ချင်းပြည်နယ်တွင် အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းအတွက် မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီဝင် ၁၀ ဦး ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပေးရန် မြန်မာနိုင်ငံသား ၅ ဦးက ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ကြားလိုက်သည်။
ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်ဖြစ်သော ဗုဒ္ဓဟူးနေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်က ချင်းပြည်နယ်ထိုးစစ်တွင် အိမ်ပေါင်း ၂၀၀၀ ခန့်ကို ဖျက်ဆီးပြီး လူအနည်းဆုံး ၂၅၀ ဦးကို သတ်ဖြတ်ကာ အခြားသူ ၆၀၀၀၀ ကျော်ကို အိန္ဒိယသို့ ထွက်ပြေးစေသည်ဟု Myanmar Accountability Project က ဖေါ်ပြသည်။
ဖိလစ်ပိုင်၏ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေအရ ဖိလစ်ပိုင်နိုင်ငံသည် ၎င်းထံတိုင်ကြားလာပါက အခြားနိုင်ငံများတွင် ကျူးလွန်သည့် ရာဇဝတ်မှုများကို တရားစွဲတင်ရန် တာဝန်ရှိကြောင်း ဖိလစ်ပိုင် ရှေ့နေများပြောသည်။
“ချင်းပြည်နယ်မှာ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ မြန်မာက ချင်းတွေကိုတိုက်ခိုက်နေတဲ့ အမေ့ခံစစ်ပွဲရဲ့ အစိတ်အပိုင်းဖြစ်တယ်” ဟု တိုင်ကြားသူတဦးဖြစ်သည့် ချင်းလူ့အခွင့်အရေး အဖွဲ့ဝင် ဆလိုင်းလင်း က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
“ကျနော်တို့တွေက စစ်ကောင်စီတပ်တွေရဲ့ စနစ်တကျ စစ်ဆင်ရေးတွေမှာ တရားဟောဆရာတွေ အသတ်ခံနေရတဲ့၊ ဘုရားကျောင်းတွေ ဘာသာရေးကျောင်းတွေ အဖျက်ဆီး ခံနေရတဲ့ ခရစ်ယာန်တွေဖြစ်တယ်။ မြန်မာခရစ်ယာန်တွေကို ဒီလို ညှင်းပမ်းနှိပ်စက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာနဲ့အတူ ဖိလစ်ပိုင်က ကျနော်တို့ ညီအကိုမောင်နှမတွေက ကျနော်တို့ ငိုကြွေးသံကိုကြားပြီး တရားမျှတမှုပေးဖို့ ကျနော်တို့ ဆုတောင်းတယ်” ဟုလည်း ထိုသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထိုတိုင်ကြားသူများသည် ချင်းပြည်နယ်မှ ဖြစ်သော်လည်း ယခုအခါ စစ်ကောင်စီအကြမ်းဖက်မှုကို ရှောင်ရှားရန် ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်နှင့် အိန္ဒိယသို့ ရောက်ရှိနေသည်။ စွပ်စွဲခံသူများတွင် စစ်အရာရှိဟောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်စွန်းထန် နှင့် ဗိုလ်ချုပ် ၅ ဦးပါဝင်သည်။
“ကျမအဖေနဲ့ ဟရမ်ကျုံးတို့ကို ရက်စက်စွာသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရချင်တယ်။ သူတို့တွေက နှစ်ခြင်းဘုရားကျောင်းက လူကြီးတွေ၊ သူတို့လူမှုအသိုက်အဝန်းအတွက် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ပြီး အဆုံးမဲ့ တန်ဖိုးပေးဆပ်သူတွေဖြစ်တယ်။ သူတို့ရဲ တန်ဖိုးပေးဆပ်မှုတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ဦးရာလ်သူ၏ သမီးက ပြောသည်။ သူသည်လည်း ထိုတိုင်ကြားမှုတွင် ပါဝင်သည်။
