ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးပေါ်ဒေသမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အောက်တိုဘာလ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA နဲ့ စစ်ရေး ပူးတွဲလှုပ်ရှားနေတဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ပြောတယ်။
မုံးပေါ်ဒေသ၊ မိုင်းယကျေးရွာအုပ်စု ဝိန်းလာတောင်မှာ ခြေကုပ်ယူထားတဲ့ အင်အား ၆၀ ခန့်ရှိ အမှတ် (၉၉) ခြေမြန်တပ်မ ဌာနချုပ် (တမခ) လက်အောက်ခံ ခမရ ၅၆၇ တပ်စခန်းကို KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ က အောက်တိုဘာ ၁၉ ရက်နေ့မနက် ၄ နာရီမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီခန့်မှာ သိမ်းပိုက်နိုင်လိုက်တာ ဖြစ်ပါတယ်။
KIA ရဲ့ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ ကျန်တပ်ဖွဲ့တွေကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကိုတော့ KIA က ထိန်းချုပ်ထားပါတယ်။
KPDF အဖွဲ့ဝင်က “စကစ တပ်စခန်းကို သိမ်းပိုက်နိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့ဒီစခန်းက သူတို့ ထောက်ပို့စခန်းလို့ ပြောတယ်။ ဆိုတော့ လက်နက်ခဲယမ်းက အများကြီးသိမ်းယူနိုင်လိုက်တယ်“ လို့ ဧရာဝတီကို ပြောပါတယ်။
ဝိန်းလတောင် တပ်စခန်းဟာ တောင်ကမူ ၄ ခုရှိပြီး တောင်ကမူ ၃ ခုကို KIA ဘက်က မနက်ပိုင်း ၁၀ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ တောင်ကမူ တခုမှာသာ ခံစစ်တိုက်ခိုက်နေရတဲ့ စစ်ကောင်စီတပ်ဟာ Mi-35 စစ်ရဟတ်ယာဉ်တစီးနဲ့ တကြိမ် ဂျက်ဖိုက်တာတစ်စီးနဲ့ တကြိမ် လေကြောင်းပစ်ကူနဲ့ ကာကွယ်တိုက်ခိုက်ခဲ့ပေမယ့် ညနေ ၃ နာရီမှာ KIA က တောင်ကမူ ၄ ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စခန်းသိမ်းတိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KIA ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းအကြိမ်ကြိမ် ဆယ်သွယ်ခဲ့ပေမယ့် မရရှိသေးပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် ရွှေဖီမြေသတင်းမှာတော့ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံက MA အမျိုးအစား သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်၊ ၈၁ မမ ၁ လက်၊ ငါးကြင်းမြီး ၁ လက်၊ ရုရှားပဇူဂါ ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်တဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ် ဆုံးရှုံးလိုက်ရတဲ့ ဝိန်းလာတောင် တပ်စခန်းဟာ ဒေသ ၃ ခုဖြစ်တဲ့ မူဆယ် မုံးပေါ်ဒေသ၊ မုံးကိုးမြို့နဲ့ ကွတ်ခိုင်မြို့တို့ စုံရာ စစ်ရေးအချက်အချာကျတဲ့ နယ်မြေတခုဖြစ်သလို စစ်ကောင်စီတပ်က နယ်မြေ စိုးမိုးနိုင်ရေး ၁၀ စုနှစ်ခန့် တပ်စွဲထားတဲ့ စခန်းတခု ဖြစ်ပါတယ်။
အလားတူ ဝိန်းလာတောင် တပ်စခန်းထဲမှာ စစ်ကောင်စီ ထောက်ပို့အတွက် စစ်ရဟတ်ယာဉ် ဆင်းသက်လို့ရတဲ့ ရဟတ်ယာဉ်ကွင်း ရှိသလို မုံးကိုး၊ မုံးပေါ်ဒေသက စစ်ရေးလှုပ်ရှားမူတွေကို လက်နက်ကြီးနဲ့ ချိန်းခြောက်နိုင်တဲ့ အမြောက်ပစ်ကူလည်းရှိတဲ့ စခန်းဖြစ်ပါတယ်။
ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီဘက်က ဆုံးရှုံးလိုက်ရတဲ့ စခန်းကို ပြန်လည် ရရှိနိုင်ရေး မူဆယ် ၁၀၅ မိုင်ကနေ မုံးပေါ်ဒေသကို ဦးတည်ပြီး စစ်ကား ၉ စီးနဲ့ အင်အားအများအပြား ဖြည့်နေပါတယ်။
မုံးပေါ်ဒေသခံ အမျိုးသမီးတဦးက “စစ်ကားက ၉ စီးထဲ လူအပြည့်ပါတဲ့ပုံပဲ။ စစ်ကားသွားတာကိုလည်း လမ်းတလျှောက်လုံးမှာ ခြေလျင်နဲ့ စစ်သားတွေက လုံခြုံရေးယူပြီး မုံးပေါ်ဘက်ကို တက်နေကြတာ။ အခြေနေက ရှုပ်လာတော့မယ်ထင်တယ်“ လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဧရာဝတီကို ပြောပါတယ်။
မုံးပေါ်ဒေသဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး ဒီနှစ် ထဲမှာတော့ KIA တပ်ဖွဲ့နဲ့ တိုက်ပွဲအချို့ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
KIA ဟာ လက်ရှိ စခန်းသိမ်း တိုက်ပွဲအပါအဝင် ၂ ရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး
အောက်တိုဘာ ၁၈ ရက်နေ့ကတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ ငါးဘတ်ကြီး တပ်စခန်းကိုလည်း KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းယူနိုင်ခဲ့ပါတယ်။