မန္တလေးတိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတို့ ပူးပေါင်းစစ်ကြောင်းထိုးနေပြီး ဒေသခံ ၅ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွား ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် မန္တလေးဆိပ်ကမ်းမှ သင်္ဘောနှစ်စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာမှ ပျူစောထီးများ ပူးပေါင်းပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ မတ္တရာမြို့နယ်အနောက်ခြမ်းမှ ငယ်တိုး၊ သဖန်းဒေါင့်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်မှ ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး၊ သဲအင်းကျေးရွာများကို စီးနင်းခဲ့ ခြင်းဖြစ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယနေ့နံနက်တွင် ဒေသကာကွယ်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရာ ကြက်တူရွေးကျေးရွာအတွင်းမှ အလောင်း ၂ လောင်း၊ သဖန်းဒေါင့်နှင့် ငယ်တိုးကျေးရွာကြား ၃ လောင်း တွေ့ရှိခဲ့ပြီး အလောင်းများအနက် တဦးမှာ သဲအင်းရွာမှ ဖမ်းဆီးခံရသည့် အသက် ၅၂ နှစ်အရွယ် ဦးကျော်ဝင်းဆိုသူဖြစ်ကာ ကျန်သူများအား အတည်မပြုနိုင်သေးကြောင်း၊ အဆိုပါ ရုပ်အလောင်းများအား မီးသဂြိုဟ်ပေးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မြေသြဇာက ဧရာဝတီ ကို ပြောသည်။
စဉ့်ကူးမြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “မနေ့က မန္တလေးဆိပ်ကမ်းကနေ သံခွံမော်တော်တွေ တက် လာပြီးတော့ မတ္တရာ ငယ်တိုးရွာအနောက်ဘက်ကိုကပ်ပြီး ငယ်တိုးနဲ့သဖန်းဒေါင့်ကို နေ့ခင်း ၁ နာရီလောက်ကစပြီး မီးရှို့တယ်။ ညနေ ၄ နာရီလောက်ကျ သံခွံနဲ့အထက်ကို ဆန်တက်တယ်။ တပြိုင်တည်း ရွာသာယာက ပျူတွေ၊ စစ်ခွေးတွေ က နောက်တွဲတွန်းသင်္ဘောတစီးနဲ့ အောက်ကိုဆင်းလာပြီးတော့ ၂ ဖွဲ့ပေါင်းပြီး စဉ့်ကူးနယ်က ကြက်တူရွေးရွာကို ဝင်စီးပြီး မီးရှို့တာတွေလုပ်တယ်။ အဲဒီကနေ ညပိုင်းကျတော့ သဲအင်းရွာကို ထွက်သွားတယ်” ဟု ရှင်းပြသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် စဉ့်ကူးမြို့နယ် ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး ၃ ရွာပေါင်းမှ နေအိမ် ၁၀ လုံး၊ သဲအင်းကျေး ရွာမှ ကျေးလက်ဆေးပေးခန်းတခုနှင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ရကြောင်း၊ မတ္တရာမြို့နယ် သဖန်းဒေါင့်နှင့် ငယ်တိုးကျေးရွာမှ မီးရှို့ခံရသည့်နေအိမ် အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
မတ္တရာမြို့နယ်ဘက်မှ စဉ့်ကူးဘက်သို့ စစ်ကြောင်းဝင်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့််လည်း ထိတွေ့မှုဖြစ်ပွား ခဲ့ကြောင်း၊ စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံများအနေဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများနှင့် မြစ်အလယ်ရှိ သောင်ခုံ၊ ကျွန်းများတွင် တိမ်းရှောင်ခိုလှုံနေရကြောင်း သိရသည်။
သဲအင်းဒေသခံတဦးက “အခုနောက်ပိုင်း စစ်ကြောင်းဝင်တာ ခပ်စိပ်စိပ်ဖြစ်လာလို့ ရွာကိုမပြန်ရဲသေးဘူး။ တောထဲမှာပဲ ဖြစ်သလိုနေနေကြရတာပေါ့။ ရွာကိုလည်း မီးရှို့ကြတယ်လို့သိရပေမယ့် ဘယ်လိုအခြေအနေ ရှိလဲဆိုတာတောင် မသိရ သေးပါဘူး။ နီးစပ်ရာရွာတွေက ပေးတာကမ်းတာလေးတွေနဲ့ပဲ လောလောဆယ်စားနေကြတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးကလည်း “ကြက်တူရွေးရွာက တော်တော်များများ အစောပိုင်းကတည်းက ရှောင်နေကြရ တာ။ ဝက်လက်နယ်ဘက်ကို တ်ိမ်းသွားကြတာ။ အချို့ကလည်း သောင်ခုံတွေ၊ ကျွန်းပေါ်တွေမှာ ခိုနေကြရတယ်။ ဝက်လက် နယ်ဘက်ဆိုရင် ကမ်းဖြူ၊ မှော်ဦး၊ ငါးပတ်ချောင်းရွာတွေဘက်ကို ရှောင်ကြတာများပါတယ်။ အရေးပေါ်စစ်ရှောင်ကြတာဆို တော့ လောလောဆယ်မှာ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။
အဆိုပါကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းမှာ အောက်တိုဘာ ၁၉ ရက်က မန္တလေးဘက်မှ သင်္ဘောဖြင့် ဆန်တက် လာသည့် စစ်ကောင်စီတပ်နှင့် ရွာသာယာကျေးရွာမှ ပျူစောထီးများသည် ဧရာဝတီမြစ်ရိုးရှိ ကျေးရွာများကို စီးနင်းကာ ပစ္စည်းများခိုးယူစဉ် ဟင်္သာမကျေးရွာအနီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့ရာ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး သေဆုံးခဲ့ခြင်း၊ စဉ့်ကူးမြို့နယ် ငှက်စားကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် ရွှေဒုန်း ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဗေဒါဆိုသူတို့ ပစ်ခတ်ရှင်းလင်းခံရမှုများကြောင့် လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။
You may also like these stories:
စဉ့်ကူးမြို့နယ်ကရွာများအား စစ်ကောင်စီ တိုက်ခိုက်ဖျက်ဆီး
ဧရာဝတီမြစ်ဘေးက ကျေးရွာများအား အာဏာသိမ်းတပ် ပစ်ခတ်တိုက်ခိုက်
ဝက်လက်ကို အာဏာသိမ်းတပ် စီးနင်းပစ်ခတ် ဒေသခံများ ထွက်ပြေးနေရ
စစ်ကိုင်း၌ စစ်ကြောင်းထိုးနေသော စစ်တပ် ဒေသခံ ၄ ဦးကို သတ်ဖြတ်