ဦးရာလ်သူသည် သူ၏မိတ်ဆွေ ဟရမ်ကျုံးနှင့်အတူ နေရပ်စွန့်ခွာဒေသခံများအတွက် ဆေးဝါးများ သွားရောက်ပေးပို့ရန် ထန်တလန်သို့သွားစဉ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပစ်သတ်ခံရသည်။ ထိုစဉ်က ထန်တလန်သည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို အကြီးအကျယ်ခံနေရသည်။
“ကျနော့်တူ အချဉ်းနှီးသေဆုံးရတာမျိုးကို ကျနော်လက်မခံဘူး။ မီးတွေလောင်နေတဲ့အချိန်မှာ ဘဝတူ နိုင်ငံသားတွေကို ကယ်ဖို့ကြိုးစားရင်း သူသေဆုံးရတာ။ ဖိလစ်ပိုင် အာဏာပိုင်တွေအနေနဲ့ ကျနော်တို့ ဆုတောင်းနေတဲ့ တရားမျှတမှုပေးဖို့ တောင်းဆိုတယ်” ဟု တရားဟောဆရာ ကျုံးဗျက်ဟုမ်း၏ ဦးလေးကလည်း ပြောသည်။
အသက် ၃၀ အရွယ် ထို တရားဟောဆရာသည် နေအိမ်များကို လောင်ကျွမ်းနေသည့် မီးများငြိမ်းသတ်နေစဉ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီ စစ်သားများ၏ သတ်ဖြတ်ခံရသည်။ သူ၏တူ သတ်ဖြတ်ခံရခြင်းကို အချဉ်းနှီး လက်ခံမည်မဟုတ်ကြောင်း သူပြောသည်။
စစ်သားများသည် တရားဟောဆရာ၏ လက်ချောင်းကိုဖြတ်ပြီး လက်ထပ်လက်စွပ်ကို ခိုးယူသလို အခြားပိုင်ဆိုင်မှုများကိုလည်း ယူဆောင်သွားကြသည်။
“ချင်းပြည်နယ်က ဒီလို စက်ဆုပ်စရာ အမှုတွေကို စုံစမ်းစစ်ဆေးဖို့ မနီလာက အာဏာပိုင်တွေကို ကျနော်တို့ လေးစားစွာ တောင်းဆိုတယ်။ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားက စုဆောင်းထားတဲ့ အထောက်အထားတွေ အများကြီးရှိနေတာမို့ ကနဦးလုပ်ငန်းတွေ လုပ်ဆောင်ပြီးဖြစ်နေပြီ။ အရှေ့တောင်အာရှ နိုင်ငံများအသင်းအနေနဲ့ ဒေသတွင်း တရားမျှတမှု ယန္တရားတွေကို အားပေးဖို့ ကျနော်တို့ တောင်းဆိုထားပြီး ဖိလစ်ပိုင်ကအမှုဟာ ဒေသတွင်းမိတ်ဘက်တွေကို သြဇာကြီးမားတဲ့ သတင်းစကား ပေးပို့လိုက်တာဖြစ်တယ်” ဟု ရှေ့နေဂီးလ်ဘတ် အင်ဒရက် ပြောသည်။
သူ၏ ဝန်ကြီးဌာနသည် ကုလသမဂ္ဂနှင့် အကြွင်းမဲ့ တရားစီရင်ရေးမူအရ ပြင်းထန်သော ရာဇဝတ်မှုများအတွက် အခြားနိုင်ငံမှ လူပုဂ္ဂိုလ်များကို စီရင်ခြင်းအား လက်ခံသည့် အာဂင်တီးနား၊ ဂျာမဏီ၊ အင်ဒိုနီးရှားနှင့် တူရကီနိုင်ငံများမှ နိုင်ငံတကာ ခုံရုံးများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ နိုင်ငံအချို့သည် တိုင်ကြားမှုများကို လက်ခံပြီး စတင်စစ်ဆေးနေကြောင်း သူပြောသည်။
You may also like these stories:
မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး
“သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ
စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြီးဆုံးဗုံး သုံးတိုက်ခိုက်ဟု AI ထုတ်ပြန်
ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ
ဆယ်ဇင်းရွာက လူအစုလိုက် သတ်ခံရမှု