ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး ဒေါ်နီလာစိန်အပါအဝင် သားနှစ်ဦးကို အဂတိလိုက်စားမှုများဖြင့် စစ်ဆေးနေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံက သိရသည်။
၎င်း ပြည်ထဲရေးဝန်ကြီးတာဝန်ယူစဉ်က ရာထူးအာဏာသုံး၍ ဌာနနှင့်ဆိုင်သော တင်ဒါများအား ဥပဒေလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ လုပ်ငန်းရှင်အချို့ထံမှ လာဘ်ယူခြင်းတို့နှင့် ပတ်သက်၍ ဖြစ်ပြီး အလားတူ ဇနီးနှင့် သား ၂ဦးကိုလည်း စစ်ဆေးနေကြောင်းသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့်
သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းတို့ကို သားဖြစ်သူ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ပေးခဲ့ကြောင်းဆိုသည်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တွင် သားသုံးယောက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးရုံလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် ကုန်ပစ္စည်းတင်သွင်းသည့် လုပ်ငန်းများ လုပ်ကိုင်ကြသည်။
ပြည်ထဲရေးဝန်ကြီးဟောင်းနှင့် ဇနီး ဒေါ်နီလာစိန်တို့သည် စီးပွားရေး သောင်းကျန်းသူများဖြစ်သလို၊ ဝန်ထမ်းများ အပေါ် လည်း မောက်မာသူများအဖြစ် နာမည်ကျော်၍ ဝန်ထမ်းရာထူးတိုးရေး၊ နေရာပြောင်းရွှေ့ရေးတို့၌ ဝန်ကြီးအပေါ် သြဇာ ညောင်းသည့် ဒေါ်နီလာစိန်ထံ ချဉ်းကပ်ဆောင်ရွက်ကြရကြောင်း သိရသည်။
“တင်ဒါကိစ္စတွေ ရဖို့က သူ့ (ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်) ဇနီးဆီကို ဝင်ရတယ်။ လုပ်ငန်းရှင်တဦးကို ၁၀ မိနစ် စကားပြောခွင့်ပေး တယ်၊ ပြီးရင် ပိုက်ဆံထားခဲ့ပြီး ပြန်” ဟု လုပ်ငန်းရှင်တဦးက ဆိုသည်။
၂၀၂၀ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ယခုနှစ် ဖေဖေါ်ဝါရီလ၌ ဒုတိယဝန်ကြီးချုပ် တာဝန် ကိုပါ ပေးခြင်းခံသော်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ သတင်းများ ထွက်လာပြီးနောက် သြဂုတ်လတွင် ပြည်ထဲရေး ဝန်ကြီးမှ အနားပေးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၁ သို့ ပြောင်းလဲ ခန့်အပ်ခံခဲ့ရသည်။
ထို့နောက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် အရပ်ဘက်ရာထူးများမှ အနားပေး၍ စစ်ဘက်တာဝန်များ ပြည်လည် ထမ်းဆောင်စေခဲ့ပြီးနောက် ယခုအခါ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်အား အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းနှင့် သက်ဆိုင်သော လုပ်ငန်းရှင်များကိုပါ ခေါ်ယူ စစ်ဆေးလျက်ရှိသည်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်အား စစ်ဆေးရန် သွားရောက်ခေါ်ယူစဉ် အထူးတပ်ဖွဲ့အား ဇနီးနှင့် သားက လက်နက်နှင့် ခုခံရန် ကြံစည်သည် ဒေါ်နီလာစိန်မှလည်း ၎င်းတို့ သိထားသမျှ ဖွင့်ချမည်ဆိုသော ခြိမ်းခြောက်မှုများ လုပ်ခဲ့သည်ဟု
အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီနှင့် နာမည်ကျော် ဟစ်ပ်ဟော့ဂီတအဖွဲ့ ACID ၏ အဖွဲ့ဝင် NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ခဲ့သည့် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးကို သေဒဏ်စီရင်ရာ တွင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ အင်းစိန်ထောင်တွင်း အနီးကပ်ကြီးကြပ်ကွပ်ကဲခဲ့သူဖြစ်သည်
စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သော နေပြည်တော်သတင်းရင်းမြစ်တဦးက “အမူ့ကစစ်ပြီးလောက်ပြီ အမိန့်ချဖို့ပဲ ကျန် တော့တာ ဇေယျာသော်တို့ ကိုဂျင်မီတို့ကိစ္စကို သူ ( ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ) ကိုထိုးချမယ်ထင်တယ်” ဟုဆိုသည်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စစ်ဘက်တွင်တောင်ပိုင်းတိုင်း တိုင်းမှူး စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်တို့အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ပွားဟု တင်စားခံရသူလည်း ဖြစ်သည်။ စစ်တပ် အာဏာသိမ်းသည့်ညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သွားရောက် ဖမ်းဆီးရာတွင် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ရဲမှူးချုပ် ကျော်စိုးဝင်း တို့ ပါဝင်ခဲ့သည်။
You may also like these stories:
စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
ဗိုလ်ချုပ်ဟောင်းတို့အပေါ် အရေးယူရာ၌ ပွင့်လင်းမြင်သာမှု မရှိဟု အများဝေဖန်
ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော