ရာသီအကူးအပြောင်း အပူရှိန် ရုတ်တရက်မြင့်မားလာခြင်းနှင့် စိုထိုင်းဆ မြင့်လာခြင်းများကြောင့် ရန်ကုန် မန္တလေးကဲ့သို့ လူနေထူထပ်သော မြို့ကြီးများတွင် ကူးစက်မြန် မျက်စိနာ၊ မျက်မြှေးရောင်ရောဂါ (Conjunctivitis) ဖြစ်ပွားမှုများနေ သည်။
ဩဂုတ်လလယ်မှ စ၍ ရာသီဥတုပူနွေးစွတ်စိုမှုကြောင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများ ပေါက်ပွားမှုနှုန်း မြင့်လာပြီး ကလေးနှင့် လူကြီးများပါမကျန် ဖြစ်ပွားမှု များလာခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှ ဆရာဝန်တဦးက “လတ်တလော ကူးစက်မြန်မျက်စိနာ၊ မျက်မြှေးရောင်ရောဂါ ဖြစ်သူ တွေများနေတယ်၊ ကူးစက်နှုန်းလည်း ပိုပြီး မြန်လာတယ်၊ ကျနော်ဆေးခန်းမှာ တရက်ကို အနည်းဆုံး ၃ ယောက် လောက် ထိ လာပြတာတွေရှိတယ်၊ ကူးစက်တာမြန်တော့ အချို့ မိသားစုလိုက် ဖြစ်နေကြတာ၊ အဓိကတော့ ဗိုင်းရပ်စ်ကြောင့်ပါ” ဟု ပြောသည်။
မျက်မြှေးရောင်ရောဂါမှာ မျက်ကြည်လွှာကို ဖုံးထားသော အမြှေးပါးရောင်ရမ်းခြင်းမျိုး ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား ပိုးနှင့် ဓာတ်မတည့်ခြင်းများကြောင့် ဖြစ်ပွားလေ့ရှိရာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားလျှင် မျက်စိတဖက်မှ စ၍ ရက်ပိုင်းအတွင်း အခြားတဖက်သို့ ဆက်ကူးခြင်း၊ မျက်ရည်ကျခြင်း၊ တုတ်ကွေးလက္ခဏာပြခြင်းများ ဖြစ်ပွားကာ ပြင်းထန်လေ့မရှိကြောင်း၊ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားလျှင် အိပ်ရာထချိန်၌ မျက်ဝတ်၊ ပြည်အထွက်များပြီး ဖွင့်မရ ဖြစ်တတ်ခြင်း၊ နားပိုးဝင် လက္ခဏာများပါ ဖြစ်ပွားခြင်း၊ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပွားလျှင် မျက်စိနှစ်ဖက်လုံး ပြိုင်တူဖြစ်ပြီး အလွန်ယားယံခြင်း၊ မျက်ရည်ထွက်၊ မျက်လုံးရောင်ခြင်းများအပြင် ဓာတ်မတည့်သည့် လက္ခဏာများကိုပါ ခံစားရကြောင်း သိရသည်။
အထွေထွေရောဂါကု ဆရာဝန်တဦးက “ဒီရောဂါဟာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ ဓာတ်မတည့်တာ တွေကြောင့် ဖြစ်တာများပါတယ်၊ ပြီးတော့ မျက်ကပ်မှန်၊ ဖုန်၊ သဲ၊ အမှိုက်၊ မီးခိုး၊ ကျပ်ခိုးစတဲ့ မျက်စိနဲ့တိုက်ရိုက်ထိတွေ့တာ တွေကြောင့်လည်း ဖြစ်နိုင်တယ်၊ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တာက ကူးစက်တာ မြန်တယ်၊ အခုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်နေတာ များတယ်”ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော ကူးစက်မြန် မျက်စိနာ၊ မျက်မြှေးရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနေခြင်းမျိုးဖြစ်ကာ အဖြစ်များသော ဗိုင်းရပ်စ်မှာ Adenovirus နှင့် Herpes Simplex (ရေယုန်) တို့ဖြစ်ပြီး ရောဂါဖြစ်ပွားလျှင် ၇ ရက်မှ ၁၀ ရက် ခန့်ထိ ကြာမြင့်တတ်ကြောင်း သိရသည်။
မျက်စိဆရာဝန်တဦးက “မျက်စိ နာကျင်ကိုက်ခဲတာ၊ မျက်စိ အလွန်နီရဲတာ၊ မျက်ချေးတွေ၊ မျက်ဝတ်တွေကို ဖယ်ရှားပြီး တော့ အလင်းကို မကြည့်နိုင်တာ၊ အမြင်ဝေဝါးနေတာတွေနဲ့ မျက်မြှေးရောင်လက္ခဏာတွေ မသက်သာဘဲနဲ့ ပိုပြီးဆိုလာရင် တော့ ဆရာဝန်နဲ့ ပြသပေးဖို့ လိုအပ်ပါတယ်၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရင် ပြင်းထန်တာမျိုး အတော်နည်းပါတယ်၊ Herpes ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး စနစ်တကျ ကုသပေးဖို့ လိုအပ်ပါတယ်၊ နောက် ပြင်းထန်ဘက်တီးရီးယားကြောင့် ဖြစ်တာမျိုးဆိုရင်လည်း ဆရာဝန်နဲ့ ပြသပေးဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ရောဂါသည် စက်ရုံ၊ အလုပ်ရုံကဲ့သို့သော လူနေထူထပ်သည့် နေရာများ၊ ရုံးဌာနများ၊ စာသင်ကျောင်းများ၊ လူနေစိပ်သော ရပ်ကွက်များနှင့် အဆောင်နေထိုင်သူ အများစုတွင် ဖြစ်ပွားနေကြကြောင်း သိရသည်။
မျက်စိနာရောဂါ ဖြစ်ခဲ့သူ တဦးက “မျက်လုံးတဖက်က ခိုးလို့ခုလုနဲ့ ကြည့်လို့ မကောင်းတာကနေ စပြီးတော့ နာလာတာ၊ အစက မျက်လုံးထဲကို လေတိုက်ပြီး တခုခုဝင်လို့ ဖြစ်တာလို့ပဲထင်တာ၊ နောက်ရက်ကျတော့ မျက်လုံးက ရဲလာပြီး နှစ်ဖက် လုံး နာလာတာပဲ၊ မျက်စဉ်းခတ်တော့လည်း ၃၊ ၄ ရက်လောက်ထိ မသက်သာတာနဲ့ ဆေးခန်းပြလိုက်မှ သက်သာသွားတာ၊ နောက်မှ သေချာသိရတာက အပြင်မှာလည်း တော်တော် ဖြစ်နေကြတယ်”ဟု ပြောသည်။
ရောဂါသက်သာစေရန် တစ်ဦးချင်း ရောဂါအခြေအနေပေါ် မူတည်၍ မျက်စဉ်း၊ ပိုးသတ်ဆေး၊ ရောင်ရမ်းမှု သက်သာဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် ကိုယ်ခံအားကောင်းစေသည့်ဆေးများ သုံးစွဲနိုင်သလို တရက်လျှင် ၄ ကြိမ်ခန့်ထိ မျက်စဉ်း ဆေးခတ်ပေးခြင်းများအပြင် အိပ်ရာဝင်ခါနီးအချိန် မျက်လုံးများကို သန့်စင်သော ရေထဲတွင် ဖွင့်ချည် ပိတ်ချည် ပြုလုပ်ပေး သင့်သည်ဟု ဆရာဝန်များက အကြံပြုသည်။
ယင်းသို့ ရောဂါ ဖြစ်ပွားသူ များနေခြင်းကြောင့် ဆေးဆိုင်များတွင် မျက်စဉ်းဆေးများ အရောင်းသွက်လာသလို ဆေးကုမ္ပဏီ များသို့လည်း မျက်စဉ်း၊ မျက်စိရောဂါနှင့် ပတ်သက်သော ဆေးအမှာများ မြင့်တက်နေကြောင်း သိရသည်။
ဆေးကုမ္ပဏီတခုမှ မန်နေဂျာတဦးက “ပုံမှန်ဆိုရင် မျက်စဉ်းက ရောင်းအားသွက်တဲ့အထဲမှာ မပါတဲ့ ဆေးအမျိုးအစားပေါ့ နော်၊ အခုအချိန်မှာ မျက်စိနာတာတွေ ဖြစ်တာများနေတော့ ဆေးဆိုင်တွေမှာလည်း မျက်စဉ်းတွေ တော်တော်ရောင်း နေရ တယ်လို့ သိရတယ်၊ ကျမတို့ဆီကို ပြီးခဲ့တဲ့ လဆန်းပိုင်းကစပြီး မျက်စဉ်းဆေးတွေမှာတာ တော်တော် များလာတယ်” ဟု ပြောသည်။
မျက်မြှေးရောင်ရောဂါသည် အဖြစ်များသော မျက်စိရောဂါတမျိုးဖြစ်၍ အချို့သောသူများတွင် မျက်စိ မျက်နှာပြင်ရှိ သေး ငယ်သော သွေးကြောများ ဖောင်းလာသည်အထိ မျက်စိနီရဲလာပြီး သွေးကြောများ ပေါက်နိုင်၍ စနစ်တကျကုသမှု မခံယူ လျှင် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။
ရောဂါ ကူးစက်မှု၏ အဓိကလမ်းကြောင်းမှာ လက်မှတဆင့်ဖြစ်သောကြောင့် ရောဂါဖြစ်နေပါက မျက်လုံးအား မကြာခဏ ကိုင်ခြင်းများကို ရှောင်ရန်၊ မျက်လုံးအား မကိုင်ခင်နှင့် ကိုင်ပြီးနောက် လက်ဆေးရန်၊ မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးရန်၊ လက်ဆွဲနှုတ်ဆက်ခြင်းများ မပြုလုပ်ရန်နှင့် ရောဂါဖြစ်ပွားနေပါက အခြားသူများအား ကူးစက်မှု မရှိစေရန်အတွက် လူစု လူဝေးနေရာများသို့ သွားလာခြင်းများကို ရှောင်ကြဉ်ရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် မျက်မြှေးရောင်ရောဂါ ဖြစ်ပွားသူများနေခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ရေးနှိုးဆော်ချက် ထုတ်ပြန်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် ကူးစက်မြန် မျက်စိနာ၊ မျက်မြှေးရောင်ရောဂါ ဖြစ်ပွားသူများနေကြောင်း စက်တင်ဘာ ၂၃ ရက်နေ့က အသိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း
တနင်္သာရီတိုင်းတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ
ရန်ကုန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေးငယ်များကြား ပျံ့နှံ့နေ