထားကြောင်း ပတ်စ်ပို့ဝန်ဆောင်မှုပြုလုပ်သူများထံမှ သိရသည်။
ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်သည့် Passport For Job (PJ) နှင့် သင်္ဘောသားများအတွက် ထုတ် ပေးထားသော Passport For Seaman (PS) သက်တမ်းလာတိုးလျှင် အဆိုပါ ထောက်ခံစာ ယူလာရန် ပတ်စ်ပို့ရုံး အချို့တွင် စာများ ကပ်ထားခြင်းဖြစ်သည်။
ရန်ကုန်မြို့မှ ပတ်စ်ပို့ဝန်ဆောင်မှု လုပ်ဆောင်ပေးနေသူတဦးက “စာအုပ်သမားတွေကို ပြောင်းလဲလိုက်တာ။ အခုဆိုရင် ရုံးတွေမှာ လက်မှတ်ကို ထိုးမပေးဘူး။ လုပ်ရကိုင်ရတာ တအားကျပ်တယ်။ ဘယ်နေ့ဘယ်ရက်စမယ်။ ဘယ်တော့ လုပ်ရမယ်ဆိုတာ ရက်အတိအကျလည်း မသိရဘူး။ အဲဒါကြောင့် အခုဘယ်သူ့ကိုမှ လက်မခံသေးဘူး“ ဟု ပြောသည်။
ထိုသို့ အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့သွားရောက်လုပ်ကိုင်သူတဦးက “အခွန်ထောက်ခံစာ လိုလို့သွားယူတော့လည်း တခါထဲ မထုတ်ပေး နိုင်ဘူး။ အခုမှအစဆိုတော့ သူတို့လည်း စမ်းတဝါးဝါးရယ်၊ လာထုတ်တဲ့သူရှိရင် ဒီစာရွက်ပါဆိုပြီး ချပေးထားတဲ့ စာရွက်တောင်မရှိသေးဘူး ပြောတယ်။ နောက်ရက်အထက်လူကြီးတွေ မေးပြီးမှ ပြန်ပြောမယ်ဆိုပြီး ထုတ် မပေးနိုင် ဘူး။ PJ သက်တမ်းတိုးဖို့ သွားထုတ်တာ မသိရင် အလုပ်အရင်ရှာပြီးမှ ကိုယ်ဘယ်လောက်ရ မှာပါဆိုပြီး ပြနိုင်တဲ့ အထောက်အထားပါမှ လုပ်ပေးနိုင်မှာလိုလိုပဲ“ ဟု ပြောသည်။
ပတ်စ်ပို့ရုံးများရှေ့တွင် ကြေညာဆိုင်းဘုတ်ထောင်၍ ကြေညာထားခြင်းကိုသာ တွေ့ရပြီး ဝန်ကြီးဌာန တရားဝင် ဝက်ဆိုက်များတွင် တိတိကျကျ ကြေညာထားမရှိသေးဘဲ အောက်တိုဘာလ ၁၆ ရက်က စတင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ (မြဝတီ) တွင် အောက်တို ဘာ ၁၈ ရက် နောက်ပိုင်းမှ စတင်၍ ကရင်ပြည်နယ် အိမ်ထောင်စုစာရင်းများမှအပ အခြားနယ်ကျော် အိမ်ထောင်စု စာရင်းများအား နိုင်ငံကူးလက်မှတ်များလျှောက်ထားခွင့် မပြုကြောင်း ကြေညာထားကြောင်း သိရသည်။
ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင် ရရှိသော စုစုပေါင်းဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ၁၀ ရာခိုင်နှုန်းကို လာမည့် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ မတ်လ ၃၁ ရက်ထိ ဝင်ငွေခွန်စည်းကြပ်ကောက်ခံမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

ထိုသို့ ပြည်ပရောက် မြန်မာများအပေါ် ဝင်ငွေခွန်ကောက်ခြင်းကို ယခင်စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့ဖူးပြီး အရပ်သား အစိုးရဟုခေါ်သည့် ဦးသိန်းစိန်လက်ထက်တွင် ပြန်လည် ပယ်ဖျက်ပေးရာမှ ယခု ၁၀ စုနှစ်တခု ကျော်ကြာ ပြီးနောက် အာဏာသိမ်း စစ်ကောင်စီက ထပ်မံ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဝင်ငွေရပေါက်ရ နည်းလာ၍ ယခုကဲ့သို့ ပြည်ပရောက်မြန်မာများ၏ လစာဝင်ငွေအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစားရန် လုပ်ဆောင်လာခြင်းဖြစ်သောကြောင့် လက်မခံကြောင်း အလုပ်သမားနှင့် အလုပ်သမားရေး ဆောင် ရွက်သူများက ပြောဆိုထားကြသည်။
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူတဦးက “ရတဲ့လုပ်ခလစာက နည်းနည်းကို အခန်းဖိုး၊ ရေဖိုး၊ မီးဖိုး၊ စားသောက် စရိတ် အကုန်ပေးနေတဲ့အပြင် အခုအခွန်ခပါ ထပ်ပေးရရင်တော့ ဘာမှကျန်မှာမဟုတ်တော့ဘူး” ဟု ပြောသည်။
ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအနေဖြင့် ထိုဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းအပြင် လစာဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကိုလည်း မြန်မာပြည်ရှိ မိသားစုထံသို့ တရားဝင်လမ်းကြောင်းများဖြင့် ပြန်လွှဲရန်လည်း စစ်ကောင်စီက ကြပ်မတ်ထားသည်။
You may also like these stories:
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ
မြန်မာအလုပ်သမားအခွင့်အရေးကို အနောက်နိုင်ငံတွေ ဘယ်လို ဖြိုဖျက်နေသလဲ
အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို