တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်ရှိ ဂိတ်များတွင် ဌာနစုံပါသည့်အဖွဲ့များက ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ကုန်ကားလိုင်စင် အထောက်အထား စစ်ဆေးခြင်းများ တင်းကျပ်စွာလုပ်နေသဖြင့် ကုန်စည်သယ်ယူပို့ဆောင်ကဏ္ဍ၌ ကြန့်ကြာမှုများ ဖြစ်နေကြောင်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ တရားမဝင် နယ်စပ်ကုန်သွယ်ရေးသည် နိုင်ငံ့ဝင်ငွေကို ထိခိုက်သဖြင့် အထူးအဖွဲ့များက ပို့ကုန်သွင်းကုန်အပေါ် ကြပ်မတ်ရန်ပြောခဲ့ပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး က မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက် စစ်ဆေးရေးဂိတ်များကို ရှောင်၍ တရားမဝင်ကုန်များ သယ်ယူမှုုကို ပိုမိုထိရောက်စွာ ဖမ်းဆီးမည်ဆိုကာ ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကျပ်လာခြင်းဖြစ်သည်။
ထို့အတွက် ဘားအံတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် ကားပေါ်ပါသူများအား လမ်းဆင်းလျှောက်ခိုင်း၍ စစ်ဆေးခြင်း၊ ကုန်တင်ကားများကိုလည်း အထောက်အထားပြည့်စုံမှ ထွက်ခွင့်ပြုခြင်း၊ မရမ်းချောင် စစ်ဆေးရေးဂိတ်၌ လည်း ကုန်ကားများအား နာရီနှင့်ချီကြာ စစ်ဆေးနေကြောင်းသိရသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက “တရားမဝင်ကုန်သွယ်မှုကတော့ ဘယ်နိုင်ငံမှမကင်းဘူး။ များတာနဲ့ နည်းတာပဲကွာ တယ်။ တရားမဝင်ကုန်သွယ်မှု ဘာကြောင့်ဖြစ်လဲဆိုတာ သူတို့ (စကစ)က အဖြေမရှာဘူး။ တာဝန်သိစိတ်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို တောင်းတယ်။ အခွန်အခပေးပြီးသွားတယ်။ ဒါပေမယ့် ဘာမှအလုပ်မဖြစ်ဘူး။ အဲဒီတော့ ခိုးပြီး သွားတယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိလဲ၊ ခိုးသွားတဲ့သူမှာလား၊ ခိုးသွားအောင်လုပ်တဲ့သူမှာလားဆိုတာ မေးမှရမယ်” ဟု ပြောသည်။
တရားမဝင်ကုန်သွယ်မှု မရှိစေလိုပါက တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှု လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးရန် လိုကြောင်း၊ လက်ရှိသွင်းကုန်လိုင်စင်လျှောက်ထားရာ၌ အဆင့်ဆင့်တင်ပြရခြင်းကြောင့် ပုံမှန်အားဖြင့် တပတ်လျှင် သွင်းကုန်လိုင်စင် ၁၀ စောင်ကျပါက ယခု ၅ စောင်ပင် မကျကြောင်း၊ ပို့ကုန်တင်ပို့ရာတွင်လည်း ရလာသည့်ငွေကြေးကို စစ်ကောင်စီက သတ်မှတ်ငွေဈေးနှင့် ဖြတ်တောက်ခြင်း၊ မူဝါဒအပြောင်းအလဲမြန်ခြင်း စသည်တို့ကြောင့် အခက်အခဲများ စွာရှိနေကြောင်း ၎င်းက ရှင်းပြသည်။
ယခင်က သွင်းကုန်လိုင်စင်တစောင် လျှောက်ထားရာတွင် ဝန်ကြီးဌာနအလိုက် ခွင့်ပြုချက်ရပါက လွယ်လင့်တကူပြီးစီး သော်လည်း ယခုအခါ ခွင့်ပြုချက် အဆင့်ဆင့်ယူရခြင်း၊ ကော်မတီအဖွဲ့အစည်းများထံ တင်ပြရခြင်းအပြင် ၎င်းတို့၏ အစည်းအဝေးဆုံးဖြတ်ချက် ပြီးမှသာလျှင် လိုင်စင်ရရှိခြင်းတို့ကြောင့် ခက်ခဲကြန့်ကြာနေရ ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မြဝတီ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကားသမားတဦးကလည်း “စစ်တာတော့ တော်တော် စစ်တယ်။ အခုရက်ကတော့ အရင်ရက်တွေလောက် ကားတွေအတက်အဆင်းသိပ်မရှိတော့ သိပ်မကြာဘူး။ ဒါပေမယ့် ကုန်ကားတွေတော့ တန်းစီစောင့်နေရတာပဲ။ ပေးရကမ်းရတာလည်း ရှိတာပဲ။ စစ်ဆေးရေးဂိတ် တခုနဲ့တခုကလည်း နီးနီး လေးပဲ။ အမြဲတမ်းကား ၁၀ စီး၊ အစီး ၂၀ လောက် တန်းစီနေရတာ။ ခရီးသည်တင်တဲ့ကားတွေလည်း အရင်လို ပစ္စည်း များများစားစား ပေးမတင်တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် စောင့်သည့် စစ်ကောင်စီတပ်သားများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တလလျှင် ကျပ် ၂ သိန်း၊ ၃ သိန်း အပိုဝင်ငွေရရှိနေပြီး ၎င်းတို့အတွက် လုပ်စားခွင်များ ဖြစ်နေကြောင်းလည်း ကုန်သည် တချို့က ဆိုသည်။
စစ်ကောင်စီဘက်ကမူ တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးရာ၌ ပို့ကုန်နှင့်သွင်းကုန်နှစ်မျိုးစလုံးကို တင်းကျပ်လာခြင်းဖြစ် ပြီး လက်ရှိတွင် မြဝတီကုန်သွယ်ရေးဇုန်သွားရာ လမ်းကြောင်းကို ပိုမိုစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ကုန်သည် များထံမှ သိရသည်။
ပြည်တွင်းရှိ စီးပွားရေးပညာရှင် တဦးက “နိုင်ငံခြားငွေလိုလို့ ထိန်းချုပ်မှုတွေလုပ်တယ်။ ပိုဆိုး ဆိုးလာပြီးတော့ ပို့ကုန် တင်ပို့မှုတွေ ကျတယ်။ အဲ့ဒီမှာ သွင်းကုန်ကို ကန့်သတ်တဲ့အခါ သွင်းကုန်ပါကျသွားတယ်။ တကယ်တော့ တိုင်းပြည် စီးပွားရေးဆိုတာ အကုန်လုံးက ဆက်စပ် စီးဆင်းနေတာလေ။ ဒီတော့ ကန့်သတ်လိုက် ထိန်းချုပ်လိုက်နဲ့ အဆိုးသံသရာ လည်နေတာ။ အခြေခံကတော့ ဈေးကွက်စီးပွားရေးဆိုတာ ဘယ်လိုရှိတယ်။ ဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်ရမယ်ဆိုတာကို နားမလည်တာ”ဟု ဧရာဝတီသို့ပြောသည်။
စစ်တပ်မှ တရားဝင်လမ်းကြောင်းများကို ကန့်သတ်ခြင်း၊ ထိန်းချုပ်ခြင်းများကြောင့်သာ နိုင်ငံခြားငွေဈေး အမျိုးမျိုး ပေါ်လာခြင်း၊ မှောင်ခိုလမ်းကြောင်းများ ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီ၏ သတင်းစာတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ဆောင်ရွက်မှုကြောင့် ၂၀၂၂ ဇူလိုင်တွင် အမှုတွဲ ၃၆၉ တွဲမှ တန်ဖိုးကျပ် ၆၁၀ ဒသမ ၃၈၈ သန်းနှင့် ဩဂုတ်၌ အမှုတွဲ ၄၈၀ မှ တန်ဖိုး ကျပ် ၇,၀၀၂ ဒသမ ၆၁၃ သန်း ရရှိခဲ့ပြီး ယခု ၂၀၂၃ ဇူလိုင်တွင် အမှုတွဲ ၆၁၁ မှ တန်ဖိုး ကျပ် ၁၀,၄၄၅ ဒသမ ၇၄၂ သန်းနှင့် ဩဂုတ်၌ အမှုတွဲ ၅၄၀ မှ တန်ဖိုး ကျပ် ၁၂,၄၃၄ ဒသမ ၂၄၄ သန်း ပို၍ ဖမ်းဆီးရမိကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်တွင် ရေယာဉ်၊ မီးရထား၊ မော်တော်ယာဉ်များဖြင့် ပြောင်းဆန်သယ်ယူမှုကို ဖော်ထုတ် အရေးယူခဲ့ကြောင်း၊ မရမ်းချောင် စစ်ဆေးရေးဂိတ်၌လည်း အထောက်အထားမဲ့ မော်တော်ယာဉ် ၈ စီးကို ဖမ်းဆီးခဲ့သလို ရန်ကုန်မှမော်လမြိုင်သို့ သယ်ဆောင်လာသော တရားမဝင် ပြောင်းစေ့များလည်း ဖမ်းမိခဲ့သဖြင့် မူလခန့်မှန်း ငွေပမာဏ ထက် ငွေကျပ် ၃ ဒသမ ၀၅၇ ဘီလီလံရရှိခဲ့ရာ ကျပ်သိန်း ၈၀၀ ကျော် ပိုမိုသိမ်းဆည်းနိုင်ခဲ့ကြောင်း ဆိုထားသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ ယခင်နှစ် ဧပြီလမှ အောက်တိုဘာ ၁၃ ရက်ထိ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈,၁၅၉ ဒသမ ၅၈၂ သန်း ရှိခဲ့ရာမှ ယခုနှစ်ကာလတူတွင် ဒေါ်လာ ၁၇,၀၆၄ ဒသမ ၆၆၁ သန်း ရှိခဲ့ရာ စုစုပေါင်း ကုန်သွယ်မှု ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁,၀၉၄ ဒသမ ၉၂၁ သန်း ကျဆင်းသွား ကြောင်း သိရသည်။
You may also like these stories:
မြဝတီနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေ
မြဝတီလမ်းပျက်၍ လမ်းကြောင်းပြောင်း ကုန်သွယ်ခွင့်ပြုလည်း အခက်အခဲရှိ
ပို့ကုန်မူဝါဒ အပြောင်းအလဲကြောင့် ပြောင်းကား အစီး ၅၀၀ ကျော် မြဝတီ၌ ပိတ်မိနေ
မြဝတီနယ်စပ်ကုန်သွယ်ရေး ပို့ကုန်တန်ဖိုး ဆက်တိုက် ကျနေ