မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်စပ်ရှိ ရေနံမှော်လုပ်ကွက်များရှိရာ ရွာများသို့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာသဖြင့် ရေနံမှော်လုပ်ငန်းရှင်များ၊ လုပ်သားများနှင့် ဒေသခံ သောင်းချီ၍ ထွက်ပြေးနေ ကြရသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ အဆိုအရ အောက်တိုဘာ ၁၉ ရက်မှ ယနေ့တိုင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကာကွယ်ရေးများ စိုးမိုးထားသော ရေနံမှော်လုပ်ကွက်များကို ပြန်သိမ်းရန်နှင့် ချင်းပြည်ဘက်သို့ ရိက္ခာပို့ရန် နယ်မြေ ရှင်းလင်း ရေးအတွက် ဖြစ်နိုင်ကြောင်း သိရသည်။
မြိုင်မြို့နယ် (ပကဖ) တာဝန်ခံ ကိုလင်္ကျာက “ရေခါးက မြိုင်နဲ့ ပေါက်အစပ်မှာ ရှိတဲ့ရွာ၊ ပေါက်မြို့နယ်ထဲမှာပါတာ၊ ရေနံမှော် ဒေသပါ၊ အဲဒီဝန်းကျင်ကို စစ်ကြောင်း ထိုးနေတာ၊ အဓိကတော့ ရေနံမှော်တွေဘက်ကို စစ်တပ်က အထိုင်ချတပ်စွဲချင်လို့ပဲ၊ ရေခါးနဲ့ မနီးမဝေးမှာ ရှိတဲ့ သရက်ကန်ရွာမှာ စစ်ကောင်စီအထိုင်စခန်းရှိတယ်၊ ဒီစခန်းကို ကျနော်တို့အဖွဲ့တွေက ဝင်တိုက် တော့ မီးရှို့ပြီး ထွက်ပြေးသွားကြလို့ စခန်းကို သိမ်းနိုင်ခဲ့တယ်၊ အခုစစ်ကြောင်းထိုးတာကလည်း ရေနံမှော်ဘက်ကို အထိုင် ချချင်လို့ပဲ”ဟု ပြောသည်။
စစ်ကြောင်း ထိုးနေသော ကျေးရွာတကြောမှာ ၂၀၂၂ခုနှစ် နှစ်ကတည်းက ပြည်သူ့ကာကွယ်ရေး တပ်များက နယ်မြေ စိုးမိုး ထားသည့် ရေနံမြေဒေသဖြစ်သည်။
ယခုအခါ စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ရန် စစ်ကြောင်းများ တောက်လျှောက်ထိုးနေပြီး၊ ယခုနောက်ပိုင်းတိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်လာရာ ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရကာ ချောင်းဝ၊ ဝက်ပုတ်၊ ဂွေးဂုံ၊ ကျွန်းတိုင်၊ စသိန်း၊ ညောင်ရင်း၊ ဂဲပင်အင်း၊ အိုင်းမ၊ ရေခါး၊ မန်းကျည်းဂုဏ်၊ သရက္ကန်၊ ကျောက်တိုင်ခင်၊ ဖလန်၊ ကန်တော်စသည့် ရွာ များမှာ စစ်ရှောင်ရသည့် ရွာများဖြစ်လာသည်။
ပေါက်ဒေသခံတဦးက “ကျောက်တိုင်ခင်ရွာက ရိက္ခာတွေကို ကားနဲ့ ဖလံကိုင်းကို ပို့မယ်လို့ သိရတယ်။ ပတ်ဝန်းကျင်မှာ သစ်ကြီးတော၊ ကျောက်တိုင်ခင်၊ ထန်းပေါက်ကုန်း၊ တောင်တလုံးတို့မှာရှိတဲ့ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရှောင် နေရတယ်။ လက်ပံတိုမှော်တဝိုက်က ဒေသခံတွေရော မှော်လုပ်သားတွေရော ၊လုပ်ငန်းရှင်တွေရော ရှောင်နေရတာပေါ့။ စစ်ဘေးရှောင် ၁ သောင်းကျော်လောက်ရှိတယ်။ စစ်ကြောင်းကတော့ အခုချိန်ထိ ကျောက်တိုင်ခင်ရွာမှာပဲရှိသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဝင်လာသည့် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် မှစ၍ ပျူစောထီးများအားကောင်းသည့် ပေါက်မြို့နယ် ဇီးပြားရွာကို ဝင်လာပြီးနောက် ၂၄ ရက်တွင် အိုင်းမရွာ မြောက်ဘက်မှ ညောင်ဇင်တောတိုက်၊ ယင်းမှတဆင့် ကျောက်တိုင်ခင်ရွာကို ဝင်ခဲ့ ကြောင်းသိရသည်။
မြိုင် ပကဖ ၊ ပေါက် ပကဖ ၊တောင်ညိုနဂါး၊ နဂါးနီအဖွဲ့၊ ပခုက္ကူမြို့ပြပြောက်ကျားနှင့် အခြားကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ကာ စစ်ကောင်စီတပ်ကို တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း မြိုင်မြို့ နယ် (ပကဖ) တာဝန်ခံ ကိုလင်္ကျာက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ကျောက်တိုင်ခင်နှင့် ဖလန်ကိုင်း ရေနံမြေရှိ စစ်ကောင်စီတပ်များက ကားသုံးစီးဖြင့် ရွာရှိနေအိမ်များမှ ပစ္စည်း များ ကို လုယက်၍ ရွာခံများကို ရိုက်နှက်ကြောင်း၊ အိုင်းမရွာသို့ ဝင်လာသည့်တပ်မှာ ရေခါးရွာမှ ဦးကျောက်ရွှေ၊ မန်ကျည်းဂုဏ် ရွာမှ ဦးသန်းငွေ၊ ဝက်ပုတ်ရွာမှ ဦးစံတင် နှင့် ညောင်ရင်းရွာမှ ကိုလှဝင်းအောင်ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
လက်ရှိ ကျောက်တိုင်ခင်ရွာမှ စစ်တပ်နှင့်ပျူစောထီးများပါဝင်သော စစ်ကြောင်းမှာ အင်အား ၂၀၀ ခန့်ဖြင့် အခြေပြုနေပြီး မြိုင်ဘက်မှ အင်အား ၈၀ ခန့်ပါသော စစ်ကြောင်း တကြောင်း ရောက်ရှိလာကာ စစ်ကြောင်း ၆ ကြောင်းခန့်ခွဲ၍ ဆက်လက် စစ်ကြောင်းထိုးလာနိုင်သဖြင့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း တပ်ဖြန့်ထားကြောင်း ကိုလင်္ကျာကဆိုသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတဦးက “အင်အား နည်းနည်းနဲ့တော့ သူတို့ ဘယ်တော့မှ မလာဘူး။ သာလွန်အင် အားနဲ့ စစ်ကြောင်းထိုးတယ်။ အခုကတော့ ရေနံမြေလုပ်သားတွေရော ၊ လုပ်ငန်းရှင်တွေရော ဒေသခံတွေရော စစ်ကြောင်း ထိုးတော့ ပြေးရတာပေါ့။ ရေနံဘောက်ဆာကားတွေ၊ တွဲကားတွေ မြို့ပေါ်တက်တာ စစ်ကောင်စီဂိတ်တွေကို ဖြတ်သန်းရင် တော့ သူတို့ကိုပေးရတယ်။ တစီးကို ဘယ်နှစ်သိန်းဆိုပြီးပေးရတာ။ ဒါပေမယ့် ရေနံမြေလုပ်ကွက်မှာတော့ ဒီကောင်တွေ လာမကောက်ရဲဘူး။ အခုကြုံတွေ့နေရတာတော့သူတို့ဘက်က ရေနံလုပ်ကွက်တွေကို ပြန်ပြီး ထိန်းချုပ်ချင်လို့ လုပ်တယ်လို့ သုံးသပ်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြိုင်နှင့်ပေါက်မြို့နယ်အစပ်၌ ရေနံတွင်းပေါင်း တသောင်းခန့်ရှိပြီး ဒေသခံများမှာ အဆိုပါရေနံတွင်းများကို မှီခိုနေကြရကာ ပြီးခဲ့သည့်နှစ်အတွင်းကလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင် မြို့နယ်တို့ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ရေနံလက်ယက်တွင်းများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကလည်း “အခုလာတဲ့ စစ်ကြောင်းက ချင်းတောင်ကို ရိက္ခာပို့မယ့် ထောက်ပို့ စစ်ကြောင်းလို့ သိရတယ်၊ အဲဒီစစ်ကြောင်းကို ဒီဘက်က ဖြတ်တိုက်တာမို့ အင်အားဖြည့်ပြီး စစ်ကြောင်းပတ်ထိုးနေတာမျိုး ပဲ၊ အဓိကတော့ ပခုက္ကူ- မတူပီ- မင်းတပ် လမ်းကြောက ပေါက်နဲ့ မြိုင်မြောက်ဘက်ခြမ်းကို ဖြတ်ရတယ်၊ အဲဒီဘက်မှာက လက်နက်အင်အားတောင့်တင်းတဲ့အဖွဲ့တွေ များတော့ မကြခဏ ဖြတ်တိုက်ခံရတာ များလာတာမို့ နယ်မြေရှင်းလင်းရေး ပုံစံနဲ့ စစ်ကြောင်းထိုးနေတာပဲ၊ အဓိကတော့ ချင်းကို ရိက္ခာပို့နိုင်ဖို့ အောက်ပိုင်းကို ရှင်းနေတာမျိုးပဲ”ဟု ဆိုသည်။
မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်း အောက်တိုဘာလ ၂ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၂ သန်း အထိရှိနေပြီး ယင်းအထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။