ရှမ်းပြည်နယ် မြောက်ပိုင်းအခြေစိုက် ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်သည့် ၁၀၂၇ စစ်ဆင်ရေး တစိတ်တပိုင်းအနေဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း၌ပါ စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိကြောင်း ယနေ့ တရားဝင်ကြေညာ လိုက်သည်။
စစ်ဆင်ရေး စသည့် အောက်တိုဘာ ၂၇ ရက်က ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုး တလျှောက် တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယနေ့ အထိလည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုထားသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ကျနော်တို့ AA တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ် နေပါတယ်၊ တိုက်ပွဲက အခုထိ ပြင်းထန်နေတုန်းပဲ၊ စစ်ကောင်စီက လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်၊ အသေးစိတ် ကတော့ လောလောဆယ် မသိရသေးဘူး” ဟု ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး AA နှင့် ပူးပေါင်းအဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှု အချို့ရှိကာ တိုက်ပွဲအရှိန် ဆက်လက်မြင့်နေကြောင်းလည်း ညီနောင်သုံးဖွဲ့က ပြောဆိုသည်။
ကချင်ပြည်နယ်နှင့် ထိစပ်နေသော ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း၌ ယခင်ကတည်းက ကချင်လွတ်မြောက်ရေး တပ်မ တော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် AA တပ်ဖွဲ့များ ပူးတွဲလှုပ်ရှားကာ တိုက်ပွဲများပြင်းထန်နေသည့် ဒေသတခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း ထီးချိုင့်မြို့အနောက်ဘက် မင်းဝံတောင်ကြောပေါ်နှင့် မြောက်ဘက်ရှိ ထန်းကုန်ကျေးရွာအနီး စစ် ကောင်စီနှင့် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီး အောက်တိုဘာ ၂၉ ရက်နှင့် ယနေ့တို့တွင်လည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယခုလို KIA တပ်ဖွဲ့များ လှုပ်ရှားရာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး တစိတ်တပိုင်းအနေဖြင့် စစ်ရေးဖော်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရည်မှန်းချက်၊ ပစ်မှတ်တူညီသည့် တော်လှန်ရေး အဖွဲ့အစည်းများကြား ကူညီ၊ ပူးပေါင်းလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း KIA ပြောရေးခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
၎င်းက “သူတို့ (မြောက်ပိုင်း ညီနောင်သုံးဖွဲ့) နဲ့ တနေရာတည်း၊ တခါတည်းနဲ့ တိုက်ပွဲကို ပူးပေါင်းပြီး ဆောင်ရွက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ရှိတဲ့နေရာမှာ အခွင့်အရေးကောင်းတဲ့ နေရာမှာကတော့ အချိန်မရွေး တိုက်ပွဲဝင်တာဖြစ်ပါ တယ်။ ရှမ်းပြည်မြောက်ပိုင်းဘက်မှာလည်း ကျနော်တို့လည်းအတတ်နိုင်ဆုံး သက်ဆိုင်တဲ့နေရာတွေမှာ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ သူတို့လည်း ပစ်မှတ်တွေတူနေကြတာပဲ။ ရည်ရွယ်ချက်တွေ တူနေကြတာပဲ။ ပူးပေါင်းသင့်တဲ့နေရာ ပူးပေါင်း တယ်။ ကူညီသင့်တဲ့နေရာ ကူညီလုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်-မုံးကိုးဒေသအတွင်းရှိ စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ-၅၆၇) အခြေချတပ်စွဲထားသည့် ဝိန်းလာတောင်တပ်စခန်းအား KIA တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အချို့ကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့သည်။
ထိုစခန်းသိမ်းတိုက်ခိုက်မှုကို တုံ့ပြန်မှုအနေဖြင့် စစ်ကောင်စီဘက်က အောက်တိုဘာ ၂၀ ရက်ညပိုင်းတွင် မူဆယ်ဒေသရှိ KIA တပ်မဟာ ၆ ဌာနချုပ် ပတ်ဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင် ၅ ဦးခန့် သေဆုံးခဲ့ရသည်။
လက်ရှိ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ စစ်ဆင်ရေး ၄ ရက် မြောက်နေ့တွင်လည်း မုံးကိုးဒေသနှင့် နောင်ချို၊ ကွမ်းလုံ၊ သိန္နီမြို့နယ်များအတွင်း တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။
ယနေ့စစ်ဆင်ရေးတွင် မုံးကိုးဒေသအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး ၅ ခုအား တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး သိန္နီရဲခစန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့်အပြင် မိုင်းလီတပ်အား သိမ်းပိုက်နိုင်ခဲ့ ကြောင်းနှင့် နောင်ချိုမြို့နယ်ကိုလည်း ပူးပေါင်းတပ်များက ဝိုင်းပတ် ပိတ်ဆို့ထားကြောင်း ညီနောင်မဟာမိတ်ဘက်က ကြေညာထားသည်။
MNDAA ပြောခွင့်ရှိသူ ကိုရန်ရန်က “ ဒီနေ့ စစ်ဆင်ရေးကတော့ အဓိကအနေနဲ့ မုံးကိုး(ဖောင်းဆိုင်)ဘက်ရယ်၊ သိန္နီမြို့မှာ စစ်ရေးဖော်ဆောင်တာရှိတယ်၊ မုံးကိုးဘက်ကတော့ ဒီနေ့ တပ်စခန်း အကြီး၊အသေး စုစုပေါင်း ၅ ခုသိမ်းနိုင်ခဲ့ပြီ။ သိန္နီမှာ ကျတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စီးနင်းချေမှုန်းခဲ့တာတော့ အတည်ပြုပေးနိုင်ပါတယ်” ဟု ယနေ့ မွန်းလွဲ ပိုင်းတွင် ပြောသည်။
အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၃ ရက်တာ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ထံမှ စစ်သုံ့ပန်း ၃၇ ဦးဖမ်းဆီးရမိခဲ့ကာ၊ နန်ကျွမ်းပြည်သူ့စစ်အဖွဲ့ကို ပြည်လည်စည်းရုံး၍ အင်အား ၃၀ ကျော် MNDAA ၏ ပြည်လည်ဖွဲ့စည်းမှုကို လက်ခံခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းပေါင်းများစွာလည်း မဟာမိတ်အဖွဲ့မှ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့် ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ညီနောင် မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